www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 7, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ ၊ ကာကွယ်ရေးဝန်ကြီးနှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ ၊ ကာကွယ်ရေးဝန်ကြီး H.E.Mr. Gen. NAKATANI အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၇-၆-၂၀၁၆

တပ်မတော်၏ တာဝန်သည် နိုင်ငံတော် ကာကွယ်ရေး ဖြစ်သော်လည်း မိမိတိုင်းပြည် ဖြတ်သန်းခဲ့ ရသည့် သမိုင်းကြောင်း အခြေအနေ အရ တိုင်းပြည် တည်ငြိမ် အေးချမ်းအောင်၊ စည်းလုံး ညီညွတ်အောင် လုပ်ဆောင်ရန် တာဝန်လည်း ရှိကြောင်း၊ နှစ်ပေါင်းများစွာ တိုးတက်မှု နောက်ကျခဲ့ ရသည့် အတွက်လည်း တပ်မတော် အနေဖြင့် တိုင်းပြည် တိုးတက်ရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန်လည်း တာဝန်ရှိကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု အတွက် အာမခံချက် ရသည်အထိ ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E.Mr. Gen. NAKATANI အား ယမန်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပတ်သက်၍ လွတ်လပ်ရေး အတွက် ဂျပန်နိုင်ငံ၏ အကူအညီ ဖြင့် မြန်မာ့ တပ်မတော်ဖွဲ့စည်း လုပ်ဆောင် ခဲ့မှု အခြေအနေများ၊ လွတ်လပ်ရေး ရရှိပြီးချိန် မှ ယနေ့တိုင် ဆက်ဆံရေး အခြေအနေများ ကို ရှင်းလင်း ပြောကြား၍ လက်ရှိကာလ လုပ်ဆောင်နေသည့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ သဘာဝဘေးဒဏ် နှင့်ပတ်သက်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထား ကူညီမှု လုပ်ငန်းများ၊ မိုးလေဝသ ခန့်မှန်းမှု ပညာရပ်နှင့် အခြား သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ လှံစွပ်ထိုး အားကစားနှင့် ပြည်သူလူထု အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ တပ်မတော်(ရေ) ဆက်ဆံမှုကဏ္ဍ၊ တပ်မတော် ချစ်ကြည်ရေး နှင့် လေ့လာရေး ခရီးစဉ်ဆိုင်ရာ ကိစ္စရပ် များကို အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။

နိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းများနှင့် ပတ်သက်၍ လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒီမိုကရေစီ စနစ်တွင် အစိုးရတစ်ခု ၏ အောင်မြင်မှု သည် မူဝါဒနှင့် ယင်းမူဝါဒ ကို အကောင်အထည် ဖော်နိုင်မှု အပေါ်တွင် မူတည်ပြီး ယင်းကို ပြည်သူက အဆုံးအဖြတ် ပေးကြောင်း၊ မိမိနိုင်ငံ အနေဖြင့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှ စတင်၍ အရပ်သား အစိုးရ အုပ်ချုပ်သည့် ပါတီစုံ လမ်းကြောင်းကို လျှောက် လှမ်းနေပြီ ဖြစ်ကြောင်း၊ နိုင်ငံတကာ စံချိန်စံ ညွှန်း များနှင့် ကိုက်ညီပြည့်စုံသည့် ပုံစံမဖြစ် သော်လည်း မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ လျှောက်လှမ်း နေပြီဖြစ်ကြောင်း ရှင်းလင်း ပြောကြား၍ တပ်မတော် အနေဖြင့် နိုင်ငံပြုပြင် ပြောင်းလဲမှု အတွက် ပါဝင်ကူညီ ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက် အတတ်နိုင်ဆုံး လိုက်လျော၍ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဂျပန်နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် မှန်ကန်စွာပါဝင် ဆောင်ရွက်ရန် အခြေအနေ များအား ရင်းနှီးစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။ ယင်းနောက် ဂျပန်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ဆောင်ရွက် နိုင်မှုနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး နှင့်အတူ ဒုတိယ ဝန်ကြီး Mr.Toru MIMURA ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI ၊ စစ်သံမှူး Colonel Takeshi HARA နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်၍ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger