www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 26, 2016

ထုံးကျောက်တောင် ဂေဟစနစ် ထိန်းသိမ်းရေး


ထုံးကျောက်တောင် ဂေဟစနစ် ထိန်းသိမ်းရေး

ဝင်းနိုင်သော် (၀န်းကျင်/သားငှက်)

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ရှိ ပြဒါးလင်းဂူ
မြန်မာနိုင်ငံတွင် မြောက်ဖျား ဟိမဝန္တာ တောင်တန်းမှ တောင်ဘက်ပိုင်း ပင်လယ် ကမ်းရိုးတန်းအထိ ဂေဟစနစ် အမျိုးအစား စုံလင်စွာ ပုံစံအမျိုးမျိုးဖြင့် တွေ့ရှိရသည်။ နိုင်ငံဧရိယာ၏ ၄၂ ရာခိုင်နှုန်း ခန့်သည် တောင်ကုန်း တောင်တန်းဒေသ များဖြစ်ပြီး ထုံးကျောက် တောင်စဉ် တောင်တန်းများနှင့် ထုံးကျောက်တောင် ဂေဟစနစ်ကို ကျယ်ပြန့်စွာ တွေ့ရှိနိုင်ပြီး အထင်ရှားဆုံးမှာ ရှမ်းကုန်းမြေမြင့် ဒေသ၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မြိတ်ကျွန်းစု တောင်ကုန်း တောင်တန်းများ ဖြစ်သည်။

ထုံးကျောက် တောင်တန်းများနှင့် ထုံးကျောက်လိုဏ်ဂူ များကဲ့သို့ သဘာဝ အနေအထား များသည် ကမ္ဘာ့အနှံ့အပြားတွင် တည်ရှိပြီး တချို့ဒေသ များသည် တန်ဖိုးထား ထိန်းသိမ်းရမည့် နေရာဒေသများ ဖြစ်၍ အများစုကို ထိန်းသိမ်း ကာကွယ်ထားသော နေရာများ အဖြစ် သတ်မှတ် ထားရှိကာ တချို့နေရာ များမှာ သဘာဝ အနေအထား လှပခြင်းနှင့် ရှားပါးသော ဇီဝမျိုးစုံမျိုးကွဲ များရှိသောကြောင့် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး နယ်မြေများ အဖြစ် သတ်မှတ်ထားခြင်း ခံထားရ သည်။ ထုံးကျောက်တောင် များ၌ မျိုးသုဉ်း ပျောက်ကွယ်ရန် အန္တရာယ်ရှိသော အပင်နှင့် တိရစ္ဆာန် မျိုးစိတ်များ တည်ရှိခြင်း၊ ရှားပါးသော သဘာဝ တွင်းထွက်များ နှင့် သဘာဝ အနေအထား ရှိခြင်း၊ ဘူမိရုပ်သွင် ဗေဒ (Geomorphology) နှင့် ကျောက်ဖြစ် ရုပ်ကြွင်းလေ့လာရေး ဗေဒ (Palaeontology) အတွက် လေ့လာရန် အရေး ကြီးသော နေရာများဖြစ်ခြင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အတွက်သာမက စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း များနှင့် ခရီးသွားလုပ်ငန်း များအတွက်လည်း အဓိက အရေးပါသော နေရာများဖြစ်၍ အထူးထိန်းသိမ်း ကာကွယ်သင့်သည်။

ထုံးကျောက်တောင် ဒေသများတွင် တွေ့ရှိရသော ဇီဝမျိုးစုံမျိုးကွဲ များသည် ယေဘုယျ အားဖြင့် ရှားပါးသော မျိုးစိတ်များဖြစ်ပြီး ၄င်းဒေသ၌သာ တွေ့ရှိရသော မျိုးစိတ် (Endemic Species) များဖြစ်သည်။ ၄င်းတို့အနေနှင့် ခက်ခဲသည့် ပတ်ဝန်းကျင်တွင် ရှင်သန် နေထိုင်ကြရပြီး နေရင်းဒေသများ ပျက်စီးသွားပါက ပြန်လည် ရှင်သန်ရန် မဖြစ်နိုင်တော့ပါ။ ထုံးကျောက် လိုဏ်ဂူ များတွင် တွေ့ရှိရသော တိရစ္ဆာန်များ အနက် သိသာထင်ရှားသော မျိုးစိတ် တစ်မျိုးမှာ လင်းနို့မျိုးစိတ် ဖြစ်သည်။ လင်းနို့များသည် လိုဏ်ဂူအတွင်း နေထိုင် ကျက်စားသော တိရစ္ဆာန်များ အနက် အဓိကကျသည့် (Key Stone Species) မျိုးစိတ်ဖြစ်ပြီး လူသားများ အတွက် ဂေဟစနစ် ဝန်ဆောင်မှု ပေးနေသော မျိုးစိတ်အဖြစ် ထင်ရှားကြသည်။ လင်းနို့များသည် ညစဉ် ကောက်ပဲသီးနှံ ဖျက်ပိုးမွှား သန်းပေါင်း များစွာအား စားသုံးခြင်းဖြင့် ရှင်းလင်းပေးခြင်း၊ သီးပင်၊ စားပင်များ ဝတ်မှုန်ကူးပေးခြင်း၊ လင်းနို့ချေး ထုတ်လုပ်ပေးခြင်း စသည်ဖြင့် အကျိုးပြု လုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ လိုဏ်ဂူတချို့တွင် လင်းနို့ အကောင်ရေ ငါးသိန်းမှ တစ်သန်းအထိ နေထိုင် လျက်ရှိကြောင်း မှတ်တမ်းတင် နိုင်ခဲ့ပြီး ထိုကဲ့သို့ ထုံးကျောက် လိုဏ်ဂူများအား ထပ်မံဖော်ထုတ် မှတ်တမ်းတင်၍ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် သင့်သည်။ တောင်တန်းများ၊ လိုဏ်ဂူများ၊ ကျောက်နံရံ များတွင် အသိုက်ပြု လုပ်လေ့ရှိသော ဇီဝဇိုးငှက် မျိုးစိတ် များသည်လည်း ထင်ရှားပြီး သဘာဝ ငှက်သိုက် ထုတ်လုပ်ရေးနှင့် အိမ်မွေးငှက်သိုက် ထုတ်လုပ်ရေး တို့ကို မြန်မာနိုင်ငံတွင် သာမက ကျွန်းစု၊ ကမ်းရိုးတန်း နိုင်ငံများတွင်လည်း တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံတွင် ထုံးကျောက် ဂေဟစနစ် ထိန်းသိမ်းရေးကို သစ်တောဥပဒေ များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ တည်ဆဲ ဥပဒေများအရ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိသည်။ သမိုင်းအကြိုခေတ် နံရံဆေးရေး ပန်းချီများရှိသော ပြဒါးလင်းဂူအား ပန်းလောင် ပြဒါးလင်း ဘေးမဲ့တော နယ်မြေအတွင်း ထည့်သွင်း၍ ထိန်းသိမ်းခြင်း၊ ကော့ဂွန်းဂူ နှင့် ရသေ့ပျံဂူ ကဲ့သို့ ရှေးဟောင်း အနုပညာလက်ရာ များရှိသော ထုံးကျောက် လိုဏ်ဂူများအား ယဉ်ကျေးမှု ဦးစီးဌာနက ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေး နေရာများ အဖြစ် သတ်မှတ်၍ ထိန်းသိမ်း ကာကွယ် ထားရှိသည်။

ထုံးကျောက်တောင် ဂေဟစနစ်တွင်သာ တွေ့ရှိရသည့် ဇီဝမျိုးစုံမျိုးကွဲ များအား မျိုးသုဉ်း ပျောက်ကွယ်ရန် အဓိက ခြိမ်းခြောက် နေသောအရာမှာ ဘိလပ်မြေ လုပ်ငန်းများ အတွက် ထုံးကျောက် ထုတ်လုပ်ခြင်းပင် ဖြစ်၍ ထုံးကျောက် ထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ် လာသော အမှုန့်များနှင့် တုန်ခါခြင်း များကြောင့် အစားပြန်လည် မရနိုင်သော သဘာဝနှင့် ယဉ်ကျေးမှု တန်ဖိုးများ ထိခိုက်ပျက်စီးခြင်း၊ ရေအနေအထားများ ပျက်စီးခြင်း၊ ရေညစ်ညမ်းမှုနှင့် တခြားပျက်စီး ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်လာခြင်း နှင့်အတူ ဆောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသဖြင့် ဘိလပ်မြေ လိုအပ်ချက်လည်း မြင့်မားလာပြီး ထုံးကျောက် ထုတ်လုပ်ခြင်းကြောင့် ထုံးကျောက်တောင် ဂေဟစနစ် ထိခိုက်မှု လျှော့ချနိုင်ရေး အစီအစဉ်များ ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ရေးသားဖော်ပြ လိုက်ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger