www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 11, 2016

အင်းလေးကန်ရေကျဆင်းမှုလျော့နည်းအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ



ညောင်ရွှေ ၊ ၁၁-၁-၂ဝ၁၆

အင်းလေးကန်ရေ ကျဆင်းမှုကို လျော့နည်း သက်သာစေရန် အတွက် ဒီဇင်ဘာ ဒုတိယပတ်မှစ၍ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး၊ အဓိက ရေလမ်းကြောင်း များကို ရာသီမရွေး သွားလာနိုင်အောင် အဓိကထား စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''နွေရာသီ ရေနည်းချိန်မှာ ရေကျဆင်းမှုကို လျော့နည်း သက်သာစေဖို့ ကျွန်တော်တို့ ဌာနအနေနဲ့ အင်းလေးကန် အထွက် ဘီလူးချောင်း ပေါ်မှာ ရေထိန်းရေမြှင့် အဆောက်အအုံ (Geo-Tube) နှစ်ခုကို တည်ဆောက် ပေးထားပါတယ်။ မူလက ရေကျဆင်းမှုဟာ ၁ဝ ရက်မှာ ၈ လက်မ ကျဆင်းနေပြီး ရေထွက်ပေါက် ကျဉ်းပြီးတဲ့ အချိန် ၁ဝ ရက်မှာ ၄ လက်မသာ ကျဆင်းတော့ တာကို တွေ့ရပါတယ်''ဟု ဆည်မြောင်း ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး က ပြောသည်။

''အင်းလေးကန်ဟာ မိုးရာသီရေများတဲ့ အချိန်မှာ အင်းလေးကန် အစပ်ထိ ရေတွေရောက်ပြီး ကန်အစပ်က ရွာတွေအထိ ရေလမ်းတွေနဲ့ သွားလာလို့ အဆင်ပြေ ပါတယ်။ ရေနည်း လာတဲ့အချိန် မှာတော့ ကန်အစပ်ထိ ရေမရောက် တော့ဘဲ ကန်အစပ်က ရွာတွေနဲ့ အချို့သော ရေလမ်းကြောင်း တွေဟာ သွားလာလို့ ရတော့မှာ မဟုတ်ဘဲ အဓိကရေလမ်း ကြောင်းတွေ ကတော့ သွားလာလို့ ရပါတယ်။ ကန်အတွင်းမှာတော့ ရေက အမြဲတမ်း ရှိနေမှာ ဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက် ပြောသည်။

မိုးရွာသွန်းမှု နည်းပါးပြီး ရေဝင်ရောက်မှု နည်းပါးခြင်း၊ ရေတိုက်စားမှု များပြားပြီး နုန်းပို့ချမှု များလာခြင်း တို့ကြောင့် ကန်အတွင်း ရေဝင်ရောက်မှုသည် တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာနေကြောင်း သိရသည်။ အင်းလေးကန် စိမ်းလန်း စိုပြည်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးကို အင်းလေးကန် အတွင်း၌သာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ကန်အတွင်း စီးဝင်သည့် ချောင်းများတွင် ကန်အတွင်း နုန်းပို့ချမှု သက်သာစေရန် နုန်းဖမ်းဆည်များ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး နုန်းထိန်းတမံများ ပြုပြင် ထိန်းသိမ်းခြင်း၊ နှစ်စဉ်ဝင်ရောက် လာသည့်နုန်းများ ဖယ်ရှား ရှင်းလင်းခြင်း စသည့်နည်းလမ်း များနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

''ညောင်ရွှေမြို့ကနေ ဖောင်တော်ဦး ဘုရားသွားတဲ့ ရေလမ်းကြောင်း၊ အလိုတော်ပေါက် ဘုရား ရေလမ်းကြောင်း တွေကတော့ ရာသီမရွေး စက်လှေနဲ့ သွားလာနိုင်ပါတယ်။ သွားလာလို့ ရအောင်လည်း အဓိကထားပြီး ဆောင်ရွက် ပေးထားပါတယ်။ အင်းလေးကန် အတွင်းမှာလည်း ရေအမြဲတမ်း ရှိပါတယ်။ အင်းလေးကန် ဟာရေကို လိုသလောက် ထိန်းထားပြီး ပိတ်လှောင်ထားလို့ ရတဲ့ကန် မဟုတ်ပါဘူး။ သဘာဝ ရေကန်တစ်ခု ဖြစ်ပြီး ဒီကန်ထဲက စီးဆင်းသွားတဲ့ ရေနဲ့ လောပိတ ရေအားလျှပ်စစ် စက်ရုံ လည်ပတ်ပြီး လျှပ်စစ်ပေးဝေ တာတွေ၊ လောပိတနဲ့ အင်းလေးကန် ကြားမှာရှိတဲ့ ကျေးရွာနေ ပြည်သူတွေရဲ့ စိုက်ပျိုးရေး၊ သုံးစွဲရေးတို့ အတွက် လိုအပ်ချက်တွေ အပြင် ကန်အတွင်းနဲ့ ကန်အပြင်က ပြည်သူတွေရဲ့ သွားလာရေး အတွက်ပါ ထည့်သွင်း စဉ်းစားပြီး အချိုးညီညီ ထိန်းသိမ်း ဆောင်ရွက်ပေး ရတဲ့ လုပ်ငန်းဖြစ် ပါတယ်''ဟု ၄င်းက ဆက်လက် ပြောသည်။

''ရေကတော့ အနည်းငယ် ကျဆင်းသွားပါတယ်။ ဒါပေမဲ့ စက်လှေတွေက မောင်းလို့ သွားလာလို့ ရနေပါ သေးတယ်။ ရွာမ ရေလမ်းကြောင်း၊ ဖောင်တော်ဦး ဘုရားရင်ပြင်ရှေ့ အထိ၊ အလိုတော်ပေါက် ဘုရားရေ လမ်းကြောင်း၊ ငါးဖယ်ချောင်း ရေလမ်းကြောင်း၊ အင်းပေါခုံရွာ ရေလမ်းကြောင်း တွေမှာလည်း ဧည့်သည် စက်လှေတွေ သွားလာ မောင်းနှင်နေပြီး ဧည့်သည်တွေလည်း နေ့စဉ်လာရောက် လည်ပတ်လျက် ရှိပါတယ်'' ဟု စက်လှေ မောင်းနှင်သူ ကိုအောင်မိုးဝင်း က ပြောသည်။

ကန်အတွင်း အဓိက စီးဝင်သည့် ချောင်းများဖြစ်သည့် ဘီလူးချောင်း၊ ကလောချောင်း၊ နမ့်ကတ်ချောင်း၊ နယ်ခြားချောင်း တို့တွင် ရေစီးဝင်မှုများ ရှိနေကြောင်း၊ ရေအနက်မှာ ရေလယ် ဗိုလ်တဲဝန်းကျင်တွင် ၁ဝ ပေခန့်၊ ဖောင်တော်ဦး ဘုရားရှေ့ ရေလမ်းကြောင်းတွင် ၄ ပေခန့် ရှိကြောင်း သိရသည်။

နေမျိုးသူရိန်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger