www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 20, 2015

မြန်မာနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတော့အိတ်ချိန်း ဈေးကွက်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေ



ရန်ကုန် ၊ ၂၀-၁၁-၂၀၁၅

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၈ နိုင်ငံရှိသည့် အနက် ၁၉၄ နိုင်ငံမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။ အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံအနက် စတော့အိတ်ချိန်း မရှိသည့် ကိုးနိုင်ငံရှိရာ အဆိုပါ နိုင်ငံများတွင် မြန်မာနိုင်ငံ လည်း ပါဝင်သည်။

ထိုသို့ စတော့အိတ်ချိန်း မရှိသည့် ကိုးနိုင်ငံ စာရင်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတော့အိတ်ချိန်း ဈေးကွက် စတင် ဖွင့်လှစ်နိုင်ရန် လျာထား လုပ်ဆောင် နေကြောင်း ယခုနှစ် နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့၌ ကျင်းပပြုလုပ် ခဲ့သည့် ''Yangon Stock Exchange & Economic Development Potentials'' ဟောပြောပွဲ သတင်းများ အရ သိရသည်။

ဟောပြောပွဲတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က အဆိုပါ ခေါင်းဆောင်ဖြင့် ဟောပြောခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ကို ဖွင့်လှစ် လုပ်ကိုင်ရန် လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း မည်သည့်ခေတ် တွင်မှ လုပ်ကိုင် ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ၁၉၉ဝ ပြည့်နှစ်က ဝန်ကြီး ၁၇ ဦး ပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းကာ စတော့အိတ်ချိန်း ဈေးကွက် လုပ်ကိုင် ဆောင်ရွက်ခဲ့ သော်လည်း အကောင်အထည် မပေါ်ခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်ကလည်း စတော့အိတ်ချိန်း ဈေးကွက်ကို အကောင်အထည် ဖော် ဆောင်ရွက် နိုင်ခြင်း မရှိကြောင်း သိရသည်။

ထို့ကြောင့် ၂ဝ၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ဈေးကွက်ကို အကောင် အထည်ဖော် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းကာ ဂျပန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အကူအညီဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ အောင်မြင်လုနီးပါး ဖြစ်နေပြီဖြစ် သဖြင့် ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက် နေကြောင်း သိရသည်။

ယခု ဖွင့်လှစ်တော့မည့် စတော့ အိတ်ချိန်းကို မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကိုယ်စား မြန်မာ့ စီးပွားရေးဘဏ် နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီ နှင့် ဂျပန် စတော့အိတ်ချိန်း တို့ပူးပေါင်းကာ ဖက်စပ်လုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဖက်မှ ၅၁ ရာခိုင်နှုန်း ၊ ဂျပန် ကုမ္ပဏီနှစ်ခုမှ ၄၉ ရာခိုင်နှုန်းဖြင့် ထူထောင် လုပ်ကိုင်ခြင်း ဖြစ်သည်။

စတော့အိတ်ချိန်း စတင် ဖွင့်လှစ်သည့် နေ့တွင် အစုရှယ်ယာများ ရောင်းချမည့် အများပိုင် ကုမ္ပဏီကို ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger