ရန်ကုန် ၊ ၂၅-၇-၂၀၁၆
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သင်္ဃန်းကျွန်း၊ သာကေတ၊ ရွှေပြည်သာ နှင့် သန်လျင်မြို့နယ် တို့၌ ဖွင့်လှစ်ထားသည့် လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေးအဖွဲ့ (Marie Stopes Myanmar) ၏ ဆေးခန်းများ၌ သားအိမ်ခေါင်း ကင်ဆာ အခမဲ့ စစ်ဆေးခြင်းနှင့် တွေ့ရှိပါက ကုသပေးခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်း လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေးအဖွဲ့ မှ သိရသည်။
''အရင်ကတော့ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးဖို့ တော်တော် ခက်ခဲပါတယ်။ အခုတော့ နည်းပညာနဲ့ လွယ်လွယ်လေး စစ်လို့ ရနေပြီ ဖြစ်တာကြောင့် သားအိမ်ခေါင်း ကိုပဲ ဆေးရည် သုတ်လိမ်းပြီး စစ်ဆေးလို့ ရပါပြီ။ အမျိုးသမီးတွေ အနေနဲ့ မရှက် မကြောက်ဘဲ ရောဂါကို လာရောက် စစ်ဆေးဖို့ပဲ လိုပါတယ်'' ဟု Marie Stopes Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါဆေးခန်း များ၌ ရုံးဖွင့်ရက် (တနင်္လာနေ့မှ သောကြာနေ့ အထိ) များတွင် ရုံးချိန်အတွင်း လာရောက် စစ်ဆေးနိုင်ပြီး ရောဂါကြိုတင် ကာကွယ်နိုင်ရန် ကာကွယ်ဆေး ထိုးနှံပေးမှုများ ပြုလုပ်လျက် ရှိသည်။
သားအိမ်ခေါင်း ကင်ဆာသည် အသက် ၁၅ နှစ်အောက် အမျိုးသမီးငယ် များတွင် အဖြစ်များ သဖြင့် ယင်း အသက်အရွယ် ပိုင်း၌ရောဂါ ကာကွယ်ဆေး ထိုးနှံထား ပါက သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှုကို ၉၃ ရာခိုင်နှုန်း မှ ၉၉ ရာခိုင်နှုန်း အထိ ကာကွယ် ပေးနိုင်ကြောင်း သိရသည်။
သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ကို ခြောက်လ တစ်ကြိမ်ခြား၍ နှစ်ကြိမ်ထိုးနှံ ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် အမျိုးသမီး ၆ဝဝဝ ကျော် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားလျက် ရှိကာ ယင်း ရောဂါကြောင့် တစ်နှစ်လျှင် သေဆုံးသူ ဦးရေ ၃ဝဝဝ ကျော် ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ခန့်မှန်းထားသည်။ (၄၄၇)
မြ၀တီနေ့စဉ် ၊ စာ(၃)
#Themyawadydaily






No comments:
Post a Comment