ရန်ကုန် ၊ ၃-၁၂-၂၀၁၅
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လျက် ရှိသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ပုဂံမြို့၏ ရှုခင်းအလှ များကို လှည့်လည် ကြည့်ရှုရာတွင် မြင်းလှည်းများ ငှားရမ်း စီးနင်း၍ လေ့လာမှုမှာ ယနေ့ထိတိုင်
ပျောက်ကွယ်ခြင်း မရှိဘဲ စီးနင်းမှုမှာ ပို၍များပြား လာခြင်းကြောင့် မြင်းလှည်း အငှားဈေးကွက်မှာ ကောင်းမွန်နေဆဲ ဖြစ်ကြောင်း သိရသည်။
''မြင်းလှည်း အငှားက ၁၂ ရာသီပတ်လုံး အလုပ်လုပ် ရပါတယ်။ အဓိကကတော့ နေဝင်ဆည်းဆာ ကို ကြည့်ရှုချင်သူ တွေနဲ့ ပုဂံအနီး တစ်ဝိုက်မှာ ရှိတဲ့ ရွာတွေကို သွားရောက် လည်ပတ်တဲ့ နေရာမှာ အသုံးပြုကြ ပါတယ်။
နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ကလည်း အထူးနှစ် သက်မှုရှိတဲ့ အတွက် မြင်းလှည်း မောင်းသူတွေက တွက်ခြေကိုက်ပြီး တစ်နှစ်ထက် တစ်နှစ် မြင်းလှည်း အစီးရေ ကလည်း ပိုမိုများပြားပြီး ဈေးကွက်ကလည်း ရှိနေဆဲပါ'' ဟု ပုဂံဒေသခံ တစ်ဦးဖြစ်သည့် ကိုမင်းအောင် က ပြောသည်။
မြင်းလှည်းငှားရမ်း စီးနင်းရာတွင် ညနေခင်း နေဝင်ဆည်းဆာ ကြည့်ရှုရန်နှင့် နံနက်မှ ညနေ နေဝင်ဆည်းဆာ ကြည့်ပြီးသည့် အချိန်ထိ ငှားရမ်းမှုဟူ၍ နှစ်မျိုးရှိကြောင်း သိရသည်။ ထို ငှားရမ်းမှု နှစ်ခုအနက် ညနေခင်း ဆည်းဆာချိန် သွားရောက် ကြည့်ရှုရန် ငှားရမ်းမှုမှာ ပိုမိုများပြားပြီး ကိုရီးယား လူမျိုးများက အဓိက ငှားရမ်းလျက် ရှိကြောင်း သိရသည်။
ညနေခင်း နေဝင်ဆည်းဆာ ကြည့်ရှုရာတွင် မြင်းလှည်း ငှားရမ်းခ ဈေးနှုန်းမှာ မိနစ် ၃ဝ သို့မဟုတ် ၄၅ မိနစ်လျှင် မြန်မာငွေ ကျပ် ၇ဝဝဝ မှ ၈ဝဝဝ ပေးရပြီး နံနက် ၈ နာရီမှ ညနေ နေဝင်ပြီးချိန် အထိ မြင်းလှည်း ငှားရမ်းရာတွင် မြန်မာငွေ ကျပ် ၂ဝဝဝဝမှ ၂၅ဝဝဝ ခန့် ရှိကြောင်းသိရသည်။
သီရိ
မြ၀တီနေ့စဉ် ၊ စာ(၆)






No comments:
Post a Comment