www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 12, 2014

ကမ္ဘာ့လူသား တို့ကို ခြိမ်းခြောက်နေသည့် နောက်ဆုံးပေါ် အီဘိုလာရောဂါ ၀ိုင်းဝန်း ကာကွယ်ပါ


ကမ္ဘာ့လူသား တို့ကို ခြိမ်းခြောက်နေသည့် နောက်ဆုံးပေါ် အီဘိုလာရောဂါ ၀ိုင်းဝန်း ကာကွယ်ပါ

အောင်ဝင်း (ဖျာပုံ)

ကူးစက်ရောဂါ များအနက် ကူးစက်မှု အမြန်ဆုံးနှင့် အသေ အများဆုံး ရောဂါမှာ နောက်ဆုံးပေါ် အီဘိုလာ ( EBOLA  ) ရောဂါ ဖြစ်သည်။ အဆိုပါ အီဘိုလာ ဗိုင်းရပ်စ်ပိုး တစ်နည်း အားဖြင့် အီဘိုလာ သွေးထွက်လွန် ရောဂါ ကို အာဖရိက အနောက်ပိုင်း ကွန်ဂိုနိုင်ငံတွင် ၁၉၇၆ ခုနှစ် က စတင်တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ထို့နောက် ၁၉၇၉ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်၊ ၂ဝ၁ဝ ပြည့်နှစ် နှင့် ၂ဝ၁၁ ခုနှစ် တို့တွင်လည်း အာဖရိကနိုင်ငံ များမှာ အီဘိုလာ ဗိုင်းရပ်စ် ဆက်တိုက် ဖြစ်ပွား နေကြောင်း သိရသည်။

အခြား ကူးစက်ရောဂါ များမှာ ကာကွယ်ရန်၊ ကုသရန် ဆေးဝါးများလည်း ရှိသည့် အတွက် ဖြစ်ပွားလာပါက သေဆုံးမှု ၁၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်း လောက်သာ ရှိသော်လည်း အီဘိုလာ ဗိုင်းရပ်စ် ရောဂါ သည် ၉ဝ ရာခိုင်နှုန်း သေဆုံးလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) ၏ မှတ်တမ်းများ အရ သိရသည်။

အီဘိုလာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားမှုကို လေ့လာရာတွင် တောနေ သတ္တဝါများ ဖြစ်သည့် လင်းနို့၊ မျောက်၊ သမင်၊ ဒရယ် နှင့် မျောက်ဝံ တို့မှတစ်ဆင့် လူများကို ကူးစက် လာကြောင်း သိရသည်။

အာဖရိက နိုင်ငံမှ အမဲလိုက် မုဆိုးများသည် တိရစ္ဆာန် များကို သတ်ဖြတ်ရာတွင် သားကောင် တို့၏ အသွေးအသား များ၊ ခန္ဓာကိုယ်မှ ထွက်သည့် အရည်များ နှင့် စားသုံးရာတွင် စနစ်တကျ ချက်ပြုတ် မစားသောက် သည့်အတွက် အမဲလိုက် မုဆိုးများထံ အီဘိုလာ ဗိုင်းရပ်စ်ပိုး စတင် ၀င်ရောက်ပြီး ၄င်းမှ အခြားလူများကို ကူးစက် ပြန့်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးသည် ၂ဝ၁၄ ခုနှစ် မတ်လတွင် ဂီနီနိုင်ငံ၌ စတင် ပြန့်ပွားခဲ့ပြီး လိုက်ဘေးရီးယား ၊ နိုက်ဂျီးရီးယး ၊ ဆီရာလီယွန် စသည့် နိုင်ငံများသို့ ဆက်လက် ကူးစက် ပြန့်ပွားလျက် ရှိသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စာရင်းအရ ၂ဝ၁၄ ခုနှစ် သြဂုတ် ၆ ရက်အထိ အီဘိုလာရောဂါ ဖြစ်ပွားသူ ၁၇၇၉ ဦးရှိပြီး သေဆုံးသူ ၉၆၁ ဦးရှိကြောင်း တရားဝင် ထုတ်ပြန် ထားချက်များ အရ သိရသည်။

အီဘိုလာ ရောဂါ ကူးစက် ပြန့်ပွားမှုသည် တိရစ္ဆာန်များမှ ထွက်သည့် သွေးနှင့် အရည်များ၊ ရောဂါ ကူးစက်ခံထား ရသူ၏ တံတွေး ၊ သလိပ်၊ သွေး စသည်တို့ နှင့် ထိတွေ့ခြင်း၊ အရေပြား ပေါက်ပြဲ နေသည့် နေရာတို့ကို ထိတွေ့ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်း တို့ ပြုလုပ်ပါက အီဘိုလာ ရောဂါ အမြန် ကူးစက် တတ်ကြောင်း သိရသည်။

အီဘိုလာ ရောဂါ ကူးစက်လာပြီ ဆိုပါက နှစ်ရက်မှ ၂၁ ရက်အတွင်း ကိုယ်ပူ အပြင်းဖျားခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူ ကျပ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ သွေးယိုခြင်းများမှ တစ်ဆင့် ကျောက်ကပ်နှင့် အသည်းတို့ ပျက်စီးပြီး အသက်ဆုံးရှုံး ရသည်အထိ တွေ့ကြုံရမည် ဖြစ်သည်။

အီဘိုလာရောဂါ သည် မြန်မာနိုင်ငံ တွင် ကူးစက် ပြန့်ပွားခြင်း မရှိသေး သော်လည်း ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည် ဆိုသည့်အတိုင်း ကြိုတင် ကာကွယ်မှုဖြင့် အနိုင်ယူ ရမည်ဖြစ်သည်။ ဆေးပညာရှင် တို့၏ အဆိုအရ လက်ကို ဆပ်ပြာဖြင့် သန့်ရှင်း စင်ကြယ်အောင် ဆေးကြော ခြင်းသည် ကူးစက် ရောဂါများ ၏ ၇၅ ရာခိုင်နှုန်း ကျော်ကို ကာကွယ် ပြီးသား ဖြစ်သည်ဟု မှတ်သားရသည်။ ထို့ကြောင့် ကူးစက်ရောဂါ အမျိုးမျိုး ကာကွယ်ရန် အတွက် လက်ကို စင်ကြယ် သန့်ရှင်းအောင် ဆေးကြော ကြရန် အသိပေး အပ်ပါသည်။

အခြားသော ကူးစက်ရောဂါများ အတွက် ကုသ ကာကွယ်ရန် ဆေးဝါးများ ရှိသော်လည်း အီဘိုလာ ဗိုင်းရပ်စ် အတွက် ကုသရန် ဆေးဝါး မတွေ့ရှိ သေး၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကာကွယ်ရေး လုပ်ငန်းများ ကြိုတင် လုပ်ကြရန် တိုက်တွန်း ထားကြောင်း သိရသည်။

အများပြည်သူများ အနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အတူ ကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်းပြီး မိမိတို့ နေထိုင်ရာ ဒေသအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဦးစားပေး ဆောင်ရွက် ကြရန် လိုကြောင်း နှင့် အထက်တွင် ဖော်ပြခဲ့သည့် ရောဂါ လက္ခဏာများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန် ဆက်သွယ် အသိပေးရန် အထူး လိုအပ်ကြောင်း ရေးသား လိုက်ရ ပါသည်။ ။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger