မိုးဖွဲဖွဲကျတဲ့တစ်နေ့ . . .
မေလ ၂၅ ရက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ပထမဆုံးရက် သားငယ်အား ကျောင်းအပ်နှံရန် ကျွန်တော်ကျောင်းသို့ သွားခဲ့သည်။ ယခင်နှစ် သားကြီး ကျောင်းအပ်တုန်း ကနှင့်မတူဘဲ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် KG တန်းကလေးများကို KG သင်ရိုးသစ်ဖြင့် သင်ကြား ပေးမည်ဖြစ်ပြီး KG တန်းတက်မည့်သူ တစ်ဦးချင်းစီအား ကျောင်းဝတ်စုံ တစ်စုံစီ ကိုလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ အား ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီ ကိုလည်းကောင်း၊ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တစ်စုံစီကို လည်းကောင်း အခမဲ့ဖြန့်ဝေ ပေးရန် ပညာရေး ဝန်ကြီးဌာနက စီစဉ်ပေး ထားကြောင်း၊ ဒ့ါအပြင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာ နှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့် ခေါင်းစဉ်နှင့်မျှ ငွေကြေး ကောက်ခံခြင်း မပြုရန် ပညာရေး ဝန်ကြီးဌာနက တားမြစ် ထားကြောင်း ကျောင်းအပ် လက်ခံနေရာမှ မသိ နားမလည်သော မိဘများအား ဆရာတစ်ဦးက ရှင်းလင်း ပြောပြနေခဲ့ရာ ကျွန်တော် စိတ်ဝင်တစား ဖြစ်၍ ပညာသင် စနစ်သစ်ပုံစံ KG ( KINDERGARTEN ) သူငယ်တန်း ပညာရေး စနစ်ဟောင်း၏ အားနည်းချက် နှင့် စနစ်သစ် အားသာချက် များအား မေးမြန်းကြည့် ခဲ့ရာ ကျောင်းသား မိဘတစ်ဦး အနေဖြင့် ကြိုက်နှစ်သက် မိသည်။
စနစ်ဟောင်း ပညာရေးအရ မူကြိုအခြေခံ မရှိသည့် ကလေးများအတွက် ပညာသင်ယူရာ၌ အခက်အခဲတွေ ရင်ဆိုင် နေရခြင်း၊ မပြည့်စုံသော ကလေးများအတွက် ပတ်ဝန်းကျင် အသစ်တွင် ရင်းနှီးကျွမ်းဝင်မှု မရှိဘဲ မိမိကိုယ်တိုင် ပါဝင် သင်ယူရာ၌ အများနှင့် တန်းတူ မဖြစ်ပါက သဘာဝ အလျောက် သိမ်ငယ်မှု၊ နားမလည်မှု များဖြင့် ပညာရေးကို အမီမလိုက်နိုင်၍ မိဘများ၏ တွန်းအားပေးမှု၊ ပတ်ဝန်းကျင် ၏ ဖိအားများကြောင့် ရှုပ်ထွေးနိုင်သည်။ မူကြို အခြေခံ ရှိပြီးသော ကလေးများ အတွက် ပညာသင်ကြား ရာ၌ လွယ်ကူ နိုင်ခြင်း ရှိသော်လည်း မိဘရင်ခွင်မှ ကျောင်းပတ်ဝန်းကျင် သို့ ကူးပြောင်းသော အချိန်မှစ၍ အချိန်ပြည့် စာသင်ကြား နေရခြင်းကြောင့် အရွယ်နှင့် မမျှသော စိတ်ပင်ပန်းမှုများ ကြုံတွေ့နိုင်သည်။ ယခင်က ဖတ်စာသင်ရိုးများ ကုန်အောင် သင်ကြားရခြင်း ကြောင့် ဆရာ၊ ဆရာမ များနှင့် ကလေးများ အပေါ်တွင် ဝန်ပိခြင်း၊ ငြီးငွေ့ခြင်းများ ခံစား ရတတ်သည်။
စနစ်သစ် ပညာရေးအရ ကလေးများကို ကစားနည်းဖြင့် သင်ကြားရခြင်း ကြောင့် ပျော်ရွှင်ခြင်း၊ စိတ်ဝင် စားခြင်းများ ဖြစ်နိုင်သလို ကလေးများသည် အသိသညာသစ် များတည် ဆောက်ရာ၌ တက်ကြွစွာ ပါဝင်ရသောအခါ အကောင်းဆုံး သင်ယူကြမည် ဖြစ်သည်။ ကလေးများ၏ အသိသညာ၊ ကျွမ်းကျင်မှုနှင့် စိတ်နေ သဘောထား များသည်လည်း မူလရှိပြီး အပေါ်မူတည်၍ စဉ်းစားခြင်းနှင့် ကျိုးကြောင်း ဆက်စပ်တွေးခေါ် ခြင်းများ ပြောင်းလဲလာ နိုင်သည်။ ကလေးများ နေထိုင် ကြီးပြင်းရသည့် မတူညီသော ယဉ်ကျေးမှုနှင့် လူမှုပတ်ဝန်းကျင် အခြေအနေများက ကလေးတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးကြသည်။ အချို့သော မိသားစုများက လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်ခြင်း၏ အရေးပါမှုကို အလေးထား ကြပေသည်။ အချို့သော မိသားစုများမှ လူ့အဖွဲ့အစည်း၏ လိုအပ်ချက် များနှင့် ကလေးများက မိသားစု၊ ရပ်ရွာနှင့် လူ့အဖွဲ့အစည်း ကို မည်သို့ဖြည့်ဆည်း ပေးမည်ဆိုသည့် အပေါ်တွင် အလေးထား ကြသည်။ ထိုကဲ့သို့ ယဉ်ကျေးမှု ကွဲပြားခြားနား ခြင်းသည် ကလေးများ၏ အမူအကျင့်များ၊ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံပုံများ၊ ပတ်ဝန်းကျင် ၏ လှုံ့ဆော်မှုကို တုံ့ပြန်ပုံ၊ တုံ့ပြန်နည်းများ အပေါ် သက်ရောက်မှုများ ဖြစ်စေသည်။ ကလေးများသည် ဘေးကင်း လုံခြုံမှုရှိပြီး မိမိတို့အား တန်ဖိုး ထားသည်ဟု ခံစားရသည့် အခါတွင် အကောင်းဆုံး သင်ယူဖွံ့ဖြိုး ကြပေသည်။
ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ ရာတွင် သူငယ်တန်း ပညာရေးကို အဓိပ္ပာယ်ဖွင့်ဆို ရာ၌ ပထမတန်းသို့ ကူးပြောင်းမှု လွယ်ကူစေရန် အသက်ငါးနှစ် ပြည့်ပြီး ကလေးများ အတွက် ဘက်စုံ ဖွံ့ဖြိုးမှုနှင့် သင့်လျော်သော နည်းလမ်းများကိုအသုံးပြုပြီး ညီညွတ်မှု သုံးမျိုးဖြင့် ဖွံ့ဖြိုးမှု အဆင့်နှင့် လိုက်လျော ညီထွေမှု၊ ပတ်ဝန်းကျင် နှင့် လိုက်လျော ညီထွေမှု၊ ပညာရေးအရ လိုက်လျောညီထွေ မှုတို့ကို အခြေခံ၍ သင်ယူဖွံ့ဖြိုးမှု နယ်ပယ် ခြောက်ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းတို့မှာ
- (၁) ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်း။
- (၂) စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း။
- (၃) အပြန်အလှန်ပြောဆိုဆက်ဆံခြင်း။
- (၄) သင်္ချာအခြေခံများကို စူးစမ်းလေ့လာခြင်း။
- (၅) အနုပညာရသခံစားခြင်းနှင့် ဖန်တီးခြင်း။
- (၆) ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း
တို့ကြောင့် မိမိတို့ သားငယ်/ သမီးငယ်များ အနေဖြင့် ကျောင်းသည် ပျော်ရွှင်စရာ ဖြစ်နေမည်။
အကူးအပြောင်း ပညာရေးစနစ် ကာလတွင် လွတ်လပ်စွာ စူးစမ်းလေ့လာရန်၊ ကစားရန်၊ အသိသစ်နှင့် စိတ်ဝင်စားဖွယ် အရာများကို သင်ယူလေ့လာ နိုင်ရန် အချိန်များများ ရှိရမည်ဖြစ် သလို ဆရာနှင့် ကျောင်းသား၊ ကျောင်းသား အချင်းချင်း လွတ်လပ်စွာ အပြန်အလှန် ဆက်ဆံမှု ရှိရမည်ဖြစ်သည်။ စိတ်ဝင်စားမှု၊ စွမ်းဆောင်ရည်၊ ဘာသာစကား၊ ယဉ်ကျေးမှု စသည်တို့ မည်မျှပင် ကွဲပြားစေကာမူ ကလေးအားလုံး ပါဝင် ဆောင်ရွက်ခြင်းကို အားပေး နိုင်ရမည် ဖြစ်သည်။
မိဘများ အနေဖြင့်လည်း အိမ်တွင် ကလေးကို ပုံပြောပြခြင်း၊ စာဖတ်ပြခြင်း၊ ကျောင်းတွင် သင်ခဲ့သည့် တေးကဗျာများကို အိမ်တွင်ရွတ်ဆို ခိုင်းခြင်း၊ ကိုယ်လက် လှုပ်ရှားကစားနည်း များကို ပြန်လည် လုပ်ပြ ခိုင်းခြင်းဖြင့် ကလေးများ သင်ယူခဲ့သမျှကို ပိုမိုစွဲမြဲ နိုင်အောင် အင်အားဖြည့်ပေး ရမည် ဖြစ်သည်။ သို့မှသာလျှင် ကလေး အနေဖြင့်လည်း မိမိကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုများ ရင့်သန် လာစေမည် ဖြစ်သည်။
စနစ်ဟောင်း ပညာသင်စနစ်မှ စနစ်သစ် ပညာသင်စနစ် KG အသက်ငါးနှစ် အရွယ် သူငယ်တန်း ကလေးများ အတွက် ရည်မှန်းချက် ဖြစ်သည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည် အားကိုး တတ်သူများ၊ အာဟာရ ပြည့်ဝ၍ ကျန်းမာ ပျော်ရွှင်သူများ၊ စာရေး စာဖတ်ခြင်းနှင့် သင်္ချာ အပါအဝင် အသိပညာ များကို စိတ်အား ထက်သန်စွာ လေ့လာ သင်ယူသူများ၊ မိမိ ပတ်ဝန်းကျင် အကျိုးကို ဆောင်ရွက် တတ်သူများ ဖြစ်လာကြ ပေမည်။
ကျော်သန့်ဇင် (၄ဝ၃)
မြ၀တီနေ့စဉ် ၊ စာ(၁)
No comments:
Post a Comment