www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 2, 2015

မန်ကျည်းသီး ၏ ဆေးဖက်ဝင် အာနိသင်



မန်ကျည်းသီး ၏ ဆေးဖက်ဝင် အာနိသင်

ကြည်မြင့်လွင် (မုဒြာ)

'နွေထနောင်း၊ ဆောင်းမန်ကျည်း' ဟု ရှေးလူကြီးများ ဆိုရိုးစကား ရှိသည်။ အရိပ် အာဝါသ ရသည်ကို ပြောသည်လော ဆေးဖက်ဝင် သည်ကို ပြောသည်လော သေချာ ရှင်းလင်းစွာ မသိပါ။ သို့သော် စာရေးသူတို့ ငယ်စဉ်က တောရွာများတွင် မန်ကျည်းသီး အမှည့်များ ကို ကောက်ယူပြီး အစေ့များ ထုတ်၍ အနှစ်ကို လူကြီးများက မီးဖိုချောင်သုံး ဟင်းခတ်ရန် အတွက် အိုးများနှင့် သိပ်ကာ သိမ်းထားကြ သည်။ ချဉ်ရည်ဟင်း ချက်ရာတွင် မန်ကျည်းမှည့် သည် မပါမဖြစ်ပေ။ ငါးနှင့် မန်ကျည်းမှည့် ရောချက်လျှင်လ်ညး အလွန်စား၍ ကောင်းသည်။

မန်ကျည်းမှည့် အနှစ်ကို သကြားဖြင့် လုံး၍ သရေစာအဖြစ် ကလေး များကို ကျွေးသည်။ ဆောင်းဥတုတွင် ချောင်းဆိုးရောဂါ အလွန် အဖြစ်များသည်။ မန်ကျည်းမှည့် စားသုံးသော ကလေးများ သည် ချောင်းဆိုးရောဂါ၊ အပူကန်ရောဂါ များမှ ကင်းဝေးသည်ဟု ဆိုသည်။ လူကြီးများက မန်ကျည်းမှည့်ကို အညာ ထန်းလျက်ဖြင့် ဆားအနည်းငယ် ထည့်ကာ စိမ်ထားပြီး ညအိပ်ရာဝင် ခါနီးအချိန် သောက်သုံး ပေးခြင်းဖြင့် ဝမ်းမှန်ပြီး အပူအပုပ် ကင်းစင်သည်ဟု ဆိုကာ မကြာခဏ သောက်သုံးကြ သည်ကို တွေ့ရသည်။ မန်ကျည်း သီးနှင့် ထန်းလျက်သည် အညာသား များအတွက် ၉၆ ပါးဆေး ဖြစ်သည် ဟုပင် ဆိုကြသည်။

မှန်ပါသည်။ ဝမ်းမှန်၍ အပူအပုပ် ကင်းစင်သူသည် ဘေးဥပဒ်၊ ရောဂါဘယ ကျရောက်ခဲသည်။ အသားအရေ ကြည်လင်ပြီး ရုပ်ပေါ့ပါးကာ အစားလည်း ဝင်သည်။ 'ဝမ်းတစ်လုံး ကောင်းလျှင် ခေါင်း တစ်လုံးမခဲ' ဟုဟူသော စာဆိုနှင့်အညီ ခေါင်းကိုက်ခြင်း ကဲ့သို့ ရောဂါငယ် လေးပင် မဝင်ရောက်ဟု ဆိုသည်။ မန်ကျည်းမှည့် အနှစ်ကို နေ့စဉ် ချက်ပြုတ်သော ဟင်းလျာများတွင် ထည့်ချက်ရုံဖြင့် ဝမ်းကို မှန်စေနိုင်သည်။ ချဉ်ဖြုံးဖြုံး အရသာသည် နှုတ်ကိုလည်း မြိန်စေနိုင်သည်။

'နွေ-ချို၊ မိုး-ခါး၊ ဆောင်း-ချဉ်စား၊ မှတ်သား လူကျန်းမာ' ဟု စာဆိုရှိ သောကြောင့် ဆောင်းရာသီသည် အချဉ် စားရမည့် ရာသီဖြစ်သည်။ အချဉ်များများ စားပေးလျှင် ကျန်းမာသည်။ ဆောင်းဥတု တွင် ဖြစ်လေ့ရှိသော အပူ ငုပ်လျှိုးသည့် ရောဂါ၊ လေပူထ ရောဂါ၊ ချွေးမထွက် အသားပပ်ကြားအက် ရောဂါ၊ ခြေဖနောင့် ကွဲ ရောဂါ၊ ရိုးတွင်းခြင်ဆီမှ ကိုက်ခဲသော ဒူလာရောဂါများ သက်သာ ပျောက်ကင်း စေနိုင်သည် ဟု ရှေးဆရာကြီးများ မိန့်ကြား ခဲ့ပါသည်။

အချဉ်အရသာ ကြိုက်နှစ်သက် သူများသည် မန်ကျည်းသီးစိမ်း အနုလေးများကို ထောင်းပြီး ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း၊ စိမ်းစား ငါးပိတို့နှင့် ရောကာ နှုတ်မြိန်စရာ ဟင်းတစ်ခွက် အဖြစ် စားသုံးလေ့ ရှိကြသည်။ ချဉ်စပ် အရသာကြောင့် ဆောင်းတွင်း၌ပင် ချွေးများ ထွက်လာသည်ဟု ဆိုသည်။ မိုးမျှော် ငရုတ်သီး (သို့မဟုတ်) ကုလားအော် ငရုတ်သီးကို ငရုတ်ဆုံတွင် ညက်အောင်ထောင်း၊ မန်ကျည်းသီးစိမ်း အနုလေးများ ၏ အပြင်ခွံကို ဓားဖြင့်ခြစ်ပြီး ထည့်ထောင်းပါ။ ထို့နောက် မီးကင်ထားသော ငါးပိကို ထပ်ရော ထောင်းလျှင် အလွန် စားကောင်းသည့် မန်ကျည်းသီး စိမ်းထောင်း ဟင်းတစ်ခွက် ဖြစ်သည်။ လိုက်ဖက်သော ဟင်းချိုသည် မဲဇလီဖူး ဟင်းချိုနှင့် ကျောက်ဖရုံသီး ဟင်းခါး တို့ဖြစ်သည်။

မန်ကျည်းသီး၏ ဆေးဖက်ဝင် အာနိသင်ကို ဥတုဘောဇန သင်္ဂဟကျမ်းတွင် ဖော်ပြထားသည်မှာ မန်ကျည်းသီး အနုသည် လေသလိပ် အဆီခဲ တို့ကို နိုင်၏ မန်ကျည်းသီး အစိမ်းရင့်သည် ကြေခဲ၏။ 'သွေး၊ သည်းခြေ၊ သလိပ်ကို ပျက်စေတတ်၏။ လေကိုနိုင်၏။ ဝမ်းချုပ်၏။ ပူ၏၊ ဝမ်းမီးကို တောက်စေ၏။ နှုတ်ကို မြိန်စေတတ်၏ 'ဟု ဆိုသည်။

မန်ကျည်းသီး မှည့်သည် လေသလိပ် တို့ကို နိုင်၏။ သွေးသည်းခြေကို စဉ်းငယ် ပျက်စေတတ်၏။ ဝမ်းသက် စေတတ်၏။ ရှောက်သီးနှင့် အကျိုးတူရန် ရှိ၏။ ကျမ်း၏ အဆိုအရ မန်ကျည်းသီး အမှည့်က လူ၏ ကျန်းမာရေးကို ပို၍ အကျိုးပြုသည်။ မန်ကျည်းသီးစိမ်း (အထူးသဖြင့် မန်ကျည်းသီး အရင့်)မှာ ခံတွင်းကောင်းရန် အတွက် တစ်ခါတစ်ရံ သာ စားသုံးသင့်သည်။ အလွန်အကျွံ မစားသင့်၊ တန်ဆေး လွန်ဘေး ဖြစ်သည်ကို သတိမူသင့် ပါသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger