www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 9, 2015

ကွမ်းရွက် အစွမ်းထက်ပုံများ


ကွမ်းရွက် အစွမ်းထက်ပုံများ

ကြည်မြင့်လွင် (မုဒြာ)

လေတိုက်သော ရာသီတွင် အပြင်မှ ပြန်လာပြီး ရေအေး ချိုးလိုက်တိုင်း အင်ပျဉ်ထတတ်သူ တစ်ဦးသည် ဘာမီတွန် အင်္ဂလိပ် ဆေးကို အမြဲသောက် နေရသည်။ ထိုသူသည် ဆေးမြီးတို တစ်ခုဖြင့် သက်သာ သွားသဖြင့် အင်္ဂလိပ်ဆေး မသောက်ရတော့ ဟု ဆိုသည်။ ထိုဆေးမှာ ထူးထူးခြားခြား မဟုတ် ကွမ်းရွက် သုံးရွက်ကို မတ်ခွက်တွင် ထည့်၍ ရေနွေးစိမ် ထားပြီး ရေချိုးပြီးတိုင်း သောက်ပေးခြင်းဖြင့် ပျောက်ကင်း ခဲ့သည်ဟု ဆိုသည်။

မျက်ရိုးကိုက်၊ ဇက်ကြောတက် ရောဂါရှိသူ ကွန်ပျူတာ နှင့် နေ့စဉ် အလုပ်လုပ် ရသူတစ်ဦး မှာလည်း ကွမ်းရွက်ကို ပြားစေ့ အဝိုင်းခန့် ဆုတ်ပြီး နားထင်နှစ်ဖက်နှင့် မျက်မှောင် နှစ်ခုကြားတွင် ကပ်ပေးခြင်းဖြင့် သက်သာ သည်ဟု ဆိုသည်။ ကွမ်းရွက် ကပ်သောအခါ ကြမ်းသောဘက်မှ မကပ်ဘဲ မျက်နှာပြင် ပြောင်ချောသော ဘက်မှ ကပ်ရသည်။

မျက်မှန်ဒီဂရီ တက်သူနှင့် မျက်စိ သူငယ်အိမ် စောင်းသူ များလည်း ညအိပ်ရာ ဝင်ချိန်တွင် ကွမ်းရွက်ကို ပုံမှန်ကပ်ပေး ခြင်းဖြင့် မျက်မှန်ဒီဂရီ လျော့ကျစေပြီး သူငယ်အိမ် စောင်း၍ မျက်မှန်တပ် ရသူများမှာ တစ်လခန့် ကပ်ရုံဖြင့် မျက်မှန် လွတ်သွားသူများ ရှိသည်ဟု ဆိုသည်။ အချို့မှာ ကွမ်းရွက်ကို ပြားစေ့ခန့် အဝိုင်း ပြုလုပ်၍ ကပ်သည်။ အချို့မှာ ကွမ်းရွက် တစ်ရွက်လုံးကို မျက်စိအရွယ် အပေါက်ဖောက်၍ ကပ်သူများလည်း ရှိသည်။ ညအိပ်ရာဝင် ကပ်သော ကွမ်းရွက်သည် ကပ်ပုံစနစ် မှန်ကန်လျှင် နံနက် အိပ်ရာထ အထိ ကွာမကျဟု ဆိုသည်။ မျက်နှာ သစ်သော အခါမှ ခွာချလိုက်ခြင်း ဖြစ်သည်။ ကွမ်းရွက် ကပ်ခြင်းဖြင့် ဘေးဥပဒ် မရှိပါ။ အတွင်းတိမ်၊ ဒဏ်တိမ် ရောဂါတို့ ပျောက်ကင်း နိုင်သည်ဟု ဆိုသည်။

ဆေးအဘိဓာန် ကျမ်းတွင် ကွမ်းရွက်၊ ပိတ်ချင်းရွက်၊ ငရုတ်ရွက်၊ စရိုရွက် ဤ လေးပါးသော အရွက်တို့၏ ဂုဏ်ကား သေမှာစ- သလိပ်ကို လည်းကောင်း၊ ဝါတာစ- လေကို လည်းကောင်း၊ ပိတ္တာစ- သည်းခြေကို လည်းကောင်း၊ လောဟိတာစ- သွေးကို လည်းကောင်း၊ ဘိညကာ ဖောက်ပြန်၍ ဖြစ်သော နာနာ ရောဂါနိ၊ အထူးထူးသော အနာတို့ကို နိုင်၏ ဟု သစ်ရွက်တို့၏ ဂုဏ်အရသာကို ပြဆိုသော အခန်းတွင် ဖော်ပြ ထားသည်ကို တွေ့ရှိ ရပါတယ်။

အာဂန္တုက ရောဂါဟု ခေါ်သော ဥတု ပြောင်းလဲမှုကြောင့် ဖြစ်သော ရောဂါကို အထက်ပါ အရွက်လေးပါးမှ တစ်မျိုးမျိုးကို ပြုတ်၍ သောက်ရုံဖြင့် ပျောက်ကင်း နိုင်သည်။ ညောင်းကိုက်၍ ဖျားသော တုပ်ကွေး ကဲ့သို့ အဖျားမျိုး ဆိုလျှင် ကွမ်းရွက်နှင့် ချင်းတက်၊ ထန်းလျက် ပြုတ်ရည်တွင် ဆားလှော် သို့မဟုတ် ကျပ်ခိုး အနည်းငယ် ထည့်၍ ခပ်ပူပူလေး မှုတ်၍သောက်ခါ စောင်ခြုံပြီး ချွေးအောင်း ခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်သည်။

ရှေးက အသုံးများခဲ့သော ငန်းဆေး၊ မန်းဆေးများတွင် ကွမ်းရွက်ခြောက်ကို ထည့်၍ ဖော်စပ်သည်ကို တွေ့ရှိရသည်။ အချို့ ဆရာများသည် ကွမ်းရွက် မရသော နေရာများတွင် အသုံးပြုနိုင်ရန် အတွက် ကွမ်းရွက် ကို နေရိပ်တွင် အခြောက်လှန်းပြီး လက်ဖက်ခြောက် ကဲ့သို့ ပြုလုပ်ကာ ဆောင်ထား ကြလေ့ရှိသည်။ စာရေးသူ၏ မိတ်ဆွေ အင်ပျဉ်ထ တတ်သူသည် အလုပ်လုပ်ရန် နိုင်ငံခြားသို့ ထွက်ခွာ သွားသောအခါ ကွမ်းရွက် ကို အခြောက်လှန်းပြီး ယူဆောင် သွားသည်ဟု ဆိုသည်။ ကွမ်းရွက်ခြောက်ကို ရေနွေးဓာတ်ဘူးတွင် ထည့်၍ သောက်ခြင်းဖြင့် ရင်ကျပ်၊ ပန်းနာ ဝေဒနာသည် များလည်း သက်သာ စေနိုင်သည်ဟု ဆိုသည်။

ကလေးသူငယ်များ အတွက် ကွမ်းရွက် အသုံးပြုပုံမှာ အပူကြီး၍ ဖျားလျှင် ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြား တို့တွင် လိမ်းပေးနိုင်သည်။ နှာစေး၊ နှာပိတ်လျှင် ကွမ်းရွက် အဝိုင်းငယ်ကို ကလေးငယ် ထိပ်တွင် ကပ်ပေး နိုင်သည်။ ချွဲထ၊ ရင်ကျပ်လျှင် ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံ တွင် ကပ်ပေးနိုင်သည်။ ဝမ်းချုပ်၊ ဆီးချုပ် ဖြစ်လျှင် ကွမ်းရိုးတွင် အုန်းဆီသုတ်ပြီး ကလေးစအို ပေါက်မှ ဝမ်းချူ သကဲ့သို့ ထည့်ပြီး လှည့်ပေးလျှင် ဆီးရော ဝမ်းပါ သွားစေ နိုင်သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger