www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 27, 2017

၂၀၁၇ ခုနှစ် ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း နှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း၊ ရေ၊ လေ) 
အားကစားပြိုင်ပွဲ များတွင် ဆုအများဆုံးရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) 
ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်စဉ်

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော
 မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဆုဖလား နှင့်
 ငွေသားဆုများအား ပေးအပ်ချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ၊ 
အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ 
(က)အဆင့် ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးစဉ် 

နေပြည်တော် ၊ ၂၇-၂-၂၀၁၇

၂၀၁၇ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မမှူးများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင် ပရိသတ်များ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲမစတင်မီ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီ တေးဂီတအဖွဲ့မှ တေးသံသာများဖြင့် သီဆိုဖျော်ဖြေ ကြသည်။

ထို့နောက် တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့်ဗိုလ်လုပွဲ အဖြစ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ အခမ်းအနားသို့ တက်ရောက် လာကြသူများက ကြည့်ရှုအားပေး ကြသည်။

ပြိုင်ပွဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့သည် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး ပွဲအပြီးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းက ၁ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ သွားသည်။

၎င်းနောက် ဇေယျာသီရိ တပ်မတော် အားကစားကွင်း အတွင်းသို့ တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းအဖွဲ့ဝင် များက ၀င်ရောက်နေရာယူ ကြကာ စစ်ချီသီချင်းများနှင့် ကိုယ်စား ပုံဖော်ပြသခြင်း များကို  အသီးသီး သရုပ်ပြသ ကြသည်။

ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့၊ အားကစားအသင်း ၁၇ သင်းနှင့် ဆုရဘောလုံးအသင်း ၆ သင်းတို့သည် ဇေယျာသီရိ တပ်မတော် အားကစားကွင်း အတွင်း ၀င်ရောက် နေရာယူကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု ရရှိသည့် အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း၊ (က) အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု ရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ (ခ)အဆင့် ပြိုင်ပွဲတွင် တတိယဆု ရရှိသော အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်းနှင့် (က)အဆင့် ပြိုင်ပွဲတွင် တတိယဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း တို့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက လည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း နှင့် (က)အဆင့် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း တို့အား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကလည်းကောင်း၊ (ခ) အဆင့်ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု များနှင့် (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု အသင်းအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်းကောင်း၊ (က)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု များနှင့် (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းအား နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

၎င်းနောက် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ(ခ) အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု အသင်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော်(ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ (က) အဆင့်ပြိုင်ပွဲတွင် ပထမဆု ရရှိသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဆုဖလား နှင့် ငွေသားဆုများအား ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ များတွင် ရွှေတံဆိပ်(၁၁၆) ဆု၊ ငွေတံဆိပ်(၅၇) ဆုနှင့် ကြေးတံဆိပ်(၄၉) ဆု၊ စုစုပေါင်း ဆုတံဆိပ် (၂၂၂)ဆုဖြင့် ဆုအများဆုံးရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်းအား တံခွန်စိုက်ဒိုင်းဆု နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ရာ အသင်း အုပ်ချုပ်သူ အရာရှိက လက်ခံရယူသည်။

ဆုချီးမြှင့်ခြင်း အခမ်းအနားအပြီးတွင် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့၊ အားကစား အသင်း(၁၇)သင်းနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) ကိုယ်စားပြု စစ်တီးဝိုင်းများက စစ်ကြောင်းပုံဖြင့် ချီတက်၍ ပရိသတ် များအား လက်ဝှေ့ရမ်းနှုတ်ဆက်ပြီး ဇေယျာသီရိ တပ်မတော် အားကစားကွင်း အတွင်းမှ ပြန်လည် ထွက်ခွာကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ အခမ်းအနားသို့ တက်ရောက် လာကြသော ဧည့်ပရိသတ်များက ပြန်လည်လက်ပြ နှုတ်ဆက်ကြသည်။


ထို့နောက် အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူး၊ မီးပန်းများ ပစ်ဖောက်၍ ၂၀၁၇ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger