အိမ်ထောင်ရေး နှင့် အချစ်
မဒါလေး
တွေ့မြင်နေရသည့် မျက်စိရှေ့မှ စုံတွဲကို ကြည့်ရင်း ကျွန်မသက်ပြင်း အခါခါချ နေမိသည်။ တွေ့မြင် နေရသည့် အကြောင်းအရာ များကို ပြန်ဆန်းစစ် ကြည့်လျှင်လည်း လောက ဓမ္မတာဟုပင် ဆိုရမည်လား ဟု မိမိ ကိုယ်ကို မေးမိသည်။ မည်သည့် အရာက မှန်ပြီး မည်သည့် အရာက မှားနေသနည်း။ ခေတ်ကိုပင် အပြစ်တင် ရမည်လား။ အိပ်မက်ဆိုး များကို ကြိုမက်သွားသော ကောသလ မင်းကြီးကိုပင် အပြစ်တင် ရမည်လား။ တစ်လအတွင်း လက်ထဲသို့ ရောက်လာသော မင်္ဂလာဆောင် ဖိတ်စာများက မရေမတွက် နိုင်အောင်ပင် ဖြစ်သည်။ ဝါလကင်းလွတ် သီတင်းကျွတ် ပြီမို့ သူ့ထက်ငါ အပြိုင် မင်္ဂလာဆောင် ကြလေ သလားဟု ထင်မိသည်။ ရာသီအလိုက် ပွဲများတွင် မင်္ဂလာဆောင် ပွဲများ ပါလေသလား ဟု အောက်မေ့မိသည်။ အချို့ ကိုယ်တိုင် လာဖိတ်သူများ ဆိုလျှင် သတို့သားရော သတို့သမီး ကိုပါ မြင်ခွင့်ရသည်။ အချို့မိဘ (သို့မဟုတ်) ဆွေမျိုးများ လာဖိတ်လျှင်တော့ မြင်တွေ့ခွင့် မရဘဲ မင်္ဂလာခန်းမ ရောက်မှပင် အောချရ လောက်အောင် သတို့သား နှင့် သတို့သမီးသည် ငယ်ရွယ်လွန်း လှကြောင်း တွေ့ရသည်။
လက်ထဲက ဖိတ်စာကို ကိုင်ထားရင်း လာဖိတ်သည့် စုံတွဲကို ကြည့်ကာ အတွေးနယ်ချဲ့ နေမိခြင်း ဖြစ်သည်။ အသက်က နှစ်ယောက် ပေါင်းမှ လေးဆယ်ပင် ရှိမည်မထင်။ ကလေးသာသာ အရွယ်တွေက မနည်း အသက်ကြီး အောင် ပုံဖမ်းထား သကဲ့သို့ ဖြစ်နေသည်။ သူတို့ ကြည့်ရသည်မှာ ဘဝတိုက်ပွဲကို နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင် ဝင်ကြမည့် သူများနှင့် မတူဘဲ ရုပ်ရှင်ကား တစ်ကားတွင် ပါဝင် သရုပ်ဆောင် နေကြသည် နှင့်ပင်တူသည်။
နှစ်ဦးလုံးသည် ယခု ကြင်ရာစုံသော ဘဝကို ရောက်နေပြီ။ သို့သော် ပညာမစုံ သေးပါ။ အထက်တန်း ပညာ တစ်ဝက်တစ်ပျက် နှင့် တက္ကသိုလ် ဟူသော ပညာရင်ခွင် တစ်ခုကို သူတို့ အပြီးတိုင် ကျောခိုင်းခဲ့ ကြသည်။ ချစ်တုန်း ကြိုက်တုန်းမို့ မစဉ်းစား နိုင်သော်လည်း မိဘများက ရော မပြောဘူးလား ဟု တွေးမိပြန်သည်။ မိဘ ဟူသည်မှာ သားသမီး တို့ မြင့်သည်ထက် မြင့်သည်ကိုသာ မြင်တွေ့လိုသော သူများ ဖြစ်သဖြင့် မပြောမည် မဟုတ်ပါ။
အနည်းနှင့် အများတော့ ပြောမည်မှာ အသေအချာ ပင် ဖြစ်သည်။ သို့သော် ထိုသို့ မိဘများ တားဆီးသည် ကိုက လူငယ်များ အတွက် ပိုမိုပြင်းပြသော စိတ်ဆန္ဒတို့ ဖြစ်စေသည်လား မပြော တတ်တော့ပါ။ စိတ်အမောတို့ မပြေနိုင်သော်လည်း စာရေးသူ ဘာမျှ မတတ်နိုင်ပါ။ ရပ်အကွက် အတွင်း ရင်းနှီးသူ အချို့နှင့် တပည့်များ ကိုတော့ ကြုံရင်ကြုံသလို လူမှုဒုက္ခ အဝဝကို ဆွေးနွေးခြင်းများ၊ ပြောဆိုဆုံးမ ခြင်းများ ပြုလုပ်မိ သော်လည်း အချို့မှာ ပြောတိုင်းလည်း မဖြစ်သည့်အရာ များစွာ ရှိနေပါသေးသည်။ အရာရာ ကိုယ်ဖြစ်ချင် တိုင်းသာ ဖြစ်လျှင် အားလုံး အကောင်းများ ချည်းသာ ဖြစ်နေပေလိမ့်မည်။
''ဆရာမ ... ဆရာမ''။ အိမ်ရှေ့မှ ခေါ်သံကြား သဖြင့် ထွက်ကြည့်ရာ စာရေးသူတို့ တစ်အိမ်ကျော်တွင် နေသော ရန်နိုင် ဖြစ်နေသည်။ ချွေး တလုံးလုံးဖြင့် လက်ထဲတွင် လည်း ဖိတ်စာများကို ကိုင်ထားသည်။ ဖိတ်စာ မြင်သည်နှင့် စာရေးသူ သိလိုက်ပြီ။ သူလည်း မင်္ဂလာဆောင် ကိစ္စဖြင့် လုံးပန်းနေသူ ဖြစ်နေလေပြီ။ ''သတင်းမကြား ဘာမကြားနဲ့ ဘယ်လို ဖြစ်တာတုန်း မောင်ရန်နိုင်''။ စာရေးသူ မေးသော မေးခွန်းကို သူကအံ့သြ သကဲ့သို့ မျက်လုံးပြူး ကြည့်နေသည်။ လက်ထဲမှ ဖိတ်စာကို ကမ်းပေးရင်း စာရေးသူ ဘာဆက်ပြော မည်နည်းဟု စောင့်နေပုံ ပေါ်သည်။
.. ''ကောင်မလေးက ဘယ်ကလဲ၊ ဘယ်အရွယ်လဲ၊ မင်းသူငယ်ချင်း ထဲကပဲလား''။ ထိုသို့ မေးလိုက်မှ သူသဘောပေါက် သွားပုံရသည်။ ပြုံးစိစိနှင့် .. ''ဆရာမ ကလဲ ကျွန်တော့်ကို အထင်ကြီး နေပါပြီ။ ကျွန်တော်တို့ တောင်ဘက်အိမ်က ကလေးလေး မင်္ဂလာဆောင်ကို ကူလုပ်ပေးတာ ပါဆရာမ။ မနက် ကတည်းက မနားရသေးဘူး''။ သူ့အဖြေကို အကြားမှာတော့ မျက်လုံးပြူး ရသူက စာရေးသူ ဖြစ်နေသည်။ သူ့အဖြေက တောင်ဘက်အိမ်မှ ကလေးလေး ဟု ပြောသွားသည်။ အသက် နှစ်ဆယ့်ငါး လောက်ပင် ရှိသေးသော လူငယ်တစ်ဦး အနေနှင့်ပင် ကလေးလေး ဟု ပြောရ လောက်အောင် မင်္ဂလာဆောင်မည့် သူများက ဘယ်လောက် ငယ်လေ မလဲဟု စဉ်းစားရင်းပင် ခေါင်း နားပန်းကြီး သွားရသည်။
.. ''ဟဲ့... မင်းအရွယ်နဲ့ ကလေးလေး ပြောရအောင် သူတို့ အသက်က ဘယ်လောက် မို့လို့တုန်း''။ စာရေးသူ မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။ ရန်နိုင် ပြောပြသည်က ကောင်လေးမှာ ဆယ့်ရှစ်နှစ်ပင် မပြည့်သေးဘဲ ကောင်မလေးက ပိုငယ်သည်ဟု သိလိုက်ရသည်။ သီတင်းကျွတ်လ မပြည့်ခင် နှစ်ရက်အလိုမှာ ကောင်လေးက ကောင်မလေးကို ခိုးပြေးခြင်း ဖြစ်ကြောင်းလည်း ထပ်ပြော ခဲ့သေးသည်။
.. ''သူတို့တွေ တကယ်ချစ်လို့ ယူမှာလား၊ အိမ်မပြန်ရဲလို့ ယူကြမှာလား၊ အိမ်ထောင်ရေး ဆိုတာ ကိုရော သိကြရဲ့လား ကွယ်''။ ''မြေစာပင် ပုခက်လွှဲတဲ့ ခေတ်ကို ဆရာမရယ်''ဟု ရန်နိုင် ပြောပြောဆိုဆို နှင့် ပြောရင်း ထွက်သွားသည်။ ထို ကလေးနှစ်ဦးကို မျက်လုံးထဲ ပုံဖော်ကြည့်ရုံ နှင့်ပင် စာရေးသူ စိတ်မကောင်း ဖြစ်မိသည်။
အချစ်ဆိုသော အရာတစ်ခု အတွက်နှင့် အိမ်ထောင် တစ်ခု၏ လူမှုရေး၊ စီးပွားရေး များကို မည်ကဲ့သို့ ရင်ဆိုင်ကြ မည်နည်း။ မနိုင်ဝန်များ ထမ်းသဖြင့် မဖြစ်သင့်သော ကိစ္စများ ဖြစ်ကြဦးမည်။ ထိုအရာများ၏အကျိုးဆက်ကို နှစ်ဖက်မိဘများ အလူးအလဲခံကြရပေ ဦးမည်။ ကံကောင်းစွာဖြင့် စီးပွားရေးက အစ အရာရာ အဆင်ပြေပါစေ တော့ဟု ဆုတောင်းပေး ရသည်။ စာရေးသူတို့ ကဲ့သို့ အိမ်ထောင်သက် ရသော အသက်လတ်ပိုင်း အရွယ်များပင် တစ်ခါတစ်ရံမှာ အိမ်ထောင် ရေး ပြဿနာပေါင်း များစွာကို ရင်ဆိုင် ကျော်ဖြတ် နေရသည်မှာ ပင်ပန်းလေးလံ လွန်းလှသည်။ သူတို့ အရွယ်များနှင့် သတ္တိရှိကြ ပါပေသည် ဟုလည်း အခါခါ ချီးကျူးမိရင်း မောင်ရန်နိုင် ပြောသွားသည့် မြေစာပင် ပုခက်လွှဲ ဆိုသည့် စကားကို လေးလေးနက်နက် စဉ်းစားနေမိ ပါတော့သည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၃)
#Yadanarpondaily
No comments:
Post a Comment