www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 7, 2017

သတိ နွေမပေါက်မီ သူရောက်လာချေပြီ


သတိ နွေမပေါက်မီ သူရောက်လာချေပြီ

ဆောင်းနှောင်း အခါသမယ တပို့တွဲလတွင် ပေါက်ပန်းတို့ ပွင့်ကြသည်။ ပေါက်ပန်းပွင့် သည် နီရဲသော အရောင်ရှိသဖြင့် အမြင်အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိသော်လည်း ရနံ့ မရှိချေ။ ပေါက်ပင်၏ အရွက်တို့က အစိမ်းရောင် ရှိသဖြင့် အစိမ်းနှင့်အနီ တို့ အလှပြိုင်သော ပေါက်ပင်ပေါ်သို့ ကြက်တူရွေးငှက်များ ဝင်ရောက်နားခို သောအခါ ပေါက်နှင့် ကျေး ခွဲခြားမရအောင် ရောနှောသွားသည်ကို ဥပမာပြု၍ ပြည်ထဲအရေး ပေါက်နှင့်ကျေး သို့ဟု ဆိုကြပေသည်။

တပို့တွဲလတွင် ပေါက်ပင်တို့က နီရဲသောအပွင့်များ ပွင့်ကြသကဲ့သို့ လက်ပံပင်တို့ သည်လည်း ရဲရဲနီအောင် ပွင့်ကြသဖြင့် တော၏သာယာပုံ ဆန်းသကဲ့သို့ ရှေးခေတ်အခါက တပို့တွဲလသည် ''တပို့တွဲလ ကျွဲချိုဖျား ဆတ်ဆတ်ခါ'' ဆိုရလောက်အောင် အေးမြသော ရာသီဖြစ်သည်။ ဤမျှအေးမြသော ရာသီတွင် ဂေါတမ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က နံ့သာထင်းများကို မီးပုံဖွဲ့ပူဇော် ကြသည်ကို အကြောင်းပြု၍ ပုဂံခေတ်က ရေးထိုးခဲ့သော စောလှဝန်းကျောက်စာ ၌ မီးဖုန်းသင်္ကြန် ဟူသော ဝေါဟာရကို တွေ့ရသည်။

မျက်မှောက်ကာလတွင် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာခြင်းကြောင့် တပို့တွဲလ၏ အပူချိန်မြင့်တက် လျက်ရှိရာ တပို့တွဲလဆန်း ၁ ရက်တွင် နေပြည်တော်၏ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီ ဆဲလ်စီးယက်၊ ရန်ကုန် ၂၁ ဒီဂရီ ဆဲလ်စီးယက် နှင့် မန္တလေး ၁၇ ဒီဂရီ ဆဲလ်စီးယက် တို့အသီးသီး ရှိကြပြီး တပို့တွဲလဆန်း ၁ဝ ရက်တွင် နေပြည်တော် ၁၆ ဒီဂရီ ဆဲလ်စီးယက်၊ ရန်ကုန် ၁၈ ဒီဂရီ ဆဲလ်စီးယက် နှင့် မန္တလေး ၁၃ ဒီဂရီ ဆဲလ်စီးယက် အသီးသီးရှိ ကြသည်။

တပို့တွဲလဆန်း ၆ ရက် (ဖေဖော်ဝါရီ ၂ ရက်) တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၆) ရပ်ကွက် ဇေယျာခေမာလမ်း နှင့် ဆွေဗမာလမ်းသွယ် (၅)၌ ည ၉ နာရီ ခွဲခန့်မှ ည ၁ဝ နာရီ မိနစ် ၄ဝ အထိ မီးလောင်သဖြင့် အိမ်ခြေ ၂၉ လုံး မီးလောင်ဆုံးရှုံး သွားရာ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ရပြီး သက်ကြီးရွယ်အို တစ်ဦး သေဆုံးကြောင်း ကနဦး သတင်းအရ သိရသည်။ မီးလောင်ကျွမ်း ရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးဆဲ ရှိသေးသော်လည်း ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် ၂၂၇ သိန်းကျော် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ အတွင်း မီးလောင် သတင်းများမှာ မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြလို့ကျေးရွာ၌ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁ဝ နာရီတွင် ထမင်းပေါင်းအိုး တည်ထားရာမှ ဝါယာရှော့ခ် ဖြစ်ပြီး နေအိမ်တစ်လုံး မီးစွဲလောင်ခံ ရသည်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ အမှတ်(၄)ရပ်ကွက် ပတ္တမြားမင်း ကျောင်းအနီးရှိ ရွှေကူ-ဆင်တပ် စက်လှေကူးတို့ဆိပ် တွင် စက်လှေတစ်စင်း စက်နှိုးနေစဉ် အင်ဂျင်မှ မီးလောင်သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဖြစ်ခဲ့သဖြင့် လူထိခိုက်မှုမရှိ သော်လည်း စက်တပ်လှေ တစ်စင်းဆုံးရှုံး သွားသည်။ ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၇) ရပ်ကွက် နဝဒေး လမ်းလယ်ကွင်း အစပ်အနီးရှိ နေအိမ် တစ်အိမ်၌ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် မီးသွေးမီးဖို မီးကြွင်းမီးကျန် မှတစ်ဆင့် ဝါးထရံသို့ မီးကူးစက် လောင်ကျွမ်းသဖြင့် နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးသွားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် အလုံရပ်ကွက် မင်းဒေါက် နယ်မြေရှိ ချင်းတွင်း မြစ်ကူးတံတား အနီးတွင် ဖေဖော်ဝါရီ ၃ ရက် ညနေ ၅ နာရီခန့်က ဆီရောင်းချသော တိုက်ခန်း မီးလောင်ရာမှတစ်ဆင့် အခြားတိုက်ခန်း များသို့ ကူးစက် လောင်ကျွမ်း သော်လည်း လူမနေသော တိုက်ခန်းများ ဖြစ်ကြောင်း သိရသည်။ မီးလောင်သည့် နေရာသို့ မုံရွာမြို့ရှိ တိုင်းမီးသတ် ဦးစီးဌာန၊ မြို့နယ်နှင့် အလုံရပ်ကွက်တို့မှ မီးသတ်ယာဉ် များဖြင့် သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၁ဝ၂ ဦးက ငြှိမ်းသတ်ကြသည်။ မီးလောင်ပြင်သို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်မတော်သား ၁၃၆ ဦးတို့က တပ်ပိုင်ယာဉ်များ ဖြင့်လာရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ကြသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ လက်ကောက် ဈေးအုပ်စု ကန်ချေစုရပ်ကွက်၌ ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီခွဲတွင် ရေနွေးအိုး တည်ထားရာမှ အပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်ပြီး အခြားအိမ်များသို့ ကူးစက် လောင်ကျွမ်းရာ စုစုပေါင်းနေအိမ် ရှစ်လုံး ဆုံးရှုံးသွားသဖြင့် လူဦးရေ ၄၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်။

ဆောင်းနှောင်း ကာလ တပို့တွဲလအတွင်း မီးလောင်ဆုံးရှုံးမှု ဖြစ်စဉ်များမှ ဆုံးရှုံးမှု အများဆုံး မရမ်းကုန်းမြို့နယ် ဖြစ်စဉ်မှာ မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေး သော်လည်း အသက် ၈၇ နှစ်အရွယ် လေဖြတ်ဝေဒနာ ခံစားနေရသော သက်ကြီးရွယ်အို တစ်ဦး အသက်ဆုံးရှုံး သွားသည်။ အခြားဖြစ်စဉ်များမှာ မီးကိုပေါ့ဆစွာ သုံးစွဲခြင်းနှင့် မီးကူးစက် လောင်ကျွမ်းရန် လွယ်ကူသော လောင်စာရှိသည့် နေရာတွင် မီးအန္တရာယ်ကို အလေးမထားခြင်း တို့ကြောင့် မီးလောင်ဆုံးရှုံး ရခြင်းဖြစ်သည်။

ဆောင်းနှောင်းကာလ တပို့တွဲ လကုန်လျှင် ရာသီစက်ဝန်းက နွေဦးကာလ မြူထသော တပေါင်းလသို့ ပြောင်းပေတော့မည်။ မြို့နယ် မီးသတ်ဦးစီးဌာန များက လူအသင့်၊ ယာဉ်အသင့်၊ စက်သုံးဆီအသင့်၊ ရေအသင့်ဟူသော သင့် (၄)သင့် အစဉ်အမြဲ ပြင်ဆင်ထားကြ သကဲ့သို့ သူခိုးခိုးတော့ အစုတ်ကျန်၊ မီးလောင်တော့ အပြုတ်နှံ ဆိုစကားအရ ပြည်သူ များကလည်း မည်သူ့ကိုမျှ မညှာသော မီးအန္တရာယ် သတိရှိကြရန် လိုကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger