www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 28, 2014

သဘာဝကို အပြည့်အ၀ စားသုံးရခြင်း


သဘာဝကို အပြည့်အ၀ စားသုံးရခြင်း

မဒါလေး

နံနက် မိုးလင်းပြီ ဆိုတော့ ဘုရားရှိခိုး ပြီးသည်နှင့် လုပ်နေကျ အလုပ်တစ်ခုက အိမ်ရှင်မ ပီပီ မီးဖိုခန်းသို့ ဝင်ရခြင်း ပါပဲ။ လုပ်နေကျ အလုပ်ထက် အိမ်ရှင်မ တစ်ယောက်ရဲ့ တာဝန်ဆိုလျှင် ပိုမှန်မှာပါ။ အလုပ်တစ်ခုက လုပ်နေကျ ဆိုလျှင် ပုံမှန် ဘယ်အချိန်မှာ ဘာလုပ်မည် ဘယ်လို လုပ်မည်၊ စီစဉ်ထား၍ ရသည်။ သည် အချက်အပြုတ် ဆိုသည့် တာဝန်မှာ ပုံမှန် စီစဉ် ထားလို့မရ။ ယနေ့ ဝယ်ထားသော အသီးအနှံများ မနက်ဖြန် ကောင်းချင်မှ ကောင်းမည်။ အသီးအနှံ အဆင်ပြေလျှင် ဟင်းရွက်များ နွမ်းချင် နွမ်းနေမည်။ အခြေအနေ အရ ကြိုတင် စီစဉ်လို့မရ။ သင့်တော် သလို အိမ်ရှင်မပီပီ ဉာဏ်ကစား၍ စီမံ ချက်ပြုတ် ရသည်။

ချက်ပြုတ်ရန် အတွက် ဟင်းသီး ဟင်းရွက်များ စီမံရန် ရေခဲသေတ္တာ ကို ဖွင့်လိုက်သည် ဆိုလျှင်ပဲ စိတ်မချမ်းမြေ့ စရာနှင့် ကြုံရသည်။ မြင်ရသည့် မြင်ကွင်းက မသက်သာ။ အရင် နှစ်ရက်က ဝယ်ထားသော အသီးအနှံ များမှာ ကျုံ့နေလေပြီ။ အချို့ ဟင်းရွက်များမှာ ရိနေပြီး အချို့မှာ တစ်ခုနှင့် တစ်ခုထိကာ ပုပ်မလို ဖြစ်နေသည်။ ဝယ်ထားတာ နှစ်ရက်ပဲ ရှိသေးသည်။ ဝယ်တုန်း ကလည်း လတ်လတ် ဆတ်ဆတ်များကို ရွေးဝယ် ထားခြင်း ဖြစ်သည်။ ထားတာက လည်း အိတ်နှင့် ထည့်ကာ ဖြစ်သလို စုထည့်ထားခြင်း မဟုတ်။ သေချာ သပ်သပ်ရပ်ရပ် ရေဆေးပြီးမှ ထည့်ထားခြင်း ဖြစ်သည်။ ယခင် တစ်ပတ် ကလည်း ယခုကဲ့သို့ ဖြစ်သဖြင့် မေမေ၏ ဆူပူခြင်းကို ခံရသည်။ ရေမဆေးဘဲ ထည့်ခြင်းကြောင့် ယခုလို ဖြစ်သည်ဟု ဆိုကာ ရှေးလူကြီး ပီပီ ဆူလိုက်သည့် ဖြစ်ခြင်း။ ထို့ကြောင့် ဒီတစ်ခေါက် ရေဆေးပြီး ထည့်ဖြစ်သည်။ သို့သော်လည်း ထူးမခြားနား ပါပဲ။ သည်အတိုင်း ဆိုလျှင် မေမေတွေ့လျှင် ဘာပြောဦး မလဲ မသိပါ။

တကယ်တော့ မေမေ ကံကောင်းခဲ့ ပါသည်။ အသက် ခြောက်ဆယ် ကျော်သည်တိုင် ကျန်းမာ သန်စွမ်းလျက် ရှိသည်။ ဘာရောဂါမှ မဖြစ်ဘဲ နေနိုင်သည်။ အသားအရေ ကအစ ကောင်းမွန်သည်ဟု ပြောရမည်။ မေမေ တို့ စားသုံးခဲ့သော အစားအစာ သုံးပုံနှစ်ပုံ လောက်မှာ သဘာဝ စစ်စစ် များဖြစ်သည်။ မေမေတို့ ခေတ်ကို တွေးပြီး ကျွန်မ မနာလို ဖြစ်မိသည်။ မေမေတို့ ခေတ်မှ လူအတော် များများသည် သဘာဝ တရားမှ ရသော သဘာဝ အရသာများကို အပြည့်အဝ စားသုံးခွင့် ရကြသည်။ စားသုံးခွင့် ရသည့်အလျောက် တန်ဖိုးလည်း ထားကြသည်။ သဘာဝ ကိုလည်း ချစ်မြတ်နိုး ကြသည်။ မိမိစားဖို့ရန် အတွက် ကိုယ်တိုင် စိုက်ပျိုး ကြသည်က များပြီး အပြင်မှ အသားငါး လောက်သာ ဝယ်စား ကြသည်။ ယနေ့ ကျွန်မတို့ ခေတ်လို့ ပြောရမည့် အချိန်တွင် ကိုယ်တိုင် စိုက်ပျိုးဖို့ ဝေးစွ သူများ စိုက်ထား သည်ကို အလျင်အမြန် အပြေးအလွှား ချက်ပြုတ် စားကြ ရသည်။

ဘယ်အရာမှ ပိုးသတ်ဆေး အားတိုးဆေး များနှင့်မကင်း။ ထိုဆေးဒဏ် များကြောင့် လူများမှာလည်း ဆိုးကျိုးများ ကိုသာ ခံစားကြ ရသည်။ အသီး အရွက်၏ အာဟာရထက် ပိုးသတ်ဆေး အားတိုးဆေး များ၏ အရသာ ကိုသာ ပိုမိုခံစားကြ ရသည်။ ယခင်နေ့ ကလည်း ပဲတောင့်ရှည် ကို ကြော်စားရန် လှီးပြီးရေဆေး လိုက်သည်။ ခါတိုင်း နည်းတူ ရေကြာကြာ မစိမ် ဖြစ်တော့။ အချိန် နောက်ကျ နေသည့် အတွက် ချက်ချင်း ရေဆေးကာ ကြော်လိုက် ရသည်။ ထမင်းစားတော့ ခါးသက်သည့် အရသာမှာ ပဲသီးနှင့် အတူ ပါလာသည်။ ပဲတောင့်ရှည် ခါးတာ မကြားဖူး။ ကြော်ထား တာလည်း မတူးပါ။ မေမေ့ကို ပြကြည့်တော့ ရေအကြာကြီး မစိမ်သည့် အတွက် ဆေးဓာတ် မပြယ် သောကြောင့် ဖြစ်သည် ဆိုတာ သိရသည်။ ဆီ၊ ဆား၊ ကြက်သွန် အစုံ ထည့်ထားသော ပဲသီးကြော် တစ်ခွက် ဝက်စာပုံး ထဲသို့ ရောက်လေပြီ။ ထို ပဲသီးများကို စားသောဝက်များ ထို့နောက် ထိုဝက်သား များကို စားသော လူများ။ ဘုရားဘုရား သည်သံသရာ လည်တာ ကြီးကို မစဉ်းစားတာ ကောင်းမည်။

အဒေါ် တစ်ယောက်က ပြောဖူးသည်။ '' ဝက်တွေ ကြက်တွေ အသား တိုးအောင် ဆေးတွေနဲ့ လုပ်တော့ အဲဒီဝက်တွေ ၊ ကြက်တွေ အသားတိုး မတိုးတော့ မသိဘူး။ လူတွေကတော့ အသားတွေ တိုးလာတယ် ... '' ဟု ပြောသည်။ ဟုတ်မှာ ပါပဲဟု ကျွန်မ ဖြေမိသည်။ သဘာဝ တရားကို တန်ဖိုး မထားသော ကျွန်မတို့ကို သဘာဝ တရားရဲ့ ဒဏ်ခတ်ခြင်း ပဲလား။

လတ်လတ် ဆတ်ဆတ် ဆေးဖျန်း ထားသော အသီးကြီးကြီး များကို စားမည့်အစား သဘာဝ စစ်စစ် အရသာနှင့် အသီးသေးသေး များကိုသာ စားချင် ပါသည်ဟု ပြောလျှင် ယနေ့ တိုးတက် နေသော ခေတ် ရေစီးကြောင်း တွင် လွန်နေ မည်လား။ မည်သို့ပင်ဆိုစေ သဘဝကို အပြည့်အဝ စားသုံး ခဲ့ရသော အမေတို့ ခေတ်ကို တွေးကြည့်ရင်း တသသ ဖြစ်ရသည်မှာ တော့ အမှန်ပင် ဖြစ်သည်။ မဖြစ်နိုင်တာကို တမ်းတနေရုံ နှင့်မဖြစ်။ အိမ်သားများ အဆင်ပြေ စေရန် ဖြစ်နိုင် သေးသော အသီးအနှံ များကို ရွေးကာ ဟင်းလျာ တစ်ခွက် ချက်ရ ပေဦးမည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page