www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 24, 2015

ရန်ကုန်မြို့အတွင်း မြေအောက်ရေသုံးစွဲမှုကို နှစ်အလိုက် ထိန်းချုပ်သွားမည်


ရန်ကုန် ၊ ၂၄-၂-၂၀၁၅

ရန်ကုန်မြို့တော် အတွင်း မြေအောက်ရေ သုံးစွဲမှုဖြစ်သည့် အဝီစိတွင်း တူးခြင်းကြောင့် ဆိုးကျိုးများ မဖြစ်ပေါ် စေရန် နှစ်အလိုက် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြေအောက်ရေ သုံးစွဲမှုများကို အစားထိုး ပေးဝေနိုင်ရေး အတွက် ရေအရင်းအမြစ် သစ်များ အနေဖြင့် ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၌ လဂွန်းပြင်ဆည် မှ ရေအရင်းအမြစ် ကို ရယူ ပေးဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းနှင့် လှိုင်သာယာမြို့နယ် အနီးရှိ ကုက္ကိုဝ မြစ်ရေတင် ရေပေးစီမံကိန်းများကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြေအောက်ရေ စနစ်ကို ဖျက်သိမ်းမည့် အချိန်မတိုင်မီ အဆိုပါ ရေအရင်းအမြစ် သစ်များမှ ရေများကို ကြိုတင်ရရှိ ထားမှသာ ဖျက်သိမ်းမည့် အချိန်တွင် အသင့် ပေးဝေနိုင်စေရန် စီမံဆောင်ရွက် သွားမည် ဖြစ်သည်။

ရန်ကုန်မြို့၌ လက်ရှိတွင် တစ်နေ့လျှင် ရေဂါလန် ၂ဝ၅ သန်း ပေးဝေနေပြီး ရန်ကုန် တစ်မြို့လုံး အတိုင်းအတာ အရ ရေလုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိသေးကြောင်း၊ ယင်း အတွက်လည်း ဂျပန်နိုင်ငံမှ ရေလုံလောက်စွာ ရရှိနိုင်ရေး အတွက် အကူအညီများ ပေးလျက် ရှိကြောင်း၊ အဝီစိတွင်းများ တူးဖော်သဖြင့် မြေမျက်နှာပြင် နိမ့်ခြင်း၊ မြေကျွံခြင်းနှင့် ရေငန် ဝင်ရောက်ခြင်းများ ဖြစ်ပေါ်လျက် ရှိသောကြောင့် ၂ဝ၂၅ ခုနှစ်တွင် မြေအောက်ရေ သုံးစွဲမှုစနစ် ဖျက်သိမ်းနိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်သည်။

ရန်ကုန်မြို့ အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အဝီစိတွင်း ၄၆၄ တွင်း တူးဖော်ထားပြီး ၄င်းတွင် ပုဂ္ဂလိက တူးဖော်ထားသော အဝီစိတွင်းများ မပါဝင် သေးကြောင်း၊ ကော်မတီ အနေဖြင့် အဝီစိတွင်းများကို ထပ်မံ တူးဖော်မှုများ မပြုလုပ်ဘဲ လက်ရှိ အဝီစိတွင်းများမှ ထွက်ရှိသောရေ အရည်အသွေး များကို စောင့်ကြည့်၍ အချို့သော မြို့နယ်များ၌ ကန်ထရိုက် တိုက်များ ဆောက်လုပ်ရန် အဝီစိတွင်းများ တူးဖော် မှုရှိနေပြီး နောက်ပိုင်းတွင် ထိန်းချုပ် သွားမည် ဖြစ်သည်။ လက်ရှိတွင် မြေအောက်ရေ အလွန် အကျွံ မသုံးစွဲစေရန် သတိပေး တားမြစ်မှု များ ပြုလုပ်ထား ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger