အီဘိုလာ ကပ်ရောဂါကို ထိန်းချုပ် နိုင်မည်လား
ကိုကိုဟန်
ယနေ့ အနောက် အာဖရိက ဒေသကြီး တစ်ဝန်းလုံးကို လှည့်ပတ်၍ ကူးစက် နေသော အီဘိုလာ ဗိုင်းရပ်စ် ရောဂါကို လူတိုင်း ကြောက်လန့် နေကြရသည်။ ဤ ဗိုင်းရပ်စ် ကူးစက် ခံရပါက ကူးစက်ခံ လူနာ ၁ဝဝ တွင် ၆ဝ မှ ၉ဝ အထိ အသက်သေဆုံး နိုင်သည်။ ထို့ကြောင့် လက်ရှိ အချိန်တွင် အီဘိုလာ ရောဂါသည် ကြောက်မက် ဖွယ်ရာရောဂါ ဖြစ်နေသည်။
ဤ ရောဂါပိုးကို ယခုမှ စတင်၍ တွေ့ရှိသည် မဟုတ်။ စတွေ့သည်မှာ နှစ်ပေါင်း ၄ဝ နီးပါး ရှိသွားပြီ ဖြစ်သည်။ သို့သော်လည်း ယနေ့အထိ ကာကွယ် ဆေးလည်း မပေါ်သေး၊ ကုသသည့် ဆေးလည်း မရှိသေးကြောင်း သိရသည်။
အနောက် အာဖရိက ဒေသရှိ ဂီနီနိုင်ငံ ၌ ပြီးခဲ့သည့် မတ်လတွင် အီဘိုလာ ကပ်ရောဂါ စတင်ဖြစ်ပွား ခဲ့ပြီး အိမ်နီးချင်းနိုင်ငံ များဖြစ်သော လိုက်ဘေးရီးယား နိုင်ငံ၊ ဆီရီယာ လီယွန်နိုင်ငံ များနှင့် နယ်စပ် များတွင်လည်း ကူးစက် ဖြစ်ပွားလျက် ရှိသည်။ အီဘိုလာ ဗိုင်းရပ်စ်မှာ နယ်စပ်ကို ဖြတ်ကျော်ကာ သွားနိုင်သည်။ နယ်စပ် နေထိုင်သူတို့၏ ထုံးစံအတိုင်း ကူးသန်းသွားလာ လုပ်ကိုင်ကြ သူများဖြစ်၍ ရောဂါ ကူးစက်မှု လျင်မြန်စွာ ပျံ့နှံ့လွယ်သည်။ လေးလအတွင်း ၁ဝ၉၃ ဦး ကူးစက်သွားပြီး သေဆုံးသွား သည်မှာ ၆၆ဝ ရှိပြီဖြစ်သည်။
'' ဤ ဗိုင်းရပ်စ် ရောဂါမှာ နိုင်ငံတကာ နယ်စပ်များ၌ ဖြစ်ပွား ခဲ့သဖြင့် ၄င်းကို ဘယ်နိုင်ငံကမှ သေချာစွာ မကိုင်တွယ် နိုင်ခဲ့ကြ ပါဘူး'' ဟု လန်ဒန်မြို့ရှိ ကျန်းမာ သန့်ရှင်းရေးနှင့် အပူပိုင်းဒေသ ဆေးဝါးဆိုင်ရာ လန်ဒန် ကျောင်းတော်မှ ကူးစက် ကပ်ရောဂါ ဆိုင်ရာ ပါမောက္ခ ဒေးဗစ်ဟေးမန်း က ပြောသည်။ သူသည် ၁၉၇၆ ခုနှစ်က လူတွင် အီဘိုလာ ရောဂါ ပထမဆုံး ဖြစ်ပွားရာ နေရာတွင် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။
ယနေ့အထိ အီဘိုလာ ရောဂါ ဖြစ်သော နေရာများ ရှိနေခြင်းက ထို ကပ်ရောဂါကို ကောင်းစွာ ထိန်းချုပ် နိုင်စွမ်း မရှိသည်ကို ဖော်ပြနေခြင်း ဖြစ်သည်။ ဤ ကပ်ရောဂါကို ထိန်းချုပ်ဖို့ အတွက် ဒုံးပျံ သိပ္ပံ ပညာရပ် မလိုအပ်ပေ။ သို့သော် ကပ်ရောဂါ အခြေခံ ပညာ တွေတော့ လိုအပ်သည်။ ကူးစက်ရောဂါ ထိန်းချုပ်ရေး၊ ကျန်းမာ သန့်ရှင်းရေး အလေ့အကျင့် နှင့် မကူးစက် နိုင်အောင် ဘေးကင်းစွာ သင်္ဂြိုဟ်ခြင်း တို့ လိုအပ်သည်။
အီဘိုလာ ဗိုင်းရပ်စ်ပိုး သည် ရောဂါဖြစ်သူ ကိုယ်ခန္ဓာမှ ထွက်သော ချွေး၊ သွေး၊ သလိပ်၊ ကျင်ကြီး၊ ကျင်ငယ်၊ မျက်ရည်၊ နှာရည်၊ တံတွေး စသည့် အရည်များနှင့် ထိတွေ့ မိပါက ကူးစက်တတ်သည်။ အီဘိုလာ ကား အဆိုးဆုံးသော ရန်သူဖြစ်ပြီး အလျင်အမြန် သေစေနိုင်သည်။ ထို့ကြောင့် ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ သွားမှာကို လွန်စွာ စိုးရိမ် နေရသည့် အခြေအနေ ရှိနေသည်။
ကပ်ရောဂါ တစ်ခု ကျရောက် လာလျှင် လုပ်ရိုးလုပ်စဉ် တုံ့ပြန် ဆောင်ရွက်မှု များမှာ ထိုရောဂါ ကူးစက်ခံရ သူများကို ဆေးဝါးများ အသုံးပြု၍ ကုသကြသည့် အပြင် အခြားလူ များကို မကူးစက်အောင် တားဆီးကြ ရသည်။ ကာကွယ်ဆေး ထိုးကာ ရောဂါ ဖြစ်ပွားသူ များကို ကာကွယ် စောင့်ရှောက်ကြ ရသည်။ လူထုအတွင်း ဗိုင်းရပ်စ်ပိုး မပြန့်ရအောင် တားဆီးသည်။ ပျံ့နှံ့မှု နှေးကွေးအောင် လုပ်ကြသည်။ သို့သော် ယခု အီဘိုလာ ရောဂါကို မည်သည့် ဆေးနှင့် ကုရမည်၊ မည်သည့် ကာကွယ်ဆေး နှင့် ထိုးပေးရမည် ဟူသော တိကျသည့် ညွှန်ကြားမှု မရှိ ဖြစ်နေသည်။
အီဘိုလာသည် သူ့ရာသီနှင့်သူ ဖြစ်တတ်သည်။ ဝေးလံသော နေရာများတွင် ဖြစ်လေ့ရှိသည်။ ၄င်းအတွက် ဆေးမရှိ သေးပါ။ ရောဂါဖြစ်သော လူများတွင် အကြီးအကျယ် စမ်းသပ်ရန် နေရာလည်း လုံလုံ လောက်လောက် ကောင်းကောင်း မွန်မွန် မရှိသေးပါ။ အီဘိုလာ ဗိုင်းရပ်စ်သည် လူ၏ ခုခံအားကို အလုံအလောက် မြှင့်တင်ပေးသော ကာကွယ်ဆေးကို ထုတ်လုပ်ရန် စိန်ခေါ် နေသည်။ ဗိုင်းရပ်စ်သည် ပုံစံအမျိုးမျိုး ဖြစ်တတ်မှု ကြောင့် ကာကွယ်ဆေး ကလည်း အသီးသီး လိုက်၍ လိုအပ် နေသည်။ အီဘိုလာ ဗိုင်းရပ်စ် စွမ်းရည်မှာ ချက်ချင်းပုံတူ ကူးတတ်သည် ဖြစ်ရာ ကာကွယ်ဆေးကို ခုခံမှုလည်း ချက်ချင်း လက်ငင်း ဖြစ်လာ တတ်သည်။
ကုသမှုအသစ် ဖြစ်နိုင်ခြေသည် အသက်လည်း ကယ်ရမည်။ အခြားလူများ ကိုလည်း ကူးစက်မှု လျှော့ချရ မည်။ အနာဂတ် တွင်လည်း ဤရောဂါ ပြန်မဖြစ်အောင် လုပ်ရမည် ဖြစ်သည်။ အဆိုပါ စိန်ခေါ်မှုများ ရှိနေသော်လည်း အမေရိကန် နိုင်ငံ US National Institute of Allergy and Inferctions Diseases ( NIAID ) မှ ကာကွယ်ရေး ဆေးသုတေသန ဌာန အပါအဝင် အဖွဲ့အစည်း များသည် အဆိုပါ ကုသကာကွယ် ရမည့် ဆေးမရှိ သေးသည့် အီဘိုလာဆေး အတွက် ကုသ ကာကွယ်နိုင်မည့် ဆေးများထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိနေကြောင်း သိရသည်။
ဒေါက်တာ ဖာရာ ၏ အယူအဆ များအား အီဘိုလာ ရောဂါကို ပထမပူးတွဲ တွေ့ရှိခဲ့သူ LSHTM ၏ ညွှန်ကြားရေးမှူး မီတာပိုင်းအော့ ကလည်း သဘောတူသည်။ စမ်းသပ် ထုတ်လုပ် လိုက်သည့် ဆေးများ၏ ထိရောက်မှု အာနိသင်ကို ပြန်လည် အကဲဖြတ်ရန် ဆိုသည်မှာ မရှိသလောက် ပါဟု ပြောသည်။ ကျန်းမာရေး လုပ်သားများနှင့် ကျန်းမာရေး ဝန်ထမ်း များအား အာကာသ ဝတ်စုံများကဲ့ သို့ ပိုးသတ် ထားသော ဝတ်စုံများကို ဝတ်ဆင်လျက် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်သော ကျေးရွာများ ထဲသို့ ဝင်ရောက် ကြရသည်။ ရိုးရာဓလေ့ အရ လူသေကို သန့်ရှင်းရေး လုပ် ထိတွေ့ခြင်း၊ ဝမ်းနည်း ကြေကွဲကာ ဖက်ရမ်း နှုတ်ဆက်ခြင်း များကို မလုပ်ကြရန် တားမြစ် ထားသည်။
ထို့အပြင် ကျေးရွာသား များက အစိုးရ နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ အပေါ် နှစ်လရှည်ကြာစွာ အယုံအကြည် မရှိခြင်းကြောင့် ပြုစု စောင့်ရှောက်ရန် လာကြသော ကျန်းမာရေး ဝန်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်၍ မောင်းထုတ်ခြင်း များနှင့် တောခုတ် ဓားရှည်ကြီး များဖြင့် ခုတ်သတ်မည် ဟု ခြိမ်းခြောက်မှု များ ပြုလုပ် နေကြောင်း ကမ္ဘာ့  ကျန်းမာရေး အဖွဲ့ချုပ် ( WHO ) ၏ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ ဤ ကပ်ရောဂါကို ထိန်းချုပ်ကြသော ကျန်းမာရေး ဝန်ထမ်းများ နှင့် ရောဂါသည်များ အကြား တင်းမာမှု များကြောင့် ကာကွယ်ဆေး ထိုးရေးကိစ္စကို ကျန်းမာရေး ဝန်ထမ်းများက အကူအညီ မပေးရဲ ကြသည့် အခြေအနေ ဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) က ပြောရာ၌ ဤကပ် ရောဂါ ကပ်ဆိုက်နေသည့် ဒေသများသို့ သွားရောက်၍ ကာကွယ်ဆေးထိုး စမ်းသပ်ခြင်း မပြုလုပ်ဘဲ အခြားနည်းလမ်း ကိုသာ ကြိုးစား မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကျန်းမာရေး ဝန်ထမ်းများသည် အမှန်တကယ် ကူးစက်နေသော လူများ၏ နေရာဒေသ များတွင် သွားရောက် လုပ်ကိုင် နေကြရ၍ အလွန် အန္တရာယ် များသည်။ သို့သော် အီဘိုလာ ရောဂါကျရောက် ချိန်တွင် ကာကွယ်ဆေးများ ကြိုတင်စမ်းသပ် ထုတ်လုပ်မှုများ မရှိခဲ့သော်လည်း အကယ်၍ အဆိုပါ ကပ်ရောဂါကို ပျောက်ကင်း စေသည့် ဆေးဝါးများသာ ထုတ်လုပ် နိုင်မည် ဆိုပါက အီဘိုလာ ကပ်ရောဂါသည် နောက်တစ်ကြိမ် လူများ ကူးစက်မည် ဆိုပါက အဆိုပါ ကာကွယ်ဆေး များဖြင့် ကောင်းစွာ ထိန်းချုပ် လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း အီဘိုလာ ကပ်ရောဂါ အကြောင်း သိကောင်းစရာ အဖြစ် ရေးသား လိုက်ရပါသည်။ ။
#Themyawadydaily
No comments:
Post a Comment