ဇီဝမျိုးစုံမျိုးကွဲများ မပျောက်မပျက်ဖို့ ၀ိုင်းဝန်း ထိန်းသိမ်းစို့
တက္ကသိုလ် ပွင့်သူအောင်
နှစ်စဉ် မေ ၂၂ ရက် ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် '' အပြည်ပြည် ဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲနေ့ '' International Day for Biological Deversity 2014 အခမ်းအနား များကို စည်ကား သိုက်မြိုက်စွာ အလေးထား ကျင်းပကြသည်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးသည် ကမ္ဘာပေါ် တွင် မျိုးသုဉ်းရန် အန္တရာယ် ရှိနေသည့် ဇီဝ မျိုးစုံမျိုးကွဲများ ဖြစ်ကြသော နို့တိုက် သတ္တဝါများ၊ ငှက်များ၊ တွားသွား သတ္တဝါများ၊ ကျောရိုးမဲ့ သတ္တဝါများ နှင့် အပင်များ မပျောက်ကွယ် စေရန်အလို့ငှာ အပြည်ပြည် ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့ ကို ကမ္ဘာ့ အထိမ်းအမှတ်နေ့ တစ်ခုအဖြစ် ထည့်သွင်း သတ်မှတ် ပေးခဲ့သည်။ ဇီဝ မျိုးစုံမျိုးကွဲနေ့ ဆိုသည်မှာ အပင်နှင့် တိရစ္ဆာန် မျိုးရင်း မျိုးစိတ်များ၊ ဇီဝ မျိုးရိုး အရင်းအမြစ်များ၊ ယင်းတို့ အချင်းချင်း အပြန်အလှန် ဆက်စပ်မှု များပင် ဖြစ်ကြပြီး ကမ္ဘာပေါ်ရှိ အပင်နှင့် သတ္တဝါ အားလုံး ပါဝင်သည့် သက်ရှိအားလုံး ( All Life on Earth ) ပင်ဖြစ်သည်။
ယခုအခါ ကမ္ဘာ့ လူဦးရေမှာ သန်းပေါင်း ၇ဝဝဝ ကျော်ခဲ့ပြီ ဖြစ်ရာ ကမ္ဘာကြီးနှင့် သဘာဝ ပတ်ဝန်းကျင်တို့ ရေရှည် တည်တံ့ ခိုင်မြဲရေး၊ လူသားများ အပါအဝင် သက်ရှိ သတ္တဝါများ အားလုံး ဘဝရှင်သန် ရပ်တည်ရေး တို့အတွက် ဇီဝ မျိုးစုံမျိုးကွဲ များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ ဇီဝ မျိုးစုံမျိုးကွဲ များသည် လူသားများ အသက်ရှင် နေထိုင်ရေး အတွက် အစားအစာ၊ ရေချို ရေကောင်းရေသန့်၊ သစ်နှင့် သစ်တောထွက် ပစ္စည်း၊ ရေသယံဇာတ ပစ္စည်း စသည်တို့ကို တိုက်ရိုက် ထောက်ပံ့ ပေးသည်။
ကမ္ဘာ့ ရာသီဥတု ပြုပြင် ပြောင်းလဲမှု များကြောင့် သဘာဝ ပတ်ဝန်းကျင် သည်လည်း ကမ္ဘာတစ်ဝန်း ၌ ပျက်ယွင်း မှုများ ဖြစ်ပေါ်လျက် ရှိသည်။ ကမ္ဘာ့ အပူချိန် မြင့်တက် လာမှုမှာ နှစ်ပေါင်း ၃ဝ အတွင်း ၃ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက် လာခဲ့၍ ကမ္ဘာ့ ဝင်ရိုးစွန်း ဒေသများရှိ ရေခဲပြင်များ အရည်ပျော်မှု လျင်မြန် လာခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ပင်လယ် နှင့် သမုဒ္ဒရာကြီးများ ရှိ ရေမျက်နှာပြင် မှာ နှစ်စဉ် ၂ မီလီမီတာခန့် မြင့်တက် နေပြီ ဖြစ်သည်။ အဏ္ဏဝါ သုတေသန ပညာရှင်များက ပင်လယ် ရေမျက်နှာပြင် မြင့်တက်နှုန်းသည် လာမည့် ဆယ်စုနှစ် ကာလအတွင်း အနည်းဆုံး ၃ မီလီမီတာ အထိ မြင့်တက်နိုင်ပြီး ပင်လယ် သမုဒ္ဒရာ ရေပြင်များ၏ အပူချိန် မှာလည်း မြင့်တက် လာမည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ပင်လယ် သမုဒ္ဒရာ မျက်နှာပြင် မြင့်တက် လာမှုကြောင့် သမုဒ္ဒရာကြီးများ အတွင်း တည်ရှိနေသော ကျွန်းနိုင်ငံငယ် လေးများ အတွက် အကာအကွယ်မဲ့ နေပြီ ဖြစ်ကြောင်း ဆိုထားသည်။ အထူးသဖြင့် ကမ္ဘာ့ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် ပင်လယ် မျက်နှာပြင် မြင့်တက် လာမှုကြောင့် ရေနေ သတ္တဝါများ အသက်ရှင် နေထိုင် နိုင်သော အပူချိန်ထက် မြင့်မားခဲ့၍ ၂ဝ၁ဝ ပြည့်နှစ်က အဏ္ဏဝါဇီဝ မျိုးစုံ မျိုးစိတ်ပေါင်း ၁၃၇ စိတ် မျိုးသုဉ်း ပျောက်ကွယ် ခဲ့ကြောင်း တရုတ်နိုင်ငံ အဏ္ဏဝါဗေဒ အုပ်ချုပ်ရေး အဖွဲ့၏ ၂ဝ၁၁ ခုနှစ် ဧပြီ ၂ဝ ရက်တွင် ထုတ်ပြန် ခဲ့သော စာတမ်း၌ ဖော်ပြခဲ့သည်။
ထို့အတူ " ကမ္ဘာ့ တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ အပင်များ ရန်ပုံငွေ အဖွဲ့ " ( World Wildlife Fun - WWF ) က ၂၀၁၂ ခုနှစ် မေလတွင် ထုတ်ပြန် ခဲ့သော " သက်ရှိ ဂြိုဟ်ကမ္ဘာ အစီရင်ခံစာ ( Living Planet Report ) " ၌ တိုးပွားလာသော လူဦးရေ အတွက် သဘာဝ အရင်းအမြစ်များကို အစဉ်အမြဲ ပိုမို လိုအပ် နေခြင်းသည် ကျွန်ုပ်တို့ ကမ္ဘာတွင် ရှိနေသော ဇီဝ မျိုးစုံမျိုးကွဲ များအား အလွန် ထိခိုက်လျက် ရှိပြီး ကျွန်ုပ်တို့ အနာဂတ်၏ လုံခြုံရေး ၊ ကျန်းမာရေး နှင့် ရှင်သန် ရပ်တည်မှု များကို ခြိမ်းခြောက်လျက် ရှိနေကြောင်း ဖော်ပြ ခဲ့သည်။ ယင်း ကမ္ဘာ့တောရိုင်း တိရစ္ဆာန် နှင့် သဘာဝအပင်များ ရန်ပုံငွေအဖွဲ့ (WWF) သည် လန်ဒန် သတ္တဗေဒ အသင်း ( Zoological Society of London ) နှင့် ကမ္ဘာလုံးဆိုင်ရာ ခြေရာ ကွန်ရက်အဖွဲ့ ( Global Foot-print Network ) တို့နှင့် ပူးပေါင်း၍ ကမ္ဘာဂြိဟ်အပေါ် လူသားများ၏ ရောက်မှုများကို သတ်မှတ် နိုင်ရန်နှင့် ဆုံးရှုံးလျက် ရှိသည့် ဇီဝ မျိုးစုံမျိုးကွဲ တို့ကို အချိန်မီ စောင့်ရှောက် နိုင်သော နည်းလမ်းများကို ထုတ်ဖော် နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။
ကမ္ဘာ့တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ရန်ပုံငွေအဖွဲ့ ( WWF ) ၏ ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ( Linving Planet Report ) တွင် ကမ္ဘာ၏ ဂေဟစနစ် များသည် ၁၉၇၀ ပြည့်နှစ်ကပင် ၃၀ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ၊ အထူးသဖြင့် အပူပိုင်း ဒေသများ၌ နှစ်ပေါင်း ၄၀ ကာလအတွင်း ၆၀ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ကြောင်း၊ ကမ္ဘာ၏ ဂေဟခြေရာများ အရ သဘာဝ အရင်းအမြစ် များကို ထုတ်ယူ သုံးစွဲမှု များပြား ခဲ့ခြင်းကြောင့် သဘာဝ အရင်းအမြစ် များကို စဉ်ဆက် မရနိုင်တော့ကြောင်း ဆက်လက် ဖော်ပြ ထားသည်။ ယင်း အစီရင်ခံစာ ကို " ဂေဟခြေရာ " မြစ်များကို စဉ်ဆက် မရနိုင် တော့ကြောင်း ဆက်လက် ဖော်ပြ ထားသည်။ ယင်း အစီရင်ခံစာပါ''ဂေဟခြေရာ'' ဆိုသည်မှာ ဇီဝ မျိုးစုံမျိုးကွဲ များ၏ ဂေဟစနစ်များ လေ့လာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဂေဟခြေရာ ဆိုသည်မှာ ဇီဝ မျိုးစုံမျိုးကွဲ များ၏ ပေါက်ဖွားမှု၊ ရှင်သန် ကြီးထွားမှု၊ သေဆုံးမှု၊ နေရာဒေသ ပြောင်းရွှေ့ နေထိုင်မှု၊ မျိုးသုဉ်း ပျောက်ကွယ်မှု စသော ဖြစ်စဉ်များကို လေ့လာခြင်းပင် ဖြစ်သည်။ ဇီဝမျိုးစုံ မျိုးကွဲများကို လေ့လာခြင်း အားဖြင့် ဂေဟစနစ် များ၏ ကောင်းမွန်သော အခြေအနေများကို သိရှိနိုင်သည်။ အထူးသဖြင့် ဇီဝ မျိုးစုံမျိုးကွဲ များသည် ရေ အရင်းအမြစ်၊ သစ်သား၊ စက္ကူ၊ အမျှင် ( Fiber ) နှင့် အစားအစာ စသော အရင်းအမြစ် များ၏ လုံခြုံစိတ်ချမှု များ၌ အလွန် အရေးပါ လှသည်။ ထို့ကြောင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ဇီဝ မျိုးစုံမျိုးကွဲ များ၏ အရေးပါမှုကို မီးမောင်း ထိုးပြသော အားဖြင့် ယခုဆယ်စုနှစ် (၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်) ကို " United Nations Decade on Biodiversity " ဟု သတ်မှတ်ခဲ့သည်။
ယနေ့ မျက်မှောက် ကာလ၌ ကမ္ဘာ့ အပူချိန် မြင့်တက် လာခဲ့မှုကြောင့် ကမ္ဘာ့ ဝင်ရိုးစွန်း၌ တည်ရှိ နေသည့် ရေခဲများ အရည်ပျော်၍ ပင်လယ် သမုဒ္ဒရာ ရေမျက်နှာပြင် များ မြင့်တက် ခဲ့သည်။ ထို့အတူ ပင်လယ် သမုဒ္ဒရာ ရေများ ပူနွေး လာသောကြောင့် ပင်လယ်ရေ ထဲရှိ အောက်ဆီဂျင် ဓာတ်ငွေ့များ လျော့နည်း လာသဖြင့် ရေနေ သတ္တ၀ါများ သေဆုံးခဲ့သည်။ ကိုလံဘီယာ ၊ ပီရူး ၊ အမေရိကန် ပြည်ထောင်စု ၊ သြစတြေးလျ နိုင်ငံတို့တွင် ငါးများ အစုလိုက် အပြုံလိုက် ကမ်းခြေများ၌ သေဆုံး ကြသည်။ အဏ္ဏ၀ါ ဇီဝမျိုးစုံများ၌ ပါဝင်သော ဝေလငါး၊ လင်းပိုင်နှင့် အခြားငါးမျိုးစိတ်ပေါင်းများစွာတို့သည် နေ့စဉ် အကောင်ရေ သန်းချီ သေဆုံးလျက် ရှိသည်။ ယင်းကဲ့သို့ အဏ္ဏါ ဇီဝမျိုးစုံမျိုးကွဲ များ သေဆုံး ပျောက်ကွယ် လာသည်နှင့် အမျှ ၄င်းတို့အပေါ် အမှီပြု ရသော စားသောက်ကုန် လုပ်ငန်းများစွာ တို့မှာ အမေရိကန် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ဆုံးရှုံး ခဲ့သည်။ ကမ္ဘာ့ ပြည်သူများသည် ကမ္ဘာ့ စားနပ် ရိက္ခာ၏ ၅၀ ရာခိုင်နှုန်း ကျော်ကို ပင်လယ် သမုဒ္ဒရာ များက ရရှိခဲ့ကြရာ အဏ္ဏဝါဇီဝ မျိုးစုံမျိုးကွဲများ ပျောက်ကွယ် မပျက်စီးရန် ဝိုင်းဝန်း ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမို ဆောင်ရွက် ရမည် ဖြစ်သည်။ ထို့အပြင် အပူပိုင်းဒေသ များရှိ ရေချို ဂေဟစနစ်များ ဆုံးရှုံးမှုမှာ ၇ဝ ရာခိုင်နှုန်း မြင့်မား နေမှုကြောင့် ကျားကောင်ရေ မှာလည်း ၇ဝ ရာခိုင်နှုန်းခန့် ကျဆင်း ခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ ယန်ဇီမြစ်မှ ရေချိုလင်းပိုင် များသည် မကြာမီနှစ်များ အတွင်း မျိုးသုဉ်း ပျောက်ကွယ် နိုင်ကြောင်း သိရသည်။
ရေတိမ် ဒေသများ ( Wetlands ) သည် ကမ္ဘာတွင် ထုတ်လုပ်မှု အားကောင်းသော သဘာဝ ဝန်းကျင်များ ဖြစ်ရာ၊ ယင်းတို့သည် ဇီဝ မျိုးစုံမျိုးကွဲများ ပေါက်ဖွားရာ၊ ရေရရှိရာ နှင့် ယင်းတို့ကြောင့် အသက်ရှင် နေကြသော မရေတွက် နိုင်သည့် အပင်နှင့် သတ္တဝါ မျိုးစိတ်များ ဖြစ်ထွန်းရာ နေရာများပင် ဖြစ်သည်။ မြန်မာနိုင်ငံ သည် ရမ်ဆာ ရေတိမ် ဒေသများ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင် နိုင်ငံအဖြစ် ၂ဝဝ၅ ခုနှစ် မတ် ၁၇ ရက်က လက်မှတ် ရေးထိုး ခဲ့သည်။ ယင်း ကွန်ဗင်းရှင်း ၏ မူလ ရည်ရွယ်ချက် မှာ ရေဝေရေလဲ များ၏ မူရင်းဒေသ ဖြစ်သော ရေတိမ်ဒေသ များကို ရေရှည် ထိန်းသိမ်းရန် နှင့် အသုံးချရန် ပင် ဖြစ်သည်။
ထို့ကြောင့် ရေတိမ်ဒေသ များကို ဇီဝ မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန် အရေးကြီးသည့် ဂေဟစနစ် များအဖြစ် စုစုစည်းစည်း ကာကွယ်မှု ပေးရန် အဆိုပါ ကွန်ဗင်းရှင်းက သတ်မှတ် ပေးခဲ့သည်။ ရေတိမ် ဒေသ ဆိုသည်မှာ သဘာဝ ပတ်ဝန်းကျင် နှင့် ဆက်စပ် နေသော အပင်နှင့် သတ္တဝါတို့၏ ဘဝများကို ထိန်းသိမ်းရာ၌ အဓိက အချက်အချာ ကျသော ရေဧရိယာပင် ဖြစ်သည်။
ထို့အပြင် ဇီဝ မျိုးစုံမျိုးကွဲ များသည်ပင်လျှင် သဘာဝတွင် တည်ရှိနေသာ အပင်များ၊ တောရိုင်း တိရစ္ဆာန်များ၊ သေးငယ်သော အဏုဇီဝများ နှင့် သက်ရှိများ ပါဝင်နေသည့် ဂေဟဗေဒ ဖွဲ့စည်းမှု စနစ်များ ဖြစ်သည့် အလျောက် ၁၉၉၂ ခုနှစ်တွင် စာချုပ် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံတို့သည် ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး သဘောတူ စာချုပ် ( Convention on Biodiversity - CBD ) ကို ချုပ်ဆိုခဲ့သည်။ ယင်း အဖွဲ့ချုပ်မှာ ကနေဒါနိုင်ငံ မွန်ထရီယယ် မြို့တွင် တည်ရှိသည်။ ယင်း ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး သဘောတူ စာချုပ်၏ အဓိက ရည်ရွယ်ချက် သုံးခုမှာ - ဇီဝမျိုးစုံမျိုးကွဲများ မပျောက်မပျက် စေရန်အတွက် ထိန်းသိမ်း ကာကွယ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ များ၏ အကျိုးေ ကျးဇူးများစွာ တို့ကို စဉ်ဆက်မပြတ် အသုံးပြု သွားနိုင်ရေး နှင့် ဇီဝ မျိုးစုံမျိုးကွဲများ မျိုးရိုး ထိန်းသိမ်းခြင်း မှရရှိလာ သည့် အကျိုး ကျေးဇူးများစွာ တို့ကို တူညီမျှတစွာ ခွဲဝေ သုံးစွဲနိုင်ရေး တို့ပင် ဖြစ်သည်။
ထို့ကြောင့် လူသတ္တဝါ တို့၏ အသက်ရှင် ရပ်တည်မှုကို အကျိုးပြု နေသော ဇီဝမျိုးစုံမျိုးကွဲများ မပျောက်မပျက် စေရန် ဂေဟစနစ် ပြန်လည် ထူထောင်ခြင်း၊ ဒီရေတော နှင့် ရေတိမ်ဒေသများ ထိန်းသိမ်းခြင်း တို့ကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြ ပါရန် တိုက်တွန်း ရေးသား အပ်ပါသည်။ ။
#Themyawadydaily
No comments:
Post a Comment