www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 29, 2016

လက်ဗွေထက်ပိုသော ခန္ဓာကိုယ်ပေါ်ရှိ သက်သေခံအမှတ်အသားများ



ဒီကမ္ဘာကြီးပေါ်မှာ လူပေါင်း ခုနစ် ဘီလီယံထက် မနည်း ရှင်သန်နေ ထိုင်နေပါတယ်။ တစ်ဘီလီယံ ဆိုတာ သန်းပေါင်း ၁ဝဝဝ နဲ့  ညီမျှပါတယ်။ ဒီတော့ ကမ္ဘာ့ လူဦးရေဟာ သန်း ပေါင်း ၇ဝဝဝ ပေါ့။  ဒီလူပေါင်း သန်းပေါင်း  ၇ဝဝဝ ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အဲဒီမှာ သိပ္ပံပညာရှင် တွေရဲ့ စကားတစ်ခွန်း ကို သွားသတိရပါတယ်။  ဒီလောက ကြီးမှာ ဘယ်အရာမှ တိတိကျကျ မတူပါဘူး၊ ဆင်တူတာပဲ ရှိတယ်တဲ့။ ဟုတ်လောက် ပါတယ်။

လက်ဗွေ။ တစ်ချိန်က  လက်ဗွေရာဆိုရင် FBI ကိုပဲ ပြေးသတိရ တတ်တဲ့ ကျွန်တော်တို့ဟာ အခုဆို ရင် ဖုန်းအတော် များများမှာ လက်ဗွေ နဲ့ Pnone Screen Lock ကို ဖွင့်တဲ့နည်း စနစ် ပါလာတာကို မြင်တွေ့ နေရပါပြီ။ လူတစ်ယောက်နဲ့ တစ်ယောက် လက်ဗွေချင်း ဘယ်တော့မှ မတူပါဘူး။ ဒီတော့ Biometric Security System လို့ခေါ်တဲ့ ဇီဝအမှတ်အသား အသုံးပြု လုံခြုံရေး စနစ်တွေမှာ ဘယ်သူဘယ်ဝါ ဆိုတာကို လက်ဗွေနဲ့ ခွဲခြားတဲ့ စနစ်ဟာ အလွန်ပဲ တွင်ကျယ် ပါတယ်။ ဒါပေမဲ့ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် မတူပဲကွဲပြားတာ လက်ဗွေ တစ်မျိုးတည်း မဟုတ်ပါဘူး။ 

မျက်ဝန်း။ မျက်ဝန်းသည်  နှလုံးသား၏ ပြတင်းပေါက် ဖြစ်သည် ဆိုသကဲ့သို့ သင့် သက်သေခံ အမှတ်အသား တစ်ခုလဲ ဖြစ်ပါတယ်။ မျက်ဝန်းဟာ မျက်စိ သူငယ်အိမ်ကို အဖွင့်အပိတ် လုပ်ပေးတဲ့ ကြွက်သားဖြစ်ပြီး သူငယ်အိမ်ထဲ အလင်းဝင်တဲ့ ပမာဏကို ထိန်းချုပ်ပေး ပါတယ်။ မျက်ဝန်းမှာဖြစ်ပေါ်တဲ့ ချိုင့်လေးတွေ၊ အရေးအကြောင်းလေးတွေ၊ အကွေ့အကောက်လေးတွေ၊ အကွဲကြောင်းလေးတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက်မှာ လုံးဝမတူပါဘူး။ ဒီတော့ သင့်မျက်လုံးကို အဖွင့်၊အပိတ် လုပ်တိုင်း အသုံးပြုနေတဲ့ သင့်မျက်ဝန်းဟာ ဘယ်သူမှ တုပလို့ မရနိုင်တဲ့ သင့် သက်သေခံ အမှတ်အသား ဖြစ်ပါတယ်။ 

နားရွက်။ သင့်နားရွက် နှုတ်ခမ်းသား တွေကို လက်ညိုးလေး နဲ့ အသာ လိုက်ပွတ်ကြည့်ပါ။ အဲဒီပုံစံမျိုးနဲ့ နားရွက်က သင်တစ်ဦးတည်း ဆီမှာပဲ ရှိတာပါ။ ဒါကြောင့်လဲ ဖုန်း၊ တက်ဘလက် အစ ရှိတာတွေမှာ မျက်နှာပုံဖမ်း စနစ်နဲ့  Lock Screen ဖြည်လို့ရတဲ့ စနစ် Face Detector ပါဝင်ပြီး သင့်နားရွက် တွေကနေ ရောင်ပြန်တဲ့ အလင်းကို ဖမ်းပြီးတော့ သင်ဟုတ်၊ မဟုတ် ဆုံးဖြတ် နိုင်တာပဲ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ ကင်မရာကို တောင်မသုံးတော့ ပါဘူး။ လက်ဗွေနှိပ်ပြီး ဖုန်းစကရင် ဖွင့်လို့ ရသလို ဖုန်းစကရင်ပေါ် နားရွက်ကို အသာ ကပ်လိုက်ရုံ နဲ့လဲ ပြီးပါတယ်။ 

နှုတ်ခမ်း ။ကိုလဲ ဖတ်လို့ရပါတယ်။ လျှို့ဝှက် စုံထောက်ကျော် တွေဟာ သက်သေ အထောက်အထား တွေကို စစ်ဆေးပြီး မှန်ကန်ကြောင်း အတည်ပြုဖို့ အခြားနည်းလမ်း မရှိရင် ပလတ်စတစ် အိတ်ကို တရှိုက်မက်မက် နမ်းလိုက်လေ့ ရှိပါတယ်။ နှုတ်ခမ်းရာ အထင်းသား ပေါ်သွားပြီး ခဏအကြာမှာ သာမန်မျက်လုံးနဲ့ မမြင်နိုင်တော့လို့ ပျက်သွားပြီလို့ ထင်ရပေမယ့် ဗွေရာဖတ်တဲ့ ပေါင်ဒါမှုန့်လေး ဖြူးပေးလိုက်ရုံနဲ့ နှုတ်ခမ်းပုံ ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။ မျက်ဝန်း၊ နားရွက်တွေလိုပဲ လူတစ်ယောက်နဲ့ တစ်ယောက် နှုတ်ခမ်းပုံစံ၊ အကွဲကြောင်းတွေ၊ အမြောင်းလေးတွေ၊ ဖောင်းကြွပုံတွေ လုံးဝမတူပါဘူး။ 

လျှာ ။ နောက်ဆိုရင် လျှာကို ဖတ်ပေးမယ့် 3D စက်တွေ ထွက်လာ ပါတော့မယ်။ ကျွန်တော်တို့ရဲ့ လျှာပုံစံ၊ အထူအပါး၊ အရသာခံအဖု၊ လျှာစောင်း၊ အစရှိတာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒါ့ပြင် အရွယ်ရောက် တာနဲ့အမျှ ပွန်းတာ၊ ပဲ့တာတွေဖြစ်လို့  ဝေဝါးသွား တတ်တဲ့ လက်ဗွေရာ ထက်လဲ အများကြီး ပိုပြီး စိတ်ချရတဲ့ သက်သေခံ အမှတ်အသား ဖြစ်ပါတယ်။ နောက်ဆို ဖုန်းလာရင် လျှာထုတ်ပြ ရပါလိမ့်မယ်။ 

အသံ ။ လူတစ်ယောက်နဲ့ တစ်ယောက် အသံလဲ တစ်ပုံစံတည်း ဘယ်တော့မှ မတူပါဘူး။ အသံတု ဝိဇ္ဇာများ ဘယ်လောက်ပဲ ကျွမ်းကျင်သည် ဖြစ်စေပါ။ သင့်နားထဲမှာ အသံတွေတူ နေနိုင်ပေမယ့် ခေတ်မီ စက်ကိရိယာ တွေနဲ့ဖမ်းယူ စိစစ်ကြည့် လိုက်မယ်ဆိုရင် အသံရဲ့တုန်ခါမှု၊ အတိုးအကျယ်၊ အပျော့အမာဟာ မတူနိုင်ပါဘူး။ အသံဟာ ကျစ်ခြင်း၊ ပဲ့တင်သံပါခြင်း၊ နှာသံပါခြင်း အစရှိတာတွေမှာ အများကြီး ကွာခြားသွား ပါတယ်။ လူတစ်ယောက်ရဲ့ လည်ပင်း အရှည်၊ အသံပြွန်အရွယ်အစား၊ နှုတ်ခမ်း၊ လျှာ၊ သွားအနေအထား အားလုံးတို့အပေါ် မူတည်ပြောင်းလဲတာမို့အသံဟာ တစ်ယောက်နဲ့တစ်ယောက် တစ်ပုံစံတည်း မတူနိုင်ပါဘူး။ ဖုန်းတွေမှာ အခုတောင် Voice Detector ကို သုံးနေကြပါပြီ။ 

ခြေချောင်းဗွေ။ သန္ဓေသား အရွယ် ၁ဝ ပတ်ကနေ ၁၇ ပတ်အတွင်း လက်ဗွေတွေ ပေါ်လာသလို ခြေချောင်းဗွေ တွေလဲ ထွက်ပေါ်လာလေ့ ရှိပါတယ်။ ခြေဗွေသည်လဲ လက်ဗွေလိုပဲ လူတစ်ယောက်နဲ့ တစ်ယောက်မှာ လုံးဝမတူပါဘူး။ ဒါပေမဲ့ ခြေထောက်မှာကျတော့ ခြေအိတ်ဖြစ်စေ၊ ဖိနပ် တစ်မျိုးမျိုး ဖြစ်စေ အမြဲလိုလို ဝတ်ထားကြလေ့ ရှိတဲ့အတွက် လွယ်လွယ် နဲ့တော့ မရဘူးပေါ့။ ဘာပဲဖြစ်ဖြစ် လက်ဗွေနဲ့ဖွင့်ရတဲ့ ဖုန်းကို တခြား တစ်ယောက်က ကိုယ်အိပ်ပျော် နေတုန်း ကိုယ့်လက်ညိုးကို ကိုင်ပြီး ဖွင့်သုံးမှာကို စိုးရိမ်ရင် သူတို့မထင်တဲ့ ခြေဗွေနဲ့ ဖွင့်လို့ရအောင် လုပ်ထားနိုင် ပါသေးတယ်။ 

ဖော်ပြခဲ့တဲ့ လက်ဗွေ၊ ခြေဗွေ၊ မျက်လုံး၊ နားရွက်၊ လျှာ အစရှိတာ တွေဟာ လူသေဆုံးတာနဲ့ တဖြည်းဖြည်း ယိုယွင်းပျက်စီး ပျောက်ကွယ် သွားမှာပါ။ ဒီတော့ သေဆုံးတာ ရက်တွေကြာပြီ ဖြစ်လို့ ပုပ်ပွနေတဲ့ အလောင်းကို ဆိုရင် ဘယ်သူဘယ်ဝါ ဆိုတာ ခန့်မှန်းလို့ မရနိုင် တော့ဘူးပေါ့။ အဲဒီအချိန်မှာ သွားတွေက အလွန် အရေးပါ လာပါတယ်။ နှစ်ပေါင်း ထောင်နဲ့ချီ ကြာတဲ့အထိ မပျက်မစီး တည်ရှိနေ နိုင်တဲ့ သွားတွေဟာ လူတစ်ယောက်ရဲ့ DNA ကို ဖော်ပြနိုင်သလို လူတစ်ယောက်နဲ့ တစ်ယောက်မှာလဲ ဘယ်လိုမှ ချွတ်စွပ်မတူညီ နိုင်ပါဘူး။ သင့်အတွက် အကောင်းဆုံး သက်သေခံ အမှတ်အသား ထဲမှာ ပါဝင်ပါတယ်။ 

စက္ခုအာရုံကြော ။ မျက်လုံးရဲ့ အနောက်ပိုင်းမှာ လျှို့ဝှက်စွာ တည်ရှိတဲ့ စက္ခုအာရုံကြော ကိုလဲ အလွတ်မပေး ပါဘူး။ သက်သေခံ အမှတ်အသား အဖြစ် အသုံးပြု ပါတယ်။ မျက်စိရဲ့ အနောက်ဘက်က စက္ခုအာရုံကြော တွေဟာ သင့်ဗဟို အာရုံကြော စနစ်ကြီး တစ်ခုလုံးကို လှစ်ဟဖော်ပြ နေသလိုပါပဲ။ သင့်မှာ ဆီးချိုရှိလား၊ သွေးတိုးရှိလား၊ ဦးနှောက် ကျန်းမာရေး ယိုယွင်းနေပြီလား ဆိုတာတွေကို စမ်းသပ် စစ်ဆေးနိုင်တဲ့ အပြင် ကျွဲ၊ နွား၊ မြင်း အစ ရှိတာတွေ မှာလဲဘယ်လို ရောဂါတွေ ဖြစ်ပွားနေပြီလဲ ဆိုတာ ဒီစက္ခုအာရုံကြော ကိုကြည့်ပြီး သိရှိနိုင်ပါတယ်။ တခြား သက်သေခံ အမှတ်အသား တွေလိုပဲပေါ့၊ စက္ခုအာရုံကြော ဆိုတာလဲ လူတစ်ယောက်နဲ့ တစ်ယောက် လုံးဝ မတူနိုင်ပါဘူး။ 

လမ်းလျှောက်ပုံ။ လမ်းလျှောက်ပုံ ကလဲ သက်သေခံ အမှတ်အသား ဖြစ်နိုင် ပါသေးတယ်။ သင်ဟာ ခြေတစ်ဖက်ကို နည်းနည်းလေး စွဲပြီး လမ်းလျှောက် နေတတ်သလို ခြေတစ်ဖက်ကိုပဲ ကြွကြွပြီး လျှောက်တတ်သူ တွေလဲ ရှိပါတယ်။ သင့် ခြေထောက်  ဖိအား၊ ခြေလှမ်းအကျယ်၊ ခြေဦး၊ ခြေဖနောင့် ဘယ်ဟာကို အရင်ချတယ်၊ ခြေလှမ်း ခုနစ်လှမ်း လောက်မှာ ဘာ အပြောင်းအလဲ တွေဖြစ်တယ် ဆိုတာကို စက်ကိရိယာ တွေက အတိအကျ ဖော်ထုတ် နိုင်ပါတယ်။ ဘယ်လိုပဲ တူအောင် လုပ်လုပ် လူတစ်ယောက် နဲ့ တစ်ယောက် လမ်းလျှောက်ပုံချင်း တစ်ပုံစံတည်း ဘယ်တော့မှ မတူနိုင် ပါဘူး။ သင်ဟာ ဘယ်သူ ဆိုတာကို သက်သေခံ ပေးနိုင်တဲ့ ခန္ဓာကိုယ် အမှတ်အသား တွေအကြောင်း လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger