www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 19, 2015

တတိယအကြိမ်မြောက် သစ်ခွပြိုင်ပွဲနှင့် ပထမအကြိမ် ပန်းမန်ပြိုင်ပွဲ ကျင်းပမည်


ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းနှင့် မြန်မာ့သစ်ခွ ချစ်သူများ၊ မြန်မာအလှ စိုက်ပင် ချစ်သူများ၊ မြန်မာ့ပန်းအလှ ဒီဇိုင်းတို့မှ ကြီးမှူး၍ တတိယ အကြိမ်မြောက် သစ်ခွပြပွဲ၊ ပြိုင်ပွဲနှင့် ပထမအကြိမ် ပန်းမန်ပြပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းရုံး ပြည်သူ့ရင်ပြင် ဝါးရွှေဝါလမ်း (နက္ခတာရာ ပြခန်းဘက်) ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

''အခုပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာပါ။ သစ်ခွပြိုင်ပွဲ ကတော့ ဒီနှစ်နဲ့ဆို သုံးကြိမ်မြောက် ပြသမှာဖြစ်ပြီး ပန်းမန်အလှ ပြိုင်ပွဲကတော့ ပထမဆုံး ကျင်းပတာပါ။ ဒါ့အပြင် ဒီပွဲမှာ အဆင့်မြင့် ပန်းအလှပြုပြင် သင်တန်းဆင်းပွဲ ကိုပါ ပြုလုပ် သွားမှာပါ။ ပြိုင်ပွဲဝင်မယ့် လူတွေ အနေနဲ့ကတော့ ကိုယ်တိုင် စိုက်ပျိုးပြီး ယှဉ်ပြိုင် တာလား၊ ဝယ်ယူပြီး ယှဉ်ပြိုင်တာလား ဆိုတာကိုတော့ စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ဝင်ပြိုင်မှုတွေ ပြုလုပ်ရမှာပါ။ စစ်ဆေးရေး အဖွဲ့က ပယ်ချတဲ့ အပင်တွေကို ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လက်ခံသွားမှာ မဟုတ်ပါဘူး'' ဟု ပြိုင်ပွဲ ကျင်းပရေးမှ အမှုဆောင် ကိုသန့်စင်အေး က ပြောသည်။

ပြိုင်ပွဲတွင် ခေါင်းစဉ်ပေါင်း ၁၅ ခုရှိပြီး ပြိုင်ပွဲဝင်မည့် အပင်များ ကိုလည်း ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီမှ ညနေ ၆ နာရီခွဲ အထိ လက်ခံမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီမှ ၁ဝ နာရီအထိ ပြုပြင်ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ခေါင်းစဉ် တစ်ခုချင်း အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်မည့်အပြင် သစ်ခွပင်များ အနေဖြင့် အကောင်းဆုံး မျိုးရင်း သစ်ခွဆုနှင့် အကောင်းဆုံး စပ်မျိုးသစ်ခွဆု များကိုလည်း ချီးမြှင့်ပေးမည် ဖြစ်ကာ ပြိုင်ပွဲခေါင်းစဉ် အားလုံးအတွက် အကောင်းဆုံး အပင်ဆု တို့ကိုလည်း ဆက်လက် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger