www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 15, 2014

ယာဉ်အန္တရာယ် ကင်းရှင်းရေး စည်းကမ်းလိုက်နာပေး


ယာဉ်အန္တရာယ် ကင်းရှင်းရေး စည်းကမ်းလိုက်နာပေး

မြန်မာနိုင်ငံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး အတွက် အသိပညာ ပေးခြင်း၊ အရေးယူခြင်း တို့ကို အစဉ်အမြဲ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ အသိပညာပေး အရေးယူ ဆောင်ရွက်မှုများ အဆက်မပြတ် ပြုလုပ်လျက် ရှိသော်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက် မှုများမှာ နေ့စဉ်နှင့် အမျှ တိုးတက် ဖြစ်ပေါ်လျက် ရှိနေသည်။

ထိုသို့ ဖြစ်ပေါ်ရာတွင် လူကြောင့်၊ ယာဉ်ကြောင့်၊ လမ်းကြောင့် ဟူ၍ အမျိုးမျိုး အပြစ်တင်လေ့ ရှိကြသော်လည်း လူသာလျှင် ပဓာန ဖြစ်သည်။ ဖြစ်ပေါ်သမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှု များသည် လူတို့၏ မဆင်ခြင်မှု များကြောင့်သာ ဖြစ်ပေါ်ရခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ လမ်းများ ပေါ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း ယာဉ် မတော်တဆ ဖြစ်မှု အခြေအနေ များကို ပြန်ကြည့်လျှင် ဖြစ်ပွားမှု၊ ဒဏ်ရာရမှု၊ သေဆုံးမှု တို့မှာ များပြား နေဆဲဟု ဆိုနိုင်သည်။ တစ်လအတွင်း ယာဉ် မတော်တဆ ဖြစ်မှုကြောင့် လူ့အသက် များမှာ တစ်ရက်လျှင် ရှစ်ဦးခန့် အသက်ဆုံးရှုံး နေသည်။ တစ်ရက်လျှင် ၅၂ ဦးခန့် ဒဏ်ရာရ နေသည်ဟု ခန့်မှန်း ရသည်။

ထိုကဲ့သို့ နေ့စဉ် ထိခိုက်ဒဏ်ရာ ရနေသော ယာဉ် မတော်တဆမှု များကြောင့် ထိုသူတို့ နှင့် ၄င်းတို့၏ မိသားစု အသိုင်းအဝိုင်းသည် လူမှုဘဝ နယ်ပယ်တွင် အလုပ်ပျက်၊ အကိုင်ပျက် ၍ အချိန်တို့ အချည်းနှီး ဖြစ်ကြ ရသည်။ ရင်ဆိုင် နေရသော အမှုအခင်းနှင့် အလုပ်အကိုင် ပျက်မှု တို့ကြောင့် ထိခိုက် နစ်နာမှုများ မှာလည်း မနည်းလှပေ။

ထို့ကြောင့် မိမိတို့ မိသားစု ဘဝများ မနစ်နာစေရန် နေ့စဉ် မိမိယာဉ်ဖြင့် လမ်းပေါ် ထွက်သည့် အခါတိုင်း သတ်မှတ် ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်ကြံ့ခိုင်မှု တို့ကို အထူးဂရုပြု ၍ ဆင်ခြင် သွားလာ သင့်သည်။ သို့မှသာ မိမိနှင့် မိမိ ပတ်ဝန်းကျင် အသိုင်းအဝိုင်း စိတ်နှလုံး ချမ်းမြေ့ ကြမည် ဖြစ်သည်။

အထူးသဖြင့် ယာဉ်မောင်း နေစဉ် အရက်သေစာ သောက်စားခြင်း၊ ဖုန်းပြောခြင်း တို့ကို ရှောင်ကြဉ်ရန် လိုသည်။ ထို့ပြင် ဆိုင်ကယ်စီးနင်း ပါက ဆိုင်ကယ်စီး ဦးထုပ် ဆောင်းကြ ရမည် ဖြစ်သည်။ အရက်သောက်ခြင်း၊ ဖုန်းပြောခြင်း တို့သည် ယာဉ်မောင်းစဉ် သတိလက်လွတ် ဖြစ်ပြီး မဖြစ်သင့် မဖြစ်ထိုက်သော အဖြစ်ဆိုးများ၊ မတော်တဆမှု များ ဖြစ်စေနိုင်ပြီး ဆိုင်ကယ်စီး ဦးထုပ် မဆောင်း ခြင်းသည် ယာဉ် မတော်တဆ ဖြစ်ပါက အသက် အန္တရာယ်ကို ထိခိုက် စေနိုင်သည်။ 

သို့ဖြစ်ရာ ယာဉ်မောင်းသူ များနှင့် ပြည်သူများ အနေဖြင့် မိမိနှင့် အခြားသူများ အသက် အန္တရာယ် ကင်းရှင်းရေး၊ ယာဉ် အန္တရာယ် ကင်းရှင်းစေရေး တို့အတွက် ချမှတ် ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို လေးစား လိုက်နာ သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger