Russian navy ships launch cruise missiles at targets in Syria from the Caspian Sea
( ရှိန်းထက် )
ဇန်နဝါရီ ၁ဝ ရက်တွင် ပါကစ္စတန် အစိုးရက ရေငုပ်သင်္ဘော ပေါ်မှ ဒုံးကျည်ပစ်လွှတ် နိုင်သည့် နည်းပညာကို ပိုင်ဆိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပါကစ္စတန်စစ်တပ် အတွက် အဓိကလိုအပ် နေသည့် အခန်းကဏ္ဍကြီး တစ်ခုကို ဖြည့်ဆည်းပေး နိုင်ခြင်းဖြစ်သည်။
ပါကစ္စတန်တွင် ထိုကဏ္ဍမှာ အားနည်းခြင်းကြောင့် နိုင်ငံတကာ စစ်ရေးသုံးသပ်သူ များက အိန္ဒိယနှင့် ဖြစ်လာနိုင်သည့် စစ်ပွဲများတွင် ပါကစ္စတန်တို့ ရှုံးနိုင်သည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။ ပါကစ္စတန်သည် တာဝေးပစ် ဒုံးကျည်နှင့် နျူကလီးယားကို ပိုင်ဆိုင်ထားသည်။ သို့သော် အိန္ဒိယက ၄င်းပိုင်သည့် အရေအတွက်ထက် ပိုများသည့် စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများ ရှိထားသည်။ နည်းပညာအရ ပါကစ္စတန်တို့ အိန္ဒိယ ကိုမမီသေးချေ။ ယခုတော့ စစ်ဘက်အတွက် အဓိကကျသည့် ရေငုပ်သင်္ဘော ပေါ်မှ ဒုံးကျည် ပစ်ခတ်နိုင်သည့် နည်းပညာကို ပါကစ္စတန် တို့ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ အိန္ဒိယနှင့် စစ်ဖြစ်လျှင် ပါကစ္စတန်တို့ တစ်ခုတည်းသော လုပ်ရမည့် အရာမှာ နယူးဒေလီ ကိုဖြိုနိုင်ရန် ဖြစ်သည်။ နယူးဒေလီရှိ စစ်ဌာနချုပ် ကို တိကျစွာ ဖြိုနိုင်စွမ်းရှိမှ ပါကစ္စတန်တို့ အောင်မြင်နိုင်ခြေ ရှိမည်။
ထိုသို့ မဟုတ်ပါက ပါကစ္စတန်တို့ အိန္ဒိယ၏ တန်ပြန်တိုက်စစ် ဆင်မှုကြောင့် စစ်ရှုံးရမည်ဟု စစ်ရေး လေ့လာသူများက ဆိုထားသည်။ အိန္ဒိယတွင် ပါကစ္စတန်ထက် ပိုများသည့် ရေငုပ်သင်္ဘော အရေအတွက် ရှိသည်။ ထို့ပြင် ဖြစ်ခဲ့သမျှ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲများတွင် ယခင် ကတည်းက အိန္ဒိယတို့က ပါကစ္စတန်ကို နိုင်ခဲ့သည်။ ထိုအချိန်တုန်း ကတော့ အိန္ဒိယဘက်က အမာခံ မဟာမိတ်မှာ ရုရှားဖြစ်ပြီး ပါကစ္စတန်ဘက် က ဆော်ဒီအာရေဗျ၊ အမေရိကန်နှင့် အင်္ဂလန်တို့ ဖြစ်သည်။
ရုရှား၏ ကျောထောက် နောက်ခံရှိသော အိန္ဒိယကို ပါကစ္စတန်တို့ အရှုံးကြီးရှုံး ရသည်။ ဒုတိယ ကမ္ဘာစစ်ပြီး ကတည်းက အကြီးမားဆုံး တိုက်ပွဲများကို အိန္ဒိယနှင့် ပါကစ္စတန်တို့ ဆင်နွှဲခဲ့ကြသည်။ ၁၉၆၅ ခုနှစ်တွင် နှစ်နိုင်ငံ အကြီးမားဆုံး တင့်ကားတိုက်ပွဲ ကိုလည်း ဆင်နွှဲသည်။ လူပေါင်း ထောင်ချီသေဆုံး ခဲ့ရသည်။
ထို့နောက် ၁၉၇၂ ခုနှစ်တွင် နောက်ထပ်စစ်ပွဲတစ်ခုထပ်ဖြစ်ပြန်သည်။ သမိုင်းတွင်မည့် နောက်ထပ်စစ်ပွဲ တစ်ခုလည်း ဖြစ်သည်။ အရှေ့ဘက်ကနေ ပါကစ္စတန်စစ်တပ် အလုံးအရင်းဖြင့် ဝင်တိုက်သည်။ မိုင်ပေါင်း ၆ဝဝဝ ကျော်အထိ ပါကစ္စတန်တို့ ဝင်ရောက်သိမ်းပိုက် နိုင်ပြီးနောက်ပိုင်း တဖြည်းဖြည်းနှင့် အိန္ဒိယတို့၏ ပြန်လည် သိမ်းပိုက်မှုကို ခံရသည်။ နှစ်ပတ်ခန့်ကြာသည့် ထိုစစ်ပွဲသည် ဒုတိယကမ္ဘာစစ်ပြီး ကတည်းက အကြီးမားဆုံး စစ်သုံ့ပန်းများ ဖမ်းဆီးရမိသည့် စစ်ပွဲအဖြစ် မှတ်တမ်းဝင် ခဲ့သည်။
လူပေါင်း ထောင်ချီ သေဆုံးကာ ပါကစ္စတန် စစ်ဘက်နှင့် ပြည်သူပေါင်း ၉ဝဝဝဝ အဖမ်းခံရသည်။ ပါကစ္စတန် စာရေးဆရာ တစ်ဦး၏အဆိုအရ ထိုစစ်ပွဲတွင် ပါကစ္စတန်တို့ ရေတပ်အင်အား တစ်ဝက် ဆုံးရှုံးရပြီး လေတပ်အင်အား လေးပုံတစ်ပုံ အပါအဝင် ပါကစ္စတန်စစ်တပ် ၏ သုံးပုံတစ်ပုံကို ဆုံးရှုံးရသည်။
ထို့နောက် ၁၉၉၉ ခုနှစ်တွင် ကာဂီစစ်ပွဲ ထပ်ဖြစ်ပြန်သည်။ ကာဂီခရိုင်ကို ပါကစ္စတန် တို့ ဝင်ရောက် သိမ်းပိုက်သည့် စစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲတွင် ပါကစ္စတန်စစ်သည် ၄ဝဝဝ ကျော် သေဆုံးခဲ့ပြီး ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ် ကိုယ်တိုင်ပင် ပါကစ္စတန်တို့ အိန္ဒိယ ကိုစစ်ရှုံးသည်ဟု ကြေညာခဲ့ ရသည်။
ယခုတော့ ခေတ်သစ် နျူကလီးယား ပြိုင်ပွဲထဲတွင် အဓိကဇာတ်ဆောင် နှစ်ဦး ဖြစ်နေပြန်သည်။ ပါကစ္စတန်က ပထမဆုံး နျူကလီးယား တိုက်ခိုက်ရေး မူဝါဒကို ကိုင်စွဲပြီး အိန္ဒိယတို့က ပထမဆုံး နျူကလီးယား မတိုက်ခိုက်ရေး မူဝါဒကို ကိုင်စွဲထား ကြသည်။
သို့သော် ၁၉၇၄ ခုနှစ်တွင် အိန္ဒိယတို့ နျူကလီးယားကို စတင်ပိုင်ဆိုင်သည့် အချိန်နှင့် ၁၉၈ဝ ပြည့်နှစ်တွင် ပါကစ္စတန်တို့ နျူကလီးယားကို စတင်ပိုင်ဆိုင်သည့် အချိန် နောက်ပိုင်းခေတ် များတွင် အိန္ဒိယက နျူကလီးယား တစ်ခါစမ်းလျှင် ပါကစ္စတန်က တစ်ခါ လိုက်စမ်းသည်။ နှစ်ခါစမ်းလျှင် နှစ်ခါ လိုက်စမ်းသည်။ တပ်ဆင်မှုများ ကလည်း အပြိုင်အဆိုင် ဖြစ်ခဲ့ကြသည်။
သို့သော် ၁၉၉၉ ခုနှစ် စစ်ပွဲတွင် နျူကလီးယားစစ်ပွဲ မဖြစ်ခဲ့ခြင်းကို လူတိုင်းက ရင်အေးခဲ့ ရသည်။ နောက်ပိုင်း စစ်ပွဲများတွင် ပါကစ္စတန်တို့၏ မဟာမိတ် အမေရိကန် ကိုယ်တိုင်ပင် ပထမ နျူကလီးယား တိုက်ခိုက်ရေး မူဝါဒ ကိုင်စွဲထားသော ပါကစ္စတန်ကို ဖိအားပေး ခဲ့သည်။ ယခု မဟာမိတ်များက ပြောင်းပြန် ဖြစ်သွားသည်။ ပါကစ္စတန်က တရုတ်၏ နောက်ခံနှင့် စစ်ရေးကို တိုးချဲ့ရန် ပြင်ဆင်နေသည်။
သမိုင်းရှည် မဟာမိတ် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာနေပြီး ယခုအိန္ဒိယ စစ်ဘက်ကို အမေရိကန်က ထောက်ခံလာ နေသည်။ စစ်ပွဲတစ်ပွဲ ဖြစ်လျှင် ကုန်း၊ ရေ၊ လေ အင်အားဟန်ချက် ညီနေရမည်။ မြေပြင်ပစ် ဒုံးစင်များ ဝေးလွန်းလျှင် တိကျသည့် ပစ်မှတ်ကို ထိရောက်အောင် စွမ်းဆောင်နိုင်ရန် သိပ်မသေချာပေ။ ယခုအခါ ပင်လယ်ထဲမှ ရေငုပ်သင်္ဘော များက ထို အားနည်းချက်ကို ဖြည့်ဆည်းပေး နိုင်သည်။
ရေလက်ကြားများ ထဲသို့ပင်ဝင်ပြီး စစ်ဆင်ရေးများကို ပြုလုပ်နိုင်သည်။ ပါကစ္စတန်တို့ က နျူကလီးယားပင် သယ်ဆောင် ပစ်ခတ် နိုင်သည်ဟု ဆိုထားပြီး အသုံးပြုခဲ့သည့် Babur-3 ဒုံးကျည်သည် ကီလိုမီတာ ၄၅ဝ အထိ ရောက်ရှိနိုင်သည်။ Babur-3 အမျိုးအစား ဒုံးကျည်သည် မြေပြင် အခြေစိုက် ပစ်လွှတ်သည့် ဒုံးအမျိုးအစား ဖြစ်ပြီး ပါကစ္စတန် တို့က အသွင်ပြောင်း ထားခြင်းဖြစ်သည်။ ရေငုပ်သင်္ဘော ပေါ်မှ ဒုံးကျည်ပစ်လွှတ် နိုင်ရန် ပါကစ္စတန်တို့ ၂ဝ၁၂ ခုနှစ် ကတည်းက အသည်းအသန် ကြိုးစားနေခြင်း ဖြစ်သည်။ အိန္ဒိယတို့ ကတော့ ရုရှား နည်းပညာဖြင့် ပါကစ္စတန် တို့ထက်စောပြီး ထိုနည်းပညာကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။ အိန္ဒိယတို့ ၏ ရေငုပ်သင်္ဘော ပေါ်မှ ပစ်လွှတ်နိုင်သည့် ဒုံးကျည် အကွာအဝေးမှာ ကီလိုမီတာ ၃ဝဝဝ ကျော်အထိ ရှိသည်။
ပါကစ္စတန်တို့ လိုက်မီရန် လိုသေးသည်။ သို့သော် ထပ်ဆင့်ဖွံ့ဖြိုးမှု ပြုလုပ်လျှင် မကြာမီ အချိန်အတွင်း မိုင်ပေါင်း ထောင်ချီသည့် အကွာအဝေးကို ရောက်ရှိ လာနိုင်သည်။ ယခုတော့ အိန္ဒိယစစ်ဘက် အတွက် ပါကစ္စတန်ကို စစ်ရေးတွင် ထည့်သွင်း စဉ်းစားစရာတစ်ခု တိုးလာပြီ ဖြစ်သည်။ ယခင်တုန်းက အာဖရိကကို ရောင်းမည့် ရေငုပ်သင်္ဘော များကို ကုလသမဂ္ဂက ပိတ်ပင် လိုက်သည့်အတွက် ပြင်သစ်တို့ ဆီမှ ပါကစ္စတန် တို့ ရရှိခဲ့သည်။ ထို ရေငုပ်သင်္ဘော များသည် တော်ပီဒို လောက်ကိုသာ ပစ်နိုင်သောကြောင့် အိန္ဒိယတို့ ထည့်သွင်း စဉ်းစားစရာ မလိုတော့ပေ။ ယခုတော့ နျူကလီးယား သယ်ဆောင် ပစ်ခတ်နိုင်သည့် အဆင့်ကိုပင် ပါကစ္စတန်တို့ ရောက်လာပြီ ဖြစ်သည်။ ပါကစ္စတန် ရေငုပ်သင်္ဘော များကို အိန္ဒိယတို့က အချိန်ပြည့် စောင့်ကြည့်ရန် လိုလာတော့သည်။
ရေငုပ်သင်္ဘော ပေါ်မှ ဒုံးကျည်ပစ်လွှတ် နိုင်စွမ်းအားကို ၂ဝ၁၅ ခုနှစ်တွင် ရုရှားတို့ကြောင့် နိုင်ငံတကာက မြင်တွေ့လိုက် ရသည်။ မြေထဲပင်လယ် ထဲသို့ ရောက်နေသည့် ရုရှား ရေငုပ်သင်္ဘောက အီရတ်ကို ဖြတ်ပြီး ဆီးရီးယားထဲရှိ ပစ်မှတ်များကို ကီလိုမီတာ ထောင်ချီဖြတ်ပြီး ပစ်ခတ်ပြခဲ့သည်။ ခေတ်သစ် ရေငုပ်သင်္ဘော ပေါ်မှ ပစ်ခတ်ပြခဲ့သည့် ရုရှားတို့၏ ရေတပ်စွမ်းအား ဖြစ်သည်။
ထိုဒုံးကျည်ထိပ်ဖူး များတွင် နျူကလီးယား တပ်ဆင် လိုက်ပါက ရေငုပ်သင်္ဘော များသည် ရွေ့လျား ဒုံးပစ်စင်များ ဖြစ်လာမည် ဖြစ်သည်။ တစ်ကမ္ဘာလုံးကို လှည့်လည်ပြီး ရေငုပ်သင်္ဘော များနှင့် နျူကလီးယား စစ်ပွဲကို ဝင်ရောက်ဆင်နွှဲ နိုင်သည်။ ထို့ကြောင့် ပါကစ္စတန်တို့ အသည်းအသန် လိုချင်ခဲ့သော ထိုနည်းပညာကို ရရှိနိုင်ခြင်းကြောင့် အိန္ဒိယတို့၏ စိုးရိမ်မှုမှာ ထပ်တိုးလာရခြင်း ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)
No comments:
Post a Comment