www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 24, 2016

အောက်တိုဘာ ၁ ရက်မှစတင်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ လုပ်ငန်းလိုင်စင်ကြေး များကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချမည်



နေပြည်တော် ၊ ၂၄-၇-၂၀၁၆

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင် အားလုံး၏ လိုင်စင်ကြေး များကို အောက်တိုဘာ ၁ ရက်မှစတင်၍ ၅ဝ ရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဝန်ကြီးဌာနမှ ထုတ်ပေးနေသည့် လိုင်စင်များ ဖြစ်သော ဟိုတယ်လိုင်စင်၊ ခရီးသွားလုပ်ငန်း လိုင်စင်၊ ဧည့်လမ်းညွှန် လိုင်စင်နှင့် ခရီးသွား သယ်ယူ ပို့ဆောင်ရေး လိုင်စင်ကြေးများ အားလုံးကို ၅ဝ ရာခိုင်နှုန်း အထိ လျှော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

''လိုင်စင်ကြေး တွေက တစ်ခုနဲ့တစ်ခု မတူဘူး။ အားလုံးကို ၅ဝ ရာခိုင်နှုန်းစီ လျှော့ချကောက်ခံ သွားမယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယင်းကဲ့သို့ လျှော့ချရာတွင် အောက်တိုဘာလ မတိုင်မီ လာရောက် လုပ်ဆောင်မည့် လိုင်စင်များကို လိုင်စင်ကြေး လျှော့ချသွားမည် မဟုတ်ဘဲ အောက်တိုဘာလ မှသာ လာရောက် ပြုလုပ်ကြမည့် လိုင်စင်များကို လိုင်စင်ကြေး လျှော့ချပေး သွားမည် ဖြစ်သည့်အပြင် လိုင်စင်ပြုလုပ် ရာတွင် မလိုလား အပ်သည့် စာရွက်စာတမ်း တောင်းခံမှု များအား လျှော့ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပုဒ်မ ၂၃ အရ လိုင်စင်မရှိဘဲ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ပါက အနည်းဆုံး ဒဏ်ငွေ ငွေကျပ် ၅ဝဝဝဝ ဖြစ်စေ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ပြစ်ဒဏ်ချမှတ် နိုင်ကြောင်း ဖော်ပြ ပါရှိသည်။

ထို့ပြင် လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ငန်း ဆောင်ရွက် နေသည့် ခရီးသွား လုပ်ငန်းများအား ပညာပေး ကာလ ကျော်လွန်သွား ပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''စီးပွားရေး လုပ်ငန်း ဖြစ်တဲ့အတွက် သူ့ပုံစံတကျလေး ဖြစ်သွားအောင် တည့်မတ်ပေးဖို့ ကြိုးစားတဲ့ အနေနဲ့ ဟိုတယ်တွေ ဆိုရင်လည်း လိုင်စင် လုပ်ကြပါ။ တည်းခိုခန်းတွေ ဆိုရင်လည်း လုပ်ငန်းလိုင်စင် ရှိသလို စည်ပင် လိုင်စင်လည်း ရှိတယ်။ အဲဒါတွေ လုပ်ပေး ကြပါ။ လိုင်စင် မရှိသေးတဲ့ လုပ်ငန်းရှင်တွေ ကိုလည်း လိုင်စင်ပြုလုပ် လာအောင် စည်းရုံးပြီး ဆောင်ရွက်ပေး သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger