www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 4, 2016

Suzuki နှင့် Nissan ကုမ္ပဏီများမှ ပြည်တွင်း၌ မော်ဒယ်မြင့် ဆလွန်းကားများ ရောင်းချမည်



ရန်ကုန် ၊ ၄-၁၁-၂၀၁၆

ဂျပန်နိုင်ငံ၏ နာမည်ကြီး ကားကုမ္ပဏီများ ဖြစ်သည့် Suzuki နှင့် Nissan ကုမ္ပဏီများမှ မကြာမီ ၄င်းတို့၏ နောက်ဆုံး ထုတ်လုပ်ထားသည့် မော်ဒယ်မြင့် ဇိမ်ခံဆလွန်းကား အမျိုးအစားသစ် များကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် ပြည်တွင်း၌ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုရောင်းချမယ့် ကားအမျိုးအစား က မြန်မာနိုင်ငံထဲ မှာပဲ ထုတ်လုပ်ထားတဲ့ ၂ဝ၁၇ မော်ဒယ်မြင့် ဇိမ်ခံ ဆလွန်းကား အမျိုးအစားပါ။ ဈေးနှုန်း ကိုလည်း ပြည်သူတွေ ဝယ်ယူစီးနင်း နိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချ ပေးသွားမှာပါ။ Suzuki ကုမ္ပဏီ အနေနဲ့ နောက်ပိုင်းမှာ လည်း မော်ဒယ်မြင့် ဇိမ်ခံကား အမျိုးအစား သစ်တွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး ရောင်းချ သွားမှာပါ'' ဟု Suzuki (Myanmar) Motor ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Takayuki Sugiyama ကပြောသည်။

Suzuki ကုမ္ပဏီမှ ရောင်းချမည့် ယာဉ်များကို Suzuki Ciaz ဟု အမည်ပေး ထားသည်။ အဆိုပါ ကုမ္ပဏီနှစ်ခုမှ မြန်မာနိုင်ငံရှိ စက်ရုံများ၌ ပထမဆုံး ထုတ်လုပ်သည့် မော်ဒယ်မြင့် ဇိမ်ခံ ဆလွန်းကား Suzuki Ertiga ကို ငွေကျပ် ၂ဝ၉ သိန်းဖြင့် ၂ဝ၁၅ ခုနှစ် အတွင်းက ရောင်းချခဲ့ကြောင်း သိရသည်။

Nissan ကုမ္ပဏီမှလည်း ၄င်းတို့၏ အမှတ်တံဆိပ် ကို မြန်မာနိုင်ငံ အတွက် တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားသည့် Tan Chong Motor (Myanmar) ကုမ္ပဏီမှ တစ်ဆင့် ၁ ဒသမ ၅ လီတာ အင်ဂျင် အမျိုးအစား တပ်ဆင်ထားသည့် 1.5L SL (ALT) ၊ 1.5L SU (AT) နှင့် 1.5L (MT) အမျိုးအစား သုံးမျိုးကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာ ပလာဇာ၌ အမေရိကန် ဒေါ်လာ ၁၅၉၈၈ ဒေါ်လာဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger