www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, April 2, 2016

ပြုပြင်လျက်ရှိသည့် ဦးပိန်တံတားပေါ် သင်္ကြန်ကာလအတွင်း ဖြတ်သန်းခွင့် ပြု-မပြု သက်ဆိုင်ရာသို့ တင်ပြမည်



မန္တလေး ၊ ၂-၄-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ် အတွင်းရှိ တောင်သမန်အင်း အရှေ့ဘက်နှင့် အနောက်ဘက်ကို သွယ်တန်း ဆောက်လုပ် ထားသော ဦးပိန်တံတားအား စတင်ပြုပြင် နေပြီဖြစ်သဖြင့် သင်္ကြန်ကာလ အတွင်း တံတားပေါ်သို့ ဖြတ်သန်းခွင့် ပြု၊ မပြု ဆုံးဖြတ်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ များထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။

သင်္ကြန်ကာလတွင် မန္တလေးမြို့ပေါ် များသာမက တခြားမြို့များ ကပါ တောင်သမန်အင်း သို့ လာရောက် အနားယူလေ့ ရှိကြသည်။ ၂ဝ၁၃ ခုနှစ် သင်္ကြန်ကာလ အတွင်း ဦးပိန်တံတား ကျိုးကျခဲ့သဖြင့် လာရောက် လည်ပတ်သူနှင့် ဖြတ်သန်း သွားလာသူများ ဒဏ်ရာအသီးသီး ရရှိခဲ့ဖူးပြီး ယခုနှစ် သင်္ကြန်တွင် ဦးပိန်တံတား ပေါ်၌ အရက်သေစာ သောက်စား နေသည်ကို တွေ့ရှိပါက တားမြစ် အရေးယူ သွားမည်ဖြစ်ကာ လုံခြုံရေး အင်အား ၂ဝ ခန့် တာဝန်ချထားမည် ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလ မတိုင်မီ ဦးပိန်တံတား ကြံ့ခိုင်မှု ရှိစေရန် အရေးပေါ် ပြင်ဆင်မှုများကို Myanmar Teak Wood ကုမ္ပဏီမှ တာဝန်ယူ ပြင်ဆင်နေခြင်း ဖြစ်ပြီး ဦးပိန်တံတားကို ရှေးမူမပျက် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ပညာရှင်များ၊ မြို့မိမြို့ဖများ ပါဝင်သည့် ဆွေးနွေးပွဲများကို အကြိမ်ပေါင်း များစွာ ဆောင်ရွက်ပြီး ဖြစ်ကာ ကောင်းမွန်သည့် အကြံပြုချက် များလည်း ရရှိထားပြီး ဖြစ်သည်။ ပြုပြင် ထိန်းသိမ်းနေစဉ် အတွင်း ကောင်းမွန်သည့် အကြံများ ပေးလာပါကလည်း ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဦးပိန်တံတား ပေါ်သို့ သင်္ကြန်ကာလ တွင် ဧည့်သည် ဝင်ရောက်မှု ပိုမိုများပြားမည် ဖြစ်သောကြောင့် အရေးပေါ် ပြင်ဆင်ရမည့် အပိုင်းများကို ပြင်ဆင်သွားမည် ဖြစ်ကာ ကျွန်းတိုင် အစားထိုး ပြုပြင်ခြင်းများ၊ ကြမ်းခင်းများ၊ ချုပ်တန်းများနှင့် ရက်မများ အစားထိုး လဲလှယ်ခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အမရပူရခေတ် ပုဂံမင်း လက်ထက်တွင် မြို့စာရေးဦးပိန်က အင်းဝနန်းတော် ဟောင်းမှသစ်သား များနှင့် တိုင်ဟောင်းများကို အသုံးပြုကာ မြန်မာ့ရိုးရာ လက်သမား နည်းပညာဖြင့် အခန်းပေါင်း ၄၈၂ ခန်း၊ ကျွန်းတိုင်ပေါင်း ၁ဝ၈၆ တိုင်၊ တံတားအရှည် ၃၉၆၇ ပေ အရှည်ရှိ ဦးပိန်တံတား ကြီးကို ၁၈၄၉ ခုနှစ်တွင် စတင်ဆောက်လုပ် ခဲ့ပြီး ၁၈၅၁ ခုနှစ်တွင် ပြီးစီးခဲ့ရာ သက်တမ်း အားဖြင့် ၁၆၄ နှစ်ရှိပြီ ဖြစ်ကြောင်း ရှေးဟောင်း မှတ်တမ်း များအရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger