ဟီရိသြတ္တပ္ပ ရှိနိုင်ကြပါစေ
ဦးကျော်ဇော(လှသိပ္ပံ၊ ရွှေဘို)
အနုပညာ အခန်းကဏ္ဍ ဆိုတာဟာ မီဒီယာ ထဲမှာတော့ လူထုနဲ့ အလွယ်တကူ ထိတွေ့နိုင်တဲ့ လူထု အများစုနဲ့ ထိတွေ့နိုင်တဲ့ အတိုင်းအတာ တစ်ခုခုထိ အကျိုး သက်ရောက် နိုင်တဲ့ ဘာသာရပ် Subject တစ်ခု ဖြစ်ပါတယ်။ အထူး သဖြင့်တော့ အနာဂတ် မြန်မာ နိုင်ငံတော်ရဲ့ အရေးအရာ တွေကို ပခုံးပြောင်း တာဝန်ယူကြမယ့် လူငယ်လူရွယ် တွေအပေါ်မှာ ပိုပြီး အကျိုး သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ဝါသနာ ပါလို့၊ မိမိရဲ့ ကြိုးပမ်း အားထုတ်မှု ကြောင့်မို့လို့၊ ကိုက်ညီ လိုက်ဖက်တဲ့ အရည်အချင်း တွေရှိလို့မို့ အနုပညာ စင်မြင့် ပေါ်ကို ရောက်လာကြ တာတော့ မှန်ပါတယ်။ ဒီအတွက် ချီးကျူး ဂုဏ်ပြု ပါတယ်။ လွယ်လွယ် ကူကူနဲ့ ရောက်လာတာ မဟုတ်ဘဲ အခက်အခဲ အမျိုးမျိုး တွေကို ရင်ဆိုင် ကျော်လွှား ခဲ့ပြီးမှ ရောက်လာ ရတာလို့လဲ နားလည် လက်ခံ ပေးပါတယ်။
အဲဒီလို စင်မြင့်ပေါ် ရောက်လာပါပြီ ဆိုကတည်းက သတိထားဖွယ်၊ သတိပြုဖွယ်၊ ဆောင်ရန်၊ ရှောင်ရန်၊ ကျင့်ဝတ်တွေက အရေးကြီး လာပါပြီ။ ဘာကြောင့်လဲ ဆိုတော့ မိမိ ကိုယ်တိုင်က လောက စည်းမျဉ်း ဥပဒေတွေနဲ့ သတ်မှတ် ထားခြင်း မခံရတဲ့ မီဒီယာသမား ဖြစ်နေလို့ပါပဲ။ ဒီအချိန်မှာ မိမိဟာ Semi or Quarter National figure ဖြစ်နေပါပြီ။ လူငယ် လူရွယ်လေး တွေဟာ မိမိရဲ့ Acting ပေါ်မှာ၊ မိမိပေးတဲ့ message ပေါ်မှာ၊ မိမိရဲ့ Character ပေါ်မှာ၊ မိမိရဲ့ concept အပေါ်မှာ၊ အခြေခံပြီး အတုယူကြ ပါလိမ့်မယ်။ အတုလဲ ယူခဲ့ကြ ပါတယ်။
ဒါကို မြန်မာ့ရုပ်ရှင် သမိုင်းမှာ တွေ့ရ ပါလိမ့်မယ်။ မင်းသားက ဘောင်းဘီရှည် ဖင်ကျပ် ဝတ်တော့ လူငယ်တွေ လိုက်ဝတ် ကြတယ်၊ မင်းသားက Bell ဘောင်းဘီ ဝတ်တော့ လူငယ်တွေ လိုက်ဝတ် ကြတယ်။ မင်းသမီးက လုံချည်တို ဝတ်တော့ မိန်းကလေး တွေက လိုက်ဝတ်ကြ တယ်။ ဟိုကွဲ၊ ဒီကွဲ ဝတ်တော့လဲ လိုက်ဝတ် ကြတယ်။ မင်းသမီးက အောက်တို အထက်ဟိုက် ဝတ်တော့ လိုက်ဝတ် ကြတယ်။ နောက်ဆုံးတော့ ဘယ်ထိ အောင်များ ဘယ်လို လုပ်ကြ မလဲတော့ မသိဘူးပေါ့။
အခုခေတ်က ဆင်ဆာခေတ် မဟုတ်တော့ဘူး လို့ ပြောကြတယ်။ လူတွေက ဆင်ဆာ ဆိုတာကို စာပေသင်္ချိုင်း၊ မီဒီယာသင်္ချိုင်း လို့လဲ ပြောကြတယ်။ ဒီမိုကရေစီခေတ် မှာ မလိုတော့ဘူး လို့လဲ ပြောကြ ဆိုကြ ဆိုတော့ ခေတ်နဲ့အညီ ဖြုတ်ပစ် လိုက်တယ်။ ဇာတ်လမ်းက အဲ့ဒီက စတာပဲ။
တစ်နေ့ဆီက ကလေးတွေ ကြည့်နေတဲ့ video ဇာတ်ကား တစ်ခုကို အမှတ်မထင် မတ်တပ်ရပ်ပြီး ကြည့်မိ ပါတယ်။ ဇာတ်လမ်း အစ - အဆုံးတော့ မဟုတ်ပါဘူး။ ကြည့်မိတဲ့ ဇာတ်ကွက်မှာ သရုပ်ဆောင် အမျိုးသမီးက လူဆိုး နှစ်ယောက်နဲ့ ယှဉ်ပြိုင် fight နေတဲ့ အခန်းဖြစ် နေတယ်။ ဘောင်းဘီရှည်တို့ ဘာတို့ နဲ့တော့ မဟုတ်ဘူး။ လုံချည်ဝတ် နဲ့ပဲ ကလေးတွေ ကတော့ ထုံးစံအတိုင်း ကြိုက်ကြ တာပေါ့။ အဲဒီလိုချရင်း နှက်ရင်း သရုပ်ဆောင် မင်းသမီးက လူဆိုးကို အိုက်တင်ပါပါ ကန်ထည့် လိုက်တဲ့ အခါမှာတော့ ပေါင်ရင်း ခွဆုံထိ လှစ်ဟ သွားတာကို တွေ့လိုက် ရပါတယ်။ ကလေးတွေ ကတောင် 'ဟာ' ကနဲ အသံထွက် သွားတယ်။ ကြည့်လိုက် ရတာကတော့ အားလုံးဟာ မျက်စိ ရှက်စရာတွေ ပါပဲ။ ဒါဟာ ရိုက်ကွင်း တစ်ခုထဲမှာ မတော်တဆ ဖြစ်တတ် တာမျိုးလို့ နားလည် ပေးနိုင်ပေမယ့် အများပြည်သူ ကြည့်ရှုဖို့ ပရိသတ်ထဲကို ပို့တော့မယ် ဆိုရင်တော့ တာဝန် ရှိသူတွေ အနေနဲ့ edit လုပ်ပေးရမှာပါ။ အခုတော့ လုပ်ချက်က သိပ်ကို ပွင့်လင်းမြင်သာ လွန်းတယ်။ အဲဒါကိုပဲ ဒီမိုကရေစီ လို့ ထင်နေရင်တော့ နိုင်ငံတော်ရဲ့ အနာဂတ်ဟာ ရင်လေး စရာကြီးပဲ။ ရိုက်ကူးသူရော၊ သရုပ်ဆောင် သူရော၊ ရိုက်ကူးရေး မှာပါဝင်တဲ့ အခြား တာဝန်ရှိ သူတွေရောဟာ မိမိတို့ ဇာတ်ကားရဲ့ presentation ကို ပြန် မကြည့်ကြ တာလား။ တမင်ပဲ လုပ်လွှတ်လိုက် တာလား ဆိုတာတော့ ကာယကံရှင် တွေပဲ သိပါလိမ့်မယ်။
ပြီးခဲ့တဲ့ ခေတ်တုန်းက မင်းသမီး ချက်ပေါ်လို့ ဆိုပြီး ရိုက်ကူးရေးမှာ ကန့်သတ်ခံ လိုက်ရတာကို ကြားလိုက် ရသေးတယ်။ ခုတော့ ချက်ပေါ် တာလောက်တော့ လာမပြောနဲ့ ပျင်းတောင် ပျင်းသေးတယ် ... လို့ ပြောကြမလား မသိဘူး။ လက်တွေ့ပဲလေ။ အနုပညာ သမားတစ်ဦးက ရည်ရွယ်ချက် ဘယ်လောက်ပဲ ကောင်းကောင်း၊ တင်ပြပုံ လွဲမှား နေရင်တော့ ပြည်သူရဲ့ ထောက်ခံမှုကို ရေရှည်မှာ ထိန်းထားနိုင်ဖို့ မလွယ်ပါဘူး။ မိမိ ပေးလိုက်တဲ့ message ဟာ ပြည်သူ့အတွက် အထူးသဖြင့် လူငယ်လူရွယ် တွေအတွက် အဆိပ်အတောက် မဖြစ်စေဖို့ အထူးဂရုပြု ကြမယ်ဆိုရင် တာဝန်ကျေတဲ့ အနုပညာ သမားတို့ ဖြစ်မှာပါ။
#Yadanarpondaily
No comments:
Post a Comment