နံနက်စောစော ထမင်းရည်သောက်ခြင်းဖြင့် ပိန်စေနိုင်
ကြည်လွင်မြင့် (မုဒြာ)
နံနက်စောစော စားသောက်သော အစာအာဟာရ သည် လူကိုခွန်အား ဖြစ်စေပြီး ဝဖြိုး စေနိုင်သည်။ ငယ်စဉ်အခါတွင် ခွန်အား ပြည့်ဖြိုးပြီး ထွားကျိုင်းစေရန်၊ မှတ်ဉာဏ်၊ ထိုးထွင်းဉာဏ် ရင့်သန်စေရန် အတွက် နံနက်စာကို သားငါး၊ အသီးအရွက် အစုံပါအောင် ကျွေးသင့်သည်။ အနောက်တိုင်း သုတေသီများ၏ နောက်ဆုံး တွေ့ရှိချက်အရ ကြက်ဥကိုပင် နေ့စဉ်တစ်လုံး အနှစ်ပါ စားသုံးခြင်းဖြင့် ကိုယ်ခံအား ပို၍ကောင်းပြီး ရောဂါကူးစက်မှု များကိုပင် ခံနိုင်ရည် ရှိစေနိုင်သည် ဟု ဆိုသည်။
သို့သော် အသက် ၄ဝ ကျော်လာသော အခါ လိုအပ်သည်ထက် ပိုပြီး ဝဖြိုး လာသောအခါ သွေးစစ်ကြည့်၍ အဆီဓာတ် များလာသောအခါ ကျန်းမာရေး အတွက် နံနက်စာ အာဟာရကို လျှော့စားသင့်သည်။ ဖြစ်နိုင်လျှင် အဆီ၊ အသား တွဲနေသော အစာများကို ရှောင်သင့်သည်။ ထမင်းစားလျှင်လည်း ဆန်စေးကို ရှောင်ပြီး ဆန်ကြမ်းကို စားလျှင် ဆီးချို၊ သွေးတိုးရောဂါ ဘေးမှ ကင်းဝေး နိုင်သည်။ ထမင်းကို တစ်ဝကြီး မစားတော့ဘဲ ပန်းကန်ပြား တစ်ချပ်၏ လေးပုံတစ်ပုံသာ စားလျှင် အဝလွန်ခြင်းမှ ကာကွယ်နိုင် ပေသည်။
ကျန်းမာရေး ကောင်းပြီး အသက်ရှည် ကြသော ရှေးမြန်မာ များ၏ နံနက်စာ အာဟာရမှာ ထမင်းရည် ပင်ဖြစ်သည်။ ထမင်းချက်လျှင် မြေအိုးနှင့် ချက်ကြသည်။ ထမင်းရည် ငှဲ့ပြီးသောအခါ မြေစလောင်းဖုံး အချွန်အတွင်းသို့ မောက်တက် လာသော ထမင်းဦးပေါင်းကို ဘုရားဆွမ်းတော် တင်ကြသည်။ ယခုခေတ် လူငယ်များမှာ ထမင်းဦးပေါင်းကို မမြင်ဖူး ကြတော့ပေ။ ဒန်အိုး၊ ထမင်းပေါင်းအိုး တို့ဖြင့် ချက်ကြသဖြင့် ဦးပေါင်းကို မမြင်ဖူးကြခြင်း ဖြစ်သည်။ ထမင်းဦးပေါင်း သည် အလွန် မွှေးသည်။ တချို့က ရဟန်းသံဃာများ လောင်းလှူသော အခါ ဆွမ်းနံ့ မွှေးစေရန် ဆွမ်းမွှေးရွက် ခေါ် အရွက်တစ်မျိုးကို ထည့်ချက်လေ့ ရှိသည်။ ထမင်းဦး ပေါင်း၏ ရနံ့မှာ မြေအိုးဖြင့် ချက်သောကြောင့် မြေသင်းနံ့ ရသည်ဟု ဆိုနိုင်သည်။ ထိုမြေသင်းနံ့သည် ပထဝီဓာတ် ဖြစ်သဖြင့် လူကို ကျန်းမာစေသည် ဟု ရှေးလူကြီးများက ဆိုကြသည်။
''ဦးပေါင်းကိုတဲ့ ဆွမ်းတော်တင် သံလွင်လွင် ကြေးစည်တီးတယ် ထွန်းတဲ့ဆီမီး'' ဟူသော ရှေးက ဖတ်စာအုပ် တွင်ပါသော ကဗျာထဲမှ ထမင်းဦးပေါင်း ပျောက်သွားသည့် နည်းတူ ထမင်းရည် သောက်သည့် မြန်မာ့ဓလေ့ မှာလည်း ပျောက်ကွယ် သွားချိန်တွင် ထမင်းရည်၏ အဆီကျ ပိန်စေနိုင်သော ကောင်းကျိုး တစ်ခုကို တင်ပြ လိုပါသည်။
ထမင်းပေါင်း ဦးရည် (ထမင်းရည်) သောက်သုံးခြင်းဖြင့် ဝသောသူကို ပိန်စေနိုင်သည် ဟု ရှေးနှစ်ပေါင်း ၁ဝဝ ကျော်က ''ဘေသဇ္ဇမဉ္ဇူသာ'' ဆေးကျမ်းကြီး တွင် ဖော်ပြ ပါရှိသည်။ မင်းတုန်းမင်း တရားကြီး လက်ထက်တော် က အိန္ဒိယမှ မှာယူလာသော ဆေးကျမ်းကို ဟိန္ဒီ စာတတ်သော ဘင်္ဂလား ဆရာတော်ကြီးမှ ဘာသာပြန် ခဲ့သော ဆေးကျမ်းကြီး ဖြစ်သည်။ တိုင်းရင်းသား ဆေးသမားတော်များ လက်ဆွဲထား ရသော ဆေးကျမ်း ဖြစ်သည်။ ဤ ဆေးကျမ်းကြီးတွင် ဝသူကို ပိန်စေနိုင်သော အချက်နှစ်ချက်ကို ဖော်ပြထားသည်။
(၁) နံနက်စောစော မဓုယုတံ - ပျားရည်နှင့် ရောသော ရေကို၊ သေဝိတံ- မှီဝဲသုံးဆောင်မှု၊ ထုလ္လနာသနံ-အလွန် ဝခြင်းကို ဖျက်ဆီးတတ်၏၊
(၂) မန္နဿ-ထမင်း၏၊ ဥဏှံ-ပူနွေးသော၊ မဏ္ဍံဝါ- ရသာဦးရည် ကိုလည်း၊ ပိဝံပိဝန္တော-သောက်သောသူသည်၊ ကိသတနု-ပိန်သော ကိုယ်ရှိသည်၊ ဘဝေ-ဖြစ်၏ ဟု အတိအလင်း ရေးသား ဖော်ပြထားသည်ကို ဖတ်ရှုလေ့လာရပါသည်။ ယခုခေတ်တွင် ထမင်းပေါင်းအိုး များဖြင့် အလွယ်တကူ ခလုတ်နှိပ်ပြီး ချက်နိုင်သောကြောင့် ထမင်းဦး ပေါင်းရည် ရယူရန် အခက်အခဲ ရှိနိုင်ပါသည်။ အကယ်၍ ရယူလိုလျှင် ထမင်းပေါင်းအိုး ဖြင့် ချက်ရာ တွင် ရေအနည်းငယ် ပိုထည့်ချက်ပါ။ ထမင်းကျက်၍ မနပ်မီ အဖုံးဖွင့်၍ ဇွန်းဖြင့် လက်ဖက်ရည် ပန်းကန် နှစ်လုံးစာမျှ ထမင်းရည်ကို ခပ်ယူပါ။ နေ့စဉ် ရက်ဆက် နံနက်စောစော တစ်လခွဲခန့် သောက်သုံး ကြည့်ပါက အမှန်ပင် ဝမ်းဗိုက်ချပ်ပြီး ပိန်စေနိုင်ကြောင်း လက်တွေ့ ကျင့်သုံးဖူး သူများမှ ပြောပြပါသည်။ အဆီကျ ပိန်စေနိုင်သော လွယ်ကူသည့် နည်းလမ်း ဖြစ်သဖြင့် စမ်းသောက် ကြည့်ကြ စေလိုသည်။
ငယ်စဉ်က သင်ကြားရသော မြန်မာရာဇဝင်တွင် သာလွန် မင်းတရားသည် ဆင်စီးပြီး တိုင်းခန်း လှည့်လည် လာစဉ် ဆင်းရဲသားများ နေထိုင်ရာ ဇနပုဒ်ရွာတွင် သူဆင်းရဲမ တစ်ဦးသည် အပေါ်ဝတ်မပါ ထဘီရင်ရှားဖြင့်
မြေအိုးဖြင့် ချက်သော ထမင်းရည်ကို လမ်းပေါ်သို့ ငှဲ့ချ နေသည်နှင့် တိုးတော့သည်။ သာလွန် မင်းကြီးသည် ထို သူဆင်းရဲမကို ခေါ်ယူပြီးလျှင် ''ဟယ်...သူမိုက်မ၊ သင်သည် အဖိုးတန်သော ထမင်းရည်ကို အဘယ် အတွက်ကြောင့် လမ်းပေါ်သို့ အချည်းနှီး သွန်ငှဲ့ပစ် လေသနည်း။ အမှန်မူ ဤထမင်းရည် အာဟာရကို သင်၏ ကလေးငယ်များ အဆာပြေအဖြစ် တိုက်ကျွေး၍ ရသည်။ အိမ်တွင် မွေးထားသော ခွေးသော် လည်းကောင်း တိုက်ကျွေး၍ ရနိုင်သည်။ နောင်တွင် ဤသို့ပြုမူ သူများကို ပြစ်ဒဏ် ခတ်မည်'' ဟု ဆုံးမ တော်မူခဲ့သည် ဟု ဖတ်ရှုရဖူး ပါသည်။
ထမင်းချက်ရာတွင် ရှေးအခါက မြေထမင်းအိုးဖြင့် အရည်ငှဲ့ချက်လေ့ ရှိသည်။ မြေစလောင်းဖုံး ထိပ်ချွန်တွင် နူးနပ်နေသော ထမင်းကို ဦးပေါင်း ဟု ခေါ်သည်။ မြန်မာ လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသဖြင့် ထို
ထမင်းဦးပေါင်း ကို ဆွမ်းတော် တင်လေ့ ရှိကြသည်။ မြေအိုးမှ သံ၊ သတ္တု၊ ဒန်အိုးများ ခေတ်ပြောင်း သွားသော အခါ ဦးပေါင်းဟူ၍ မရှိတော့။ ယခုခေတ် အခါတွင် လျှပ်စစ်ဖြင့် ခလုတ်နှိပ်ပြီး ချက်သော ထမင်းအိုး များသာ မြို့ကြီးများတွင် အသုံးပြု ကြသဖြင့် ထမင်းရည် ငှဲ့ချက်သော ဓလေ့မှာ ပျောက်ကွယ် သလောက် ဖြစ်သွားခဲ့ လေပြီ။
ရှေးက ထမင်းချက်ရာမှ ငှဲ့၍ရသော ထမင်းရည်ကို ဆားခတ်ပြီး ကလေးသူငယ် များကို အာဟာရ အဖြစ် အဆာပြေ တိုက်ကျွေးရုံ သာမက လူကြီးများ အစာကြေ စေရန်နှင့် လေပူကျစေရန် တိုက်ကျွေး ကြသည်။ လေပူကြောင့် ပါးစောင်၊ ခံတွင်းနှင့် လျှာများတွင် အနာများ၊ အပူကန်ဖုများ ထွက်လျှင် ထမင်းရည်ပူပူကို ဆားခတ်ပြီး တိုက်ပါက ပျောက်ကင်းနိုင်သည်။ ခြေထောက် ရေစိုသော မိုးတွင်းကာလတွင် အထက်သို့ အပူကန်သော အနာသည် ပို၍ဖြစ်လေ့ ရှိသည်။
ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင် ပြုစုသော ဥတုဘောဇန သင်္ဂဟကျမ်း တွင် ဖော်ပြထားသည်မှာ ထမင်းရည်သည် အစာကိုများစွာ စားနိုင်စေ၏။ ဆီးကို ရွှင်စေတတ်၏။ သွေးကို ပွားစေတတ်၏။ အဖျားကို နိုင်၏။ သလိပ်၊ သည်းခြေကို နိုင်၏။ အသက်ကို ရှည်စေတတ် ၏။ ဤသို့ ဂုဏ်ရှစ်ပါးရှိ၏။ ထို ထမင်းရည်တွင် သင်္ဘော ချင်းမှုန့်နှင့် သိန္ဓောခတ်၍ သောက်လျှင် ဝမ်းမီးတောက် စေ၏။ အစာကို ကြေစေတတ်၏။ တစ်နည်း ထမင်းရည်သည် အစာကြေ လွယ်၏။ အေး၏။ ဝမ်းမီးကို တောက်စေတတ်၏။ ရသအစရှိသော ဓာတ်ခုနစ်ပါး တို့ကို ညီညွတ်စေတတ်၏။ အဖျား ကိုနိုင်၏။ သောက်လျှင် ဝလွယ်၏။ အားကို ဖြစ်စေတတ်၏။ သလိပ်၊ သည်းခြေကို နိုင်၏။ မောပန်းခြင်းကို ပယ်နိုင် ၏။ ထမင်းရည်တွင် ပိတ်ချင်းမှုန့်၊ သင်္ဘောချင်း ခြောက်မှုန့် ခတ်သောက်လျှင် လေကိုလည် စေတတ်၏။ အစာကို ကြေစေ၏ ဟု ထပ်မံဖွင့်ဆို ထားသည်ကို တွေ့ရပြန်သည်။
စာမေးပွဲဖြေချိန် ရောက်တိုင်း လျှာနှင့်ပါးစပ် တွင် အနီစက်ကဲ့သို့ အနာများ ထွက်လေ့ရှိသော သမီးငယ် တစ်ဦးကို ထမင်းနှင့် ဟင်းအပူအစပ်များ မကျွေးဘဲ နံနက်စောစော ထမင်းချက်၍ ထမင်းရည်ငှဲ့ပြီး တိုက်ကျွေးသော အခါ အနာများ သက်သာ လာသည်ကို တွေ့ရပါသည်။ ထမင်းရည်သည် ဆန်ပြုတ်နှင့် မတူ၊ အအေးခံထားလျှင် အချဉ်ပေါက် လွယ်သဖြင့် ငှဲ့ပြီးပူတုန်း အချိန်တွင် တိုက်ကျွေးရန် သင့်သည်။ ဆားအသင့်အတင့် ခတ်ပြီးမှ တိုက်လျှင် အရသာရှိပြီး လေကြေစေသည်။ လေကို အောက်သို့သက် စေနိုင်သည်။ အေးမှ တိုက်ကျွေးလျှင် လေချဉ်ကို အထက်သို့ ပြန်တက်စေနိုင်သည်ကို သတိပြု ဖို့လိုသည်။
အနောက်တိုင်း အာဟာရ သုတေသီ များက ထမင်းရည် ငှဲ့ချက်လျှင် အာဟာရဓာတ်များ၊ ဗီတာမင်ဘီ (၂) ကဲ့သို့ ဓာတ်များ ပါသွားပြီး ဆုံးရှုံးနိုင်သည် ဟု ဆိုသော်လည်း နောက်ပိုင်း ဆီးချိုနှင့် ပတ်သက်သော သုတေသနပြုမှု များက ထမင်းရည် ငှဲ့ချက်သော ထမင်းကို စားသူထက် ထမင်းရည်ခန်း ချက်စားသူက ပို၍ဆီးချို ရောဂါဖြစ်စေ နိုင်သည်ဟု ဆိုသည်။ ထမင်းရည် ငှဲ့ချက်ခြင်းဖြင့် ဆီးချို ၊ သွေးချိုရောဂါ ကာကွယ်မှုကို အထောက်အကူ ဖြစ်နိုင်ပေသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)
No comments:
Post a Comment