www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, December 5, 2015

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်



နေပြည်တော် ၊ ၅-၁၂-၂၀၁၅

တိုင်းပြည်ကို အေးချမ်းသာယာပြီး တိုးတက်စေလိုသော စိတ်ရှိသည့် နိုင်ငံသားတစ်ဦး အနေဖြင့် စည်းကမ်းရှိခြင်း၊ တရားမျှတခြင်း၊ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းခြင်း၊ ညီညွတ်မျှတသော ပူးပေါင်း ဆောင်ရွက်မှုရှိခြင်း၊ နိုင်ငံကြီးသား ပီသခြင်း၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်းခြင်း၊ မိမိစွမ်းရည် သတ္တိ ထက်မြက်အောင် ဆောင်ရွက် အသုံးချခြင်း၊ အကြီးအကဲ ဂုဏ်ရည် ပြည့်ဝအောင် ကျင့်ကြံ ဆောင်ရွက်ခြင်း၊ အတွေးအခေါ်များ အမြဲရှင်သန်အောင် ဆောင်ရွက်ခြင်း စသည့် လူတစ်ဦးချင်း ဆိုင်ရာ ကျင့်ကြံ အားထုတ်မှု တို့ကို အမိ စစ်တက္ကသိုလ်က လေ့ကျင့်ပျိုးထောင် ပေးမှုများ နှင့် ပေါင်းစပ် ပြီး မိမိဘ၀ တိုးတက်မှုကို ထာဝရ ရှင်သန်အောင် နေထိုင်ကြိုးစား ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်က ယမန်နေ့ နံနက် ၇ နာရီခွဲ တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၅၇) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ၀ဏ္ဏကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့် ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နိုင်ငံခြား စစ်သံရုံးမှ စစ်သံမှူးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော် များနှင့် သင်တန်းဆင်း ဗိုလ်လောင်း များ၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်သည်တော် များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများအား တွေ့ရစဉ်

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက် လာကြသည့် နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် ဧည့်သည်တော် များအား တွေ့ရစဉ်

ဦးစွာ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်း တပ်ရင်းများကို စစ်ဆေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကျောင်းဆင်းဗိုလ်လောင်း တပ်ရင်းများအား စစ်ဆေးစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အား ဗိုလ်လောင်း တပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြု ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ဗိုလ်လောင်းတပ်ရင်း များ၏ ချီတက် အလေးပြုခြင်းကို ခံယူစဉ်


ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၇)မှ အောင်စစ်သည်ဆု နှင့် လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၆၄၆ ဗိုလ်လောင်း နေထက်လင်း၊ စာပေ ထူးချွန်ဆု (၀ိဇ္ဇာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၆၂၃ ဗိုလ်လောင်း ထူးဝင့်မောင်၊ စာပေ ထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၉၁၁ ဗိုလ်လောင်း အောင်သူနိုင်၊ စာပေ ထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၅၈၁ ဗိုလ်လောင်း ဇော်လွင်ဦး တို့အား ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အောင်စစ်သည်ဆု နှင့် လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၆၄၆ ဗိုလ်လောင်း နေထက်လင်း အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စာပေ ထူးချွန်ဆု (၀ိဇ္ဇာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၆၂၃ ဗိုလ်လောင်း ထူးဝင့်မောင် အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စာပေ ထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၉၁၀ ဗိုလ်လောင်း အောင်သူနိုင် အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စာပေ ထူးချွန်ဆု (ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၂၉၅၈၀ ဗိုလ်လောင်း ဇော်လွင်ဦး အား ဆုချီးမြှင့်စဉ်
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် တပ်မတော် (ကြည်း၊ရေ၊လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန် ဆိုသည့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် နှင့်အညီ တပ်မတော်၏ ခေါင်းဆောင်ငယ် များအဖြစ် မွေးထုတ်ပေးခဲ့ခြင်း ဖြစ်၍ ထက်မြက်သည့် လက်ရုံးရည်၊ မှန်ကန်သည့် နှလုံးရည်များနှင့် ယုံကြည်ကိုးစား ရသော ခေါင်းဆောင်များ ဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် လေ့လာမှု သည် ဘ၀တစ်လျှောက် အောင်မြင် တိုးတက်မှုကို အထောက်အကူပြု နေမည်ဖြစ်ကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့်အတိုင်း လေ့လာ မှတ်သားမှုများ စဉ်ဆက်မပြတ် ပြုလုပ်ပြီး ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်မှု များ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရရှိထားသည့် လေ့လာမှု၊ လေ့ကျင့်မှုတို့ အပေါ် လုပ်ငန်းခွင်၌ လိုက်နာ ဆောင်ရွက်ခြင်းသည် အောင်မြင်မှုကို ရရှိစေမည် ဖြစ်ကြောင်း။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းဆင်း ဗိုလ်လောင်းများ နှင့် မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြားစဉ်



တပ်မတော် တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် ခေါင်းဆောင်ငယ်များ အဖြစ် တာဝန်ထမ်းဆောင် ကြရမည်ဖြစ်၍ မှန်ကန်သည့် ခေါင်းဆောင်မှု ပေးနိုင်ရန် တည်ကြည် ရိုးသားမှုနှင့် တောင်တည့် ဖြောင့်မတ် မှန်ကန်သည့် ကိုယ်ကျင့်တရား မြင့်မားရန် လိုကြောင်း၊ မိမိကိုယ်ကို ကိုယ်ကျင့်တရား ကောင်းသည့် ခေါင်းဆောင်များ အဖြစ် အစဉ်ဂရုစိုက် ထိန်းသိမ်းရန် အလေးအနက် မှာကြား လိုကြောင်း၊ မျှတသည့် စိတ်ထား၊ မှန်ကန်သည့် သဘောထား၊ ရဲရင့် ပြတ်သားသည့် ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယုံကြည်မှု၊ သစ္စာရှိမှု၊ အဆင့်နှင့် လျော်ညီသည့် လုပ်ငန်းကျွမ်းကျင်မှု များဖြင့် လက်အောက်ငယ်သား များအပေါ် ရဲဘော်ရဲဘက်စိတ် ထား၍ ပြုမူဆက်ဆံ သွားရမည် ဖြစ်ကြောင်း၊ စည်းကမ်း ဆိုသည်မှာ လူ့ကျင့်ဝတ်တစ်ခု ဖြစ်သကဲ့သို့ တပ်မတော်၏ ကျောရိုးဖြစ်၍ အထူး လိုက်နာစောင့်ထိန်း ကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်း၏ အခြေခံဖြစ်သည့် စစ်သည်တော် ကျင့်ဝတ် (၆၀) ပါးကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲမြံစွာ လိုက်နာသွား ကြရမည် ဖြစ်ကြောင်း၊ တပ်မတော် စွမ်းရည်ရှိမှုသည် စစ်စည်းကမ်း ကောင်းမွန်မှု၊ ဥပဒေလေးစား လိုက်နာမှုပေါ်တွင် များစွာတည်ကြောင်း၊ ပြည်သူက ရွေးချယ်သည့် နိုင်ငံရေးစနစ် သည်လည်း စည်းကမ်း ကောင်းမွန်မှု၊ ဥပဒေလေးစားမှု အပေါ်တွင် တန်ဖိုးထားသည့် အတွက် ခေါင်းဆောင်များ အနေဖြင့် ဥပဒေလေးစား လိုက်နာမှုကို စံနမူနာပြ လုပ်ဆောင်ပြရန် လိုကြောင်း။ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး လက်အောက်ကိုလည်း တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ရန် လိုကြောင်း၊ အတွေ့အကြုံ နုနယ်သေးသည့် ကာလများတွင် အလုပ်လုပ်ကိုင် သည့်အခါ စိတ်လိုက်မာန်ပါ မလုပ်ရန် လိုကြောင်း၊ အသိတရားနှင့် သတိတရားကို လက်ကိုင်ထားပြီး လုပ်ဆောင်သွား ကြရန်လိုကြောင်း၊ အပျော်အပါး အသောက်အစား ကင်းကင်းဖြင့် တန်ဖိုးရှိရှိ နေထိုင်ရန်၊ အသုံးနှင့်အဖြုန်းကို ခွဲခြားနားလည်ပြီး ဝင်ငွေနှင့် ထွက်ငွေကို မျှမျှတတ သုံးစွဲစုဆောင်း တတ်သည့် အလေ့အကျင့်ကိုပါ မွေးမြူသွားကြရန် မှာကြားလိုကြောင်း။

တပ်မတော်ကို အရည်အချင်း ပြည့်ဝပြီး အရည်အသွေး ရှိသည့် ခေတ်မီ တပ်မတော် (Standard Army)အဖြစ် တည်ဆောက်နေချိန် ဖြစ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းရပ် အားလုံးကို ကြိုးကြိုးစားစား ဆောက်ရွက် သွားကြရန် လိုကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်များ အမြဲထက်မြက် နေရန်လိုကြောင်း၊ စွမ်းရည်သုံးရပ် ပြည့်စုံမှသာ ပေးအပ်သည့် အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေး ကြိုးပမ်းမှုမှ ပေါက်ဖွားလာကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးမှ လွတ်လပ်ရေး ရသည်အထိ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်ပြီး လက်တွဲတိုက်ပွဲဝင် ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်မှ ယနေ့ အချိန်ထိ အရေးကြုံတိုင်း ပြည်တွင်းပြည်ပ အန္တရာယ် အသွယ်သွယ်ကို တိုက်ဖျက်ချေမှုန်းရင်း နိုင်ငံတော်နှင့် ပြည်သူအတွက် ရပ်တည်ကာကွယ် ပေးခဲ့ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ခေတ်စနစ် ပြောင်းလဲတိုင်း မှာလည်း ဦးဆောင်ဦးရွက် ပြုခဲ့ရကြောင်း၊ တိုင်းရင်းသား မိဘပြည်သူများမှ ပေါက်ဖွားလာပြီး အစဉ်အလာ ကောင်းများနှင့် ရှင်သန်ရပ်တည်နေသော တပ်မတော်၏ သမိုင်းကြောင်းသည် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် အစဉ်အမြဲ ဒွန်တွဲလျက်ရှိကြောင်း၊ တိုင်းရင်းသာလူမျိုးပေါင်း ၁၀၀ ကျော်၊ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီး ဖြစ်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန် အရေးသုံးပါးသည် တပ်မတော်သားများ အမြဲတမ်းထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားရမည့် အမျိုးသားရေး တာဝန်ဖြစ်ကြောင်း၊ စည်းလုံး ညီညွတ်ပြီး ခိုင်မာသည့် တပ်မတော်မရှိပါက နိုင်ငံတော် ယိမ်းယိုင်ချိနဲ့ သွားနိုင်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်လျက် ရှိသည့် တပ်မတော် အနေဖြင့် တပ်တွင်း စည်းလုံး ညီညွတ်ရေး ကို ပိုမိုကျစ်လျစ် ခိုင်မာအောင် တည်ဆောက်ကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် တပ်တည် ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်ကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း။

ယနေ့ပြည်သူက ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းတွင် လျှောက်လှမ်း နေကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဗဟိုဦးစီး အုပ်ချုပ်သည့် စနစ်မှ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ပထမခြေလှမ်းသစ် ပြောင်းလဲ လျှောက်လှမ်း ခဲ့ကြောင်း၊ ယခုအခါ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း၏ ဒုတိယခြေလှမ်း လျှောက်လှမ်းရန် လိုအပ်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ယင်း လမ်းကြောင်းကို သွားရာတွင် စည်းကမ်း ပြည့်ဝရန် လွန်စွာ အရေးကြီးပြီး ဒီမိုကရေစီ၏ အခြေခံ အကျဆုံး အချက်သည် စည်းကမ်း လိုက်နာခြင်းနှင့် ဥပဒေကို တန်ဖိုးထား လေးစားခြင်းတို့ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်မှာ သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုးကို ကျီး ဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေ ဆိုသကဲ့သို့ အပြန်အလှန် လေးစား၊ အပြန်အလှန် အထောက်အကူပြု ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွပ်လပ်ရေးရပြီး ချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် အမျိုးသားရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ် ခဲ့သည်ကို မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် အထင်ကရ တွေ့မြင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ကို ချမှတ်ထားကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် အရင်းခံဖြင့် ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ဖိတ်ခေါ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး နိုင်ရန် အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှု ရလဒ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ လက်မှတ် ရေးထိုးရန် ကျန်သည့် အဖွဲ့များ အတွက်လည်း အမြဲတမ်း တံခါးဖွင့် ပေးထားပြီး ကြိုဆိုလျက် ရှိကြောင်း။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ် ရေးထိုးရုံဖြင့် မပြီးဘဲ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အများအပြား ကျန်ရှိနေသေးကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် SSR ၊ DDR လုပ်ငန်းစဉ်များ အတိုင်း လုံခြုံရေးအရ ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက် နိုင်ရမည် ဖြစ်ကြောင်း၊ ယင်း လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန် နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် အမျိုးသားရေး အသွင် အကောင်အထည် ဖော်ဆောင် ရွက်ရေးအတွက် ပါဝင်ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး ကို အမှန်တကယ် ရယူလိုသည့် ဆန္ဒရှိရန် လိုအပ်ပြီး စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို အရင်းခံ လျှောက်လှမ်း ဆောင်ရွက်မည် ဆိုပါက တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေသော ထာဝရ ငြိမ်းချမ်းရေးသည် မလွဲမသွေ ရရှိမည် ပင်ဖြစ်ကြောင်း။ အမိစစ်တက္ကသိုလ်၏ ဂုဏ်ကို ဆောင်နိုင်သော လက်ရုံးရည် နှလုံးရည် ပြည့်ဝ သည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရန်၊ တပ်မတော်၏ အစဉ်အလာ ကောင်းများကို ထိန်းသိမ်းရင်း ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူလူထုမှ အားကိုးယုံကြည် ထိုက်သည့် ခေါင်းဆောင် ကောင်းများ ဖြစ်လာအောင် အစဉ်ကြိုးပမ်း ဆောင်ရွက် သွားကြရန် မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

စစ်ရေးပြ အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်း ၄ ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ လူတစ်ဦးချင်း၏ အောင်မြင်မှုသည် စိတ်ပေါ်တွင် မူတည်ပြီး ကြိုးစားချင်စိတ်၊ လေ့လာလိုစိတ် ရှိရန်လိုကြောင်း၊ မိမိကိုယ်ကို အလိုမလိုက်ရန် လိုအပ်ပြီး မိမိ ကွပ်ကဲရသူများ အပေါ်တွင်လည်း အလိုမလိုက်ရန် လိုကြောင်း၊ ကြိုးစားမည် ဆိုပါက ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သင်ကြား ပေးလိုက်သည့် စစ်ပညာ၊ အတတ်ပညာ များကို အသုံးချပြီး အတွေးအခေါ် ရင့်ကျက် ရှင်သန် တိုးတက်အောင် ဖတ်ရှုလေ့လာ မှုဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကြောင့် မိမိဘ၀ အညွှန့်ချိုး မခံရရန် လိုအပ်သလို မိမိကိုယ်မိမိလည်း အညွှန့်မချိုးမိ စေရန်လိုကြောင်း၊ တတ်နိုင် သလောက် မိဘကို ကျေးဇူးဆပ်ရန် လိုအပ်ပြီး နိုင်ငံတော်နှင့် တပ်မတော် အပေါ်တွင်လည်း သစ္စာရှိမှုဖြင့် ကျေးဇူးဆပ်ရန် လိုကြောင်း၊ အလိုအပ်ဆုံးမှာ မိမိကိုယ်မိမိ ထိန်းသိမ်းပြီး ဆက်လက်ကြိုးစား ဆောင်ရွက်သွား ကြရန် မှာကြား လိုကြောင်းဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger