www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 5, 2016

ကျားမျိုးများ မပြုန်းတီးစေရန် ထောင်ချောက်ကင်မရာများ တပ်ဆင်ကာ ကျားအကောင်ရေ အတိအကျ သိရှိနိုင်ရန်လုပ်ဆောင်



ရန်ကုန် ၊ ၅-၂-၂၀၁၆

မြန်မာနိုင်ငံအတွင်း ကျင်လည် ကျက်စားလျက် ရှိသည့် ကျားမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန်နှင့် ကျားအကောင်ရေ အတိအကျ သိရှိနိုင်စေရန် သဘာဝ ဘေးမဲ့တော များနှင့် ကျားများ ခိုအောင်းနိုင်သည့် နေရာဒေသ များ၌ ထောင်ချောက် ကင်မရာများ တပ်ဆင်ကာ လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ သိရသည်။

ထိုကဲ့သို့ ထောင်ချောက် ကင်မရာ တပ်ဆင်မှုများကို မြန်မာနိုင်ငံ၌ ကျားများ ကျက်စားရာဒေသ ဖြစ်သော ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောနှင့် တနင်္သာရီတိုင်း ဒေသကြီး တို့၌ တပ်ဆင်ကာ လေ့လာမှုများ ပြုလုပ်နေကြောင်း၊ ၄င်းအစီအစဉ်ကို သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောရေးရာ ဦးစီးဌာနတို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

''ကျားအကောင်ရေ အတိအကျကို သိရှိခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၁ဝ နှစ်လောက်က ရှိတဲ့ အချက်အလက် တွေအပေါ်မှာပဲ အကောင်ရေကို ခန့်မှန်းပြီး ပြောနေကြ တာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခု ထောင်ချောက် ကင်မရာတွေ တပ်ဆင်ပြီး အကောင်ရေ သိရှိနိုင်ဖို့ လုပ်ကိုင် ဆောင်ရွက် နေပါတယ်''ဟု သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် သစ်တော ပြုန်းတီးမှုများအား တစ်နှစ်ထက် တစ်နှစ် ပိုမိုရင်ဆိုင် လာနေရပြီး ကျားအပါအဝင် တခြားတောရိုင်း တိရစ္ဆာန်များလည်း တဖြည်းဖြည်း အကောင်ရေ ကျဆင်းလျက် ရှိကြောင်း သိရသည်။

''လုံခြုံရေးအရ တိုးချဲ့ပြီးလုပ်ကိုင် မယ်ဆိုရင် ကျားအကောင်ရေ တိုးလာနိုင်ပါတယ်။ အခု ထမံသီမှာ လုပ်ကိုင်နိုင် တာက ငါးပုံတစ်ပုံ လောက်ပဲ သေသေချာချာ လုပ်နိုင်သေးတယ်။ ဟူးကောင်းချိုင့်ဝှမ်း မှာဆိုရင် လုံခြုံရေးအရ သေသေချာချာ မလုပ်နိုင် သေးပါဘူး။ သဘာဝနယ်မြေ တွေကို တိုးပြီး ကာကွယ်နိုင်ရင်၊ အမဲပစ်တာ တွေကို ရပ်တန့်နိုင်ရင် အကောင်ရေ တိုးလာနိုင်မှာပါ'' ဟု သစ်တောရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကံထူး

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger