www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 25, 2016

သမ္မတအိုဘားမား က ဗီယက်နမ်သို့ လက်နက်တင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဘာကြောင့် ဖြေလျှော့ပေးရတာလဲ . . ?



( ရှိန်းထက် )

ဗီယက်နမ်စစ်ပွဲ တရားဝင် ပြီးဆုံးသည့် ၁၉၇၅ ခုနှစ် ဧပြီ ၃ဝ မှစတင်၍ အမေရိကန်သည် ဗီယက်နမ်သို့ တရားဝင် လက်နက် တင်သွင်းခွင့် များကို ပိတ်ပင်ခဲ့သည်။ နှစ်ပေါင်း ၄ဝ ကျော် ကြာခဲ့သည့် တိုင် အမေရိကန် သည် ဗီယက်နမ် ကို တင်းကျပ်သော စည်းမျဉ်းများဖြင့် ဆက်ဆံခဲ့ပြီး ၂ဝ၁၄ ခုနှစ် နောက်ပိုင်းတွင် ဗီယက်နမ်နှင့် အမေရိကန်၏ ဆက်ဆံရေး အလှည့်အပြောင်း ကို ရောက်ရှိ လာခဲ့သည်။

အမေရိကန် သည် စည်းမျဉ်းနှင့် မသက်ဆိုင်သည့် စစ်ပစ္စည်း အကူအညီ များကို ဗီယက်နမ်သို့ ယခင်ကထက် ပိုမို ပေးအပ်ခဲ့သည်။ ကမ်းရိုးတန်းစောင့် သင်္ဘောများနှင့် စစ်သင်္ဘော များကို ဗီယက်နမ်အား ပေးအပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှ ယနေ့ အချိန်ထိ အမေရိကန် ၏ အကူအညီမှာ ဗီယက်နမ် သို့ အမေရိကန် ဒေါ်လာ ၄၆ သန်းအထိ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမား ၏ အာရှခရီးစဉ် ပထမနိုင်ငံ အဖြစ် မေ ၂၃ ရက်တွင် ဗီယက်နမ်သို့ ရောက်ရှိ လာစဉ်က ဗီယက်နမ် နိုင်ငံအား လက်နက် တင်သွင်းခွင့် ပိတ်ပင် ထားမှုကို အလုံးစုံ ဖြေလျှော့ပေးရန် ကတိပေး ခဲ့ပြန်သည်။ ဗီယက်နမ် သည် အမေရိကန် တို့ထံမှ ယင်း သဘော တူညီချက် ရရှိနိုင်ရေး အတွက် ဆယ်စုနှစ် နှင့်ချီ၍ တောင်းဆို နေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗီယက်နမ်သို့ အမေရိကန် လက်နက် ကုန်သည်များ တဖွဲဖွဲ လာရောက်ရန် ပြင်ဆင် နေကြသည်။ ဗီယက်နမ် စစ်တပ်တွင် ခေတ်မီ လက်နက်အင်အား ဖြည့်တင်းရန် လိုအပ်ချက်များ မြင့်မားနေပြီး ၂ဝ၁၆ ခုနှစ် တစ်နှစ်တည်း တွင်ပင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန်ကြေးရှိ ခေတ်မီ စစ်လက်နက်များ ဖြည့်တင်းရန် ရှိနေသည်ဟု အမေရိကန် တို့က ဆိုသည်။ ထို့ကြောင့် ဗီယက်နမ်သည် အမေရိကန် အတွက် လက်နက် ဈေးကွက်သစ် တစ်ခု ဖြစ်လာခဲ့သည်။

ရုရှား၏ လက်နက် ရောင်းချမှု နှုန်းသည် ဗီယက်နမ် ဈေးကွက်သို့ အမေရိကန် ဝင်ရောက် လာသောကြောင့် အတိုင်းအတာ တစ်ခုအထိ လျော့ကျ သွားမည်ဖြစ်ပြီး ရုရှား- ဗီယက်နမ် ဆက်ဆံရေး ကိုပင် အနည်းငယ် ထိခိုက် လာစေနိုင်သည်။ ဗီယက်နမ်ကို အမေရိကန်တို့ လက်နက် တင်သွင်းခွင့် ပိတ်ပင် ထားစဉ်တွင် ရုရှားသည် ပင်တိုင် လက်နက် ပံ့ပိုးပေးနေသူ နှင့် အကူအညီ များပေးအပ် နေသူဖြစ်ပြီး တောင်တရုတ် ပင်လယ်ပြင် တွင် တရုတ်၏ အင်အား ချိန်ခွင်လျှာ ညီမျှ စေရေးအတွက် ဗီယက်နမ် စစ်တပ်ကို အဓိက အကူအညီ ပေးနေသူလည်း ဖြစ်သည်။ အမေရိကန်တို့ ဗီယက်နမ်ကို လက်နက် တင်သွင်းမှု လွတ်လပ်ခွင့် ပေးလိုက်ခြင်း ကလည်း တောင်တရုတ် ပင်လယ်ပြင် ကိစ္စကြောင့် ဖြစ်သည်။ ဗီယက်နမ်ကို ချုပ်ကိုင် ထားလျှင် တရုတ်၏ စစ်ရေးသြဇာ လွှမ်းမိုးမှုကို လိုအပ်သည်ထက် ပိုမိုခံစား လာရနိုင်သည်။ တစ်ဖန် တရုတ်ကလည်း တောင်တရုတ် ပင်လယ်ပြင် ၈ဝ ရာခိုင်နှုန်းကို သူပိုင်သည်ဟု ကြေညာ ထားသည်။

အမေရိကန် သမ္မတ အိုဘားမား ၏ လေယာဉ် Air Force One သည် ဗီယက်နမ်၏ မြို့တော် ဟနွိုင်းလေဆိပ် သို့ မဆင်းသက်မီ တစ်ရက် အလိုတွင် တရုတ်တို့ ပိုင်သည်ဟု ကြေညာ ထားသော တောင်တရုတ် ပင်လယ်ပြင် ပိုင်နက်သို့ ဖြတ်၍ ပျံသန်းခဲ့သည်။ တရုတ်တို့၏ တုံ့ပြန်ချက် တစ်စုံတစ်ရာ မရှိခဲ့ဘဲ မေ ၂၄ ရက်(အင်္ဂါနေ့) တွင် ပြုလုပ်သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ အိုဘားမား က ''နိုင်ငံတကာ ဥပဒေတွေက ခွင့်ပြုထားတဲ့ ဘယ်နေရာကို မဆို အမေရိကန်ဟာ ဘယ်သူကပဲ ကန့်ကွက်ပါစေ လွတ်လွတ် လပ်လပ်နဲ့ အချိန်မရွေး ပျံသန်း နိုင်ပါတယ်'' ဟု ပြောကြားသည်။

အမေရိကန် နှင့် ဗီယက်နမ် ကုန်သွယ်ရေး တန်ဖိုးသည် ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံ အထိ ရှိခဲ့သည်။ ထိုတန်ဖိုးသည် တရုတ်၊ ဗီယက်နမ် ကုန် သွယ်ရေး ၏ ထက်ဝက်ကိုပင် မမီသေးပေ။ ထို့ကြောင့် အမေရိကန် သည် ဗီယက်နမ်နှင့် အပြန်အလှန် ကုန်သွယ်ရေးကို သုံးဆနီးပါး တိုးမြှင့်နိုင်ရန် ဆွေးနွေးခဲ့ ကြသည်။ 

၂ဝ၁၅ ခုနှစ်တွင် ဗီယက်နမ်၌ တရုတ် တော်လှန်ရေး စတင်ခဲ့သည်။ ဗီယက်နမ် ကမ်းရိုးတန်းတွင် တရုတ်တို့က သူတို့၏ ရေနံတူးစင် လာချထား ခဲ့သည်မှ အစပြုကာ တရုတ် မန်နေဂျာ တစ်ဦး သေဆုံး ခဲ့သည်အထိ ဗီယက်နမ်၌ တရုတ် ဆန့်ကျင်ရေး ပြင်းထန်ခဲ့သည်။ ထို့နောက် ဗီယက်နမ် ငါးဖမ်း အလုပ်သမား များကို တရုတ်ရေတပ် က ဖမ်းဆီးခြင်းနှင့် ဗီယက်နမ်၏ အချုပ်အခြာ အာဏာကို တရုတ်တို့၏ မထီမဲ့မြင်ပြုမူ မှုများသည် ဗီယက်နမ်နှင့် တရုတ်အကြား တင်းမားမှုကို ပိုမိုနက်ရှိုင်း စေခဲ့သည်။

၂၁ ရာစုသည် တရုတ်တို့၏ ရာစုသစ် တစ်ခုဟု ဆိုရလောက်အောင် တရုတ်သြဇာ ကမ္ဘာကို လွှမ်းမိုးနိုင်မှု အကောင်းဆုံး ခေတ်သစ်တစ်ခု ဖြစ်လာခဲ့သည်။ အမေရိကန်၏ စစ်အင်အားကို အကောင်းဆုံး ခြိမ်းခြောက် နိုင်သည့် ကမ္ဘာ့ ပထမတန်းစား နိုင်ငံဖြစ်လာ ခဲ့သည်။ ထိုသို့ တရုတ်တို့က တောင်တရုတ် ပင်လယ်ပြင်တွင် လူလုပ်ကျွန်းများ တည်ဆောက်ပြီး စစ်အခြေစိုက် စခန်း တည်ဆောက်ကာ စစ်အင်အား အတွက် ခြေကုပ် ယူလာခဲ့သည်။ အမေရိကန်၏ အာရှအင်အား ချိန်ခွင်လျှာကို ညှိရန် စိုင်းပြင်း လာသည့် အချိန်တွင် အာရှ၌ တရုတ်၏ သြဇာသည် အကောင်းမွန်ဆုံး နေရာယူ ထားပြီးသား အနေအထား ဖြစ်လျက် ရှိသည်။ ထို့ကြောင့် အမေရိကန် သည် တရုတ်တို့နှင့် ထိပ်တိုက် တွေ့နေသည့် ပိုင်နက် အငြင်းပွား နိုင်ငံများကို စစ်လက်နက် ပစ္စည်းများ ပံ့ပိုးပေးသည်။ ထိုအထဲတွင် ဗီယက်နမ် နှင့် ဖိလစ်ပိုင်သည် တရုတ်ကို ဆန့်ကျင်သည့် နိုင်ငံများထဲတွင် ထိပ်ဆုံးက ဖြစ်သည်။

ထို့ကြောင့် အမေရိကန် သည် တရုတ်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ရန် ဗီယက်နမ်၏ လက်နက် တင်သွင်းမှုကို ဖွင့်ပေးပြီး ခေတ်အမီဆုံး လက်နက်များကို တင်သွင်း ရောင်းချရန် အကြံရလာ ခဲ့သည်။ စီးပွားရေး အရလည်း အမေရိကန်တို့ တွက်ခြေ ကိုက်ပြီး အာရှ ချိန်ခွင်လျှာ ထိန်းညှိရေး အတွက်လည်း ပိုမို အဆင်ပြေ သွားခဲ့သည်။ 

ထို့ကြောင့် အမေရိကန်၏ စစ်အခြေစိုက် စခန်းများ ဗီယက်နမ်သို့ ရောက်ရှိ နိုင်ပေသည်။ ထို အခြေအနေ ကပင် အမေရိကန်သည် ရုရှားကို ထိုးနှက်ပြီးသား ဖြစ်စေခဲ့သည်။ 

ဗီယက်နမ် သည် အမေရိကန်တို့ လက်နက် တင်သွင်းခွင့် ပိတ်ဆို့ ထားသည့် ကာလ အတောအတွင်း ရုရှားနှင့်သာ စစ်ရေးအရ အဓိက ဆက်ဆံခဲ့သည်။ ယခုအချိန်တွင် ရုရှားက တောင်တရုတ် ပင်လယ်ပြင် အရေးတွင် တရုတ်ဘက်က ရှိနေသောကြောင့် အမေရိကန် ဝင်လာသောအခါ ရုရှားဘက်သို့ လှမ်းနေသော ဗီယက်နမ်၏ ခြေလှမ်းများ သည် အမေရိကန် ဘက်သို့ ပြန်လည် ဦးတည် သွားတော့သည်။ အမေရိကန် တို့အတွက် ဗီယက်နမ်ကို လက်နက် တင်သွင်းမှု လွတ်လပ်ခွင့် ပေးလိုက် ခြင်းသည် 

အလွန်ပင် တွက်ခြေကိုက် သွားခြင်း ဖြစ်သည်။ တရုတ်ကို တန်ပြန်ရေး ဗျူဟာတွင် အဓိကကျသည့် ဗီယက်နမ် သည် အမေရိကန် ၏ အကောင်းဆုံး ကြားခံနိုင်ငံ ဖြစ်သည်။ ဗီယက်နမ် စစ်တပ်ကို အင်အား အတောင့်တင်းဆုံး ဖြစ်စေရန် အမေရိကန်တို့ အင်အား ဖြည့်တင်းပေးမည်။ ထို့နောက် တရုတ်ကို ယှဉ်ပြိုင်စေမည်။ တရုတ်တို့ ယှဉ်ပြိုင်ရမည့် သူမှာ ဗီယက်နမ် မဟုတ်ဘဲ နောက်ကွယ်က အမေရိကန် ဖြစ်နေသည်။

တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက အမေရိကန်တို့ အနေဖြင့် ဗီယက်နမ်ကို တတိယကြားခံ နိုင်ငံတစ်ခု အဖြစ် အသုံးမချ သင့်ကြောင်း သတိပေး ထားခဲ့သည်။ 

ထို့ကြောင့် အမေရိကန်တို့က ဗီယက်နမ်ကို စစ်ရေးအရ လွတ်လပ်ခွင့် ပေးလိုက်ခြင်း သည် တရုတ်ကို အာရှတွင် အကောင်းဆုံး ယှဉ်ပြိုင်ရန် အခြေချသည့် ပထမ ခြေလှမ်း တစ်ခုပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger