www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 23, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ကိုရီးယား တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ Admiral Choi Yoon-hee အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး




နေပြည်တော် ၊ ၂၃-၁-၂၀၁၅

အဆွေတော်၏ ခရီးစဉ်သည် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်၏ သမိုင်းသစ်အတွက် ခြေလှမ်းတစ်လှမ်း ဖြစ်သကဲ့သို့ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထပ်မံ အားဖြည့်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ ထိတွေ့ဆက်ဆံမှုများ ခြင်းသည် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေပါကြောင်း ၊ မိမိတို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှစ်ဦး၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်သည် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးခိုင်မာမှုကို ဖော်ပြပါကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည့် သမိုင်းကောင်းများကို လည်း လက်ဆင့်ကမ်း အမွေပေးသွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကိုရီးယားတပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ Admiral Choi Yoon-hee အား တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ရှေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ လာသော ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ Admiral Choi Yoon-hee အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ Admiral Choi Yoon-hee နှင့်အတူ ကိုရီးယားတပ်မတော်မှ အရာရှိကြီးများ ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ H.E. Mr. Lee Baek Soon ၊စစ်သံမှူး Col. Choi Shin II နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကိုရီးယားတပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များဥက္ကဌ Admiral Choi Yoon-hee သည် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပပြုလုပ်မည့် ဇေယျာသီရိ ဗိမာန်ရှေ့သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ တို့သည် အလေးပြုခံစင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူကြသည်။ ဆက်လက်ပြီး ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ယင်းနောက် ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ Admiral Choi Yoon-hee က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၎င်းနှင့်အတူ အခမ်းအနား တက်ရောက် လာကြသူများနှင့် မိတ်ဆက်ပေးပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ကိုရီးယား တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌအား အခမ်းအနား တက်ရောက်လာကြသော တပ်မတော် အရာရှိကြီးများနှင့် ပြန်လည် မိတ်ဆက်ပေးသည်။

ထို့နောက် ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌသည် ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ Admiral Choi Yoon-hee အား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နှစ်နိုင်ငံ သည် သမိုင်းကြောင်းများ နီးစပ်ပြီး ရုန်းကန် ဖြတ်သန်းခဲ့ရသည့် သမိုင်းဖြစ်စဉ်များလည်း တူညီပါကြောင်း ၊ ကိုရီးယား နိုင်ငံအနေဖြင့် တောင်မြောက်ပေါင်းစည်းရေး ကြိုးပမ်း နေရသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အဓိက တိုင်းရင်းသားလူမျိုး ၈ ခုတို့၏ စည်းလုံး ညီညွတ်မှုပိုမိုခိုင်မြဲရေး ဆောင်ရွက်နေပါကြောင်း ၊ မိမိနိုင်ငံအနေဖြင့် ခေတ်မီ တပ်မတော် တစ်ရပ် မရှိခဲ့သဖြင့် နယ်ချဲ့ ကိုလိုနီဖြစ်ခဲ့ရကြောင်း ၊ ယင်းသမိုင်းနှင့် နိုင်ငံတော်၏ တည်ရှိမှု ပထဝီအနေ အထားများကြောင့် အချုပ်အခြာအာဏာ ခိုင်မြဲရေး ၊ လွတ်လပ်မှု အဓွန့်ရှည် တည်တံ့ရေးအတွက် ကာကွယ်ရေး စွမ်းအားများကို မြှင့်တင်နေရခြင်း ဖြစ်ကြောင်း၊ ကာကွယ်ရေး စွမ်းအား မြှင့်တင်ရခြင်းသည် နိုင်ငံတော် ကာကွယ်ရေး အတွက်သာဖြစ်သည် ကိုလည်း ပြောကြားလိုကြောင်း ၊ ဆိုးဝါးသော ရာသီဥတုရှိပြီး သယံဇာတ နည်းပါးသည့် ကိုရီးယားနိုင်ငံအနေဖြင့် ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုရရှိခြင်းမှာ နည်းပညာ မြင့်မားမှုနှင့် ကြိုးစားအားထုတ်မှု တို့ကြောင့် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားနိုင်ငံ၏ နည်းပညာများနှင့် ပတ်သက်၍ အကျွမ်းတဝင် ရှိခဲ့ပါကြောင်း ၊ ကိုရီးယားနိုင်ငံအပေါ်၌ လည်း ယုံကြည်မှုရှိပြီး နှစ်နိုင်ငံ အကြား အရပ်ဖက် ၊ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်နှင့် အခွင့်အလမ်း များစွာရှိနေ၍ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် ကြိုဆိုပါကြောင်း၊ ကိုရီးယားနိုင်ငံ ပေါင်းစည်းစေလိုသည့် ဆန္ဒများရှိသကဲ့သို့ တတ်နိုင် သည့်ဘက်မှလည်း ကူညီလိုပါကြောင်း ၊ ကိုရီးယား ကျွန်းဆွယ်အား နျူကလီးယား ကင်းမဲ့ဇုံဖြစ်စေ လိုပါကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားမပြန့်ပွားရေး ၊ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးနှင့် နျူကလီးယားအား ကမ္ဘာသူ ကမ္ဘာသားတို့၏ အကျိုးပြုလုပ်ငန်းများတွင် အသုံးချနိုင်ရေးတို့ အတွက် ဆန္ဒပြင်းပြစွာ ရှိပါကြောင်း ပြောကြားသည်။

ဧည့်သည်တော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် အောင်မြင်စွာ ထမ်းဆောင်ခဲ့မှုအပေါ် ဂုဏ်ယူပါကြောင်း ၊ မိမိနိုင်ငံ အခက်အခဲ ဖြစ်စဉ်က မြန်မာနိုင်ငံ၏ ကူညီခဲ့မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ၊ ကိုရီးယားစစ်ပွဲ ကာလအတွင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများမှ အကူအညီများစွာ ရယူခဲ့ရပါကြောင်း ၊ ယခုမိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာ ချိန်တွင် ပြန်လည် ကူညီလိုပါကြောင်း ၊ မြန်မာနိုင်ငံ အပေါ်တွင်လည်း ယခုထက်ပိုမို၍ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ၊ သယံဇာတ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံအနေဖြင့် ယခုထက်ပိုမို၍ ဖွံ့ဖြိုး တိုးတက်လာမည်ကို ယုံကြည်ပါကြောင်း၊ တပ်မတော် နှစ်ရပ်အကြား ဆောင်ရွက်နိုင်သည့် ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုပါကြောင်း ၊ အပြန်အလှန် ပညာတော်သင် စေလွှတ်ခြင်း အပါအဝင် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ မြှင့်တင် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Admiral Choi Yoon-hee တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger