နိုင်ငံသားပီသဖို့ ၀ိုင်းဝန်း ပြောင်းလဲကြပါစို့
နိုင်ငံခြားသား တွေဟာ တစ်ဦးချင်း ဆီမှာ စည်းကမ်း ရှိတယ်။ အသိစိတ် ရှိတယ်လို့ မြန်မာတွေ ပြောလာ ကြတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ ဆီမှာလဲ ဒီလို အကျင့် စရိုက်ကောင်း တွေကို အလို ရှိလာတယ်။ ဖြစ်စေချင် လာတယ်လို့ စာရေးသူ က သုံးသပ် မိတယ်။ ဒီတော့ ဒါတွေဟာ တမင် လုပ်ယူ ရမှာလားလို့ မေးစရာ ရှိလာ ပါတယ်။ သိတတ်တဲ့ အရွယ်ကို ကျော်လွန် လာတဲ့ သူတွေ အတွက်တော့ အကျင့်ကောင်း၊ စည်းကမ်းကောင်း တွေကို လိုချင်ရင်၊ နိုင်ငံကြီးသား ပီသချင် တယ်ဆိုရင် မိမိဘာသာ ကြိုးစား လုပ်ယူမှပဲ ရနိုင် ပါလိမ့်မယ်။
ဥပမာ ရုပ်ရှင်ရုံမှာ လက်မှတ်ဖြတ် တဲ့အခါ၊ အားကစား ပွဲကြည့်ချင်လို့ လက်မှတ်ဖြတ် တဲ့ အခါတို့ မှာလဲ တန်းစီပါလို့ ရေးထားရင် စနစ်တကျ တန်းစီ တတ်တဲ့ အကျင့်ကို လုပ်ယူပါ။ ဘယ်သူမဆို လက်မှတ် ကုန်သွားမှာ၊ လက်မှတ် မရတော့မှာ ကြောက်ကြ တာပါပဲ။ အဲဒီလို ဆိုပြီးတော့ အရင် ရောက်နေတဲ့ လူတွေကို ကျော်ခွပြီး ရှေ့ဆုံးမှာ သွားတန်းစီ တာမျိုး မလုပ်သင့် ပါဘူး။ ဓာတ်လှေကား စီးတဲ့ အခါမှာလဲ အထွက်ကို ဦးစားပေး ရတယ်။ တချို့ လူတွေ ''အထွက်ကို ဦးစားပေးပါ'' လို့ စာရေး ထားတာတောင် ထွက်တဲ့သူက မကုန်သေးဘူး လုယက်ပြီး ဇွတ်ဝင် ကြတယ်။
စာရေးသူ သတိထား မိသလောက်တော့ အချို့ သူတွေက သူတစ်ပါးကို ဦးစားပေး တတ်တဲ့စိတ် လုံးဝ မရှိသလောက် ဖြစ်နေတယ်။ သူ့ထက်ငါ အကုန်လုံးက အလျင်လို နေကြတာ ချည်းပဲ။ အဲဒါမျိုးတွေ ကစပြီး ပြုပြင် သွားရမှာပါ။ နောက်ထပ် ရှိပါ သေးတယ်။ မြက်ခင်းပေါ် ဖြတ်မလျှောက်ရ လို့ စာရေး ထားတယ်။ ဒါပေမဲ့ တော်တော် များများက လူလစ်ရင် ဖြတ်လျှောက် ကြတယ်။ ပန်းမခူးရ ဆိုတဲ့ စာတန်း တွေ့ရင် ဘာမှလဲ မဟုတ်ဘဲ ဆတ်ခနဲဆို လက်က လှမ်းခူး ပြီးသားပဲ။ ဒီလူတွေမှာ မလုပ်ရ ဆိုတဲ့ စာတန်းမျိုး တွေ့ရင် ခိုးယူပြီး လုပ်ချင်တဲ့ စိတ်က ရှိနေတယ်။ အဲဒါဟာ ပညာ တတ်တာ၊ မတတ်တာ၊ ပိုက်ဆံ ရှိတာ၊ မရှိတာနဲ့ မဆိုင် တော့ဘူး။ မလိုက်နာ ချင်တဲ့ စိတ်၊ မနာခံချင်တဲ့ အကျင့်ပေါ့။
ဒါကြောင့်လဲ စည်းကမ်း မရှိတဲ့ လူမျိုးလို့ နိုင်ငံခြား တိုင်းပြည် တွေက သတ်မှတ် ကြတာ။ တစ်ဦး တစ်ယောက်ချင်း စီမှာ ကိုယ်ပိုင်အသိ၊ ထိန်းချုပ်နိုင်တဲ့ စွမ်းအား၊ တာဝန် ယူချင်တဲ့စိတ် နည်းပါး နေတဲ့အခါ တော်သင့် သလောက်လဲ မတော်၊ ထက်မြက်သင့် သလောက်လဲ မထက်မြက် ကြတော့ဘဲ တဖြည်းဖြည်း နဲ့ မြန်မာနိုင်ငံ မှာ လူတော် လူကောင်းတွေ လျှော့ပါး လာတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ တိုးတက်ဖို့ အတွက် မြန်မာ နိုင်ငံသား တစ်ဦး တစ်ယောက် ချင်းစီမှာ တာဝန်ရှိ ပါတယ်။
စာရေးသူတို့ လူကြီးတွေက တော်တော်ကို ပြင်ယူ ရမှာ ဖြစ်ပေမယ့် ခုခေတ် ကလေးငယ် တွေမှာတော့ ဒါဟာ တမင် ကျင့်ယူရမယ့် ပြဿနာ မဟုတ်လောက် တော့ဘူးလို့ စာရေးသူတော့ ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုခေတ် ကလေးငယ် တွေက အစစ အရာရာ မှာ ခေတ်မီ လာပြီ။ သူတို့ လူနေမှု ဘဝ အဆင့်အတန်း တွေလဲ စာရေးသူတို့ ခေတ်နဲ့ ယှဉ်ရင် တော်တော် တိုးတက် လာတာကြောင့်ပါ။ သူတို့ ကိုယ်တိုင်ကလဲ နိုင်ငံကြီးသား စိတ်မျိုးကို နှစ်သက် လက်ခံ လာကြတယ်။ မြန်မာ တွေဟာ ပင်ကိုယ် စိတ်ရင်းက ကောင်းပါ လျက်နဲ့ ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှု ဒဏ်ကို မကျော်လွှား နိုင်တာ၊ အများ မိုးခါးရေ သောက်ရင် သင့်၊ မသင့်၊ ဝေဖန် ပိုင်းခြား မနေတော့ဘဲ ကိုယ်တိုင် လိုက်သောက် တတ်တာ စတဲ့ မိမိထက် သူတစ်ပါးကို ပို ယုံကြည် အားကိုး တတ်တာ တွေကြောင့် ပင်ကိုယ်စိတ်၊ ပင်ကိုယ် စရိုက်တွေ ပျောက်ကုန် ကြပြီး အများစုက စိတ်ဓာတ် ကောင်းတွေ ပျက်စီး ကုန်ကြတယ်။
အလွန် နှမြော စရာပါ။ ဒီဘက်ခေတ် ရောက်လာတဲ့ အခါမှာ ကလေးတွေက စာရေးသူတို့ ခေတ်တွေ ကထက် တော်တော် လေးကို စိတ်ဓာတ် ရေးရာရော အရည်အသွေး ပါ ပို တောက်ပြောင် လာတယ်။ မတောက်ပြောင် လို့လဲ မရတော့ဘူး။ Private ကျောင်းတွေ၊ အဆင့်မြင့် မူကြို ကျောင်းတွေ အလျှိုလျှို ပေါ်လာတဲ့ အခါ အဲဒီ ကျောင်းကြီး တွေက စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ စည်းကမ်းပိုင်း ကို တော်တော် ကို အလေးပေး ထားတာကို တွေ့ရ ပါတယ်။ စာရေးသူမှာ သုံးနှစ် အရွယ် တူမလေး တစ်ယောက် ရှိတယ်။ အဲဒီ တူမလေးက စနေ၊ တနင်္ဂနွေ မူကြိုပိတ်တဲ့ နေ့ဆို မနက် အစောကြီး ကတည်းက သူ့အဖေက စာရေးသူ တို့အိမ်ကို လာလာပို့ ပေးထားတယ်။ ညနေ သူတို့ အလုပ်သိမ်း မှ ပြန်လာခေါ် တာပေါ့။
တစ်နေ့ကျ တူမလေး ရဲ့အမေ စာရေးသူ ရဲ့အမက စာရေးသူ အတွက်ဆိုပြီး အင်္ကျီလေး တစ်ထည် ဝယ်ထည့် ပေးလိုက်တယ်။ စနေ နေ့ မနက် စောစော တူမလေးက အိမ်ရောက်တော့ စာရေးသူက အပြင် ရောက်နေ ခဲ့တယ်။ အဲဒီမှာ စာရေးသူရဲ့ ညီမလေးက '' မီးမီးလေး လက်ထဲက အထုပ်ကို တီတီလေး ကို ပေးထားလေ'' လို့ပြောတော့ ''မေမေက ဒါကို တီတီဖြူ့ ကို ပေးလိုက်လို့ ပြောလိုက်တာ။ တီတီဖြူ လာမှ ပေးမယ်'' ဆိုပြီး စာရေးသူ မလာမချင်း အင်္ကျီ ထုပ်လေးကို ကိုင် ထားပြီး ဘယ်သူ့လက်ထဲမှာ ထည့်မပေးဘူး။ အဲဒါကို လူကြီးတွေ ကသာ ဇွတ်စပြီး ကလေးဆီက ယူလိုက်မယ် ဆိုရင် ကလေး ကတော့ ပေးလိုက် မှာပဲ။ ဒါပေမဲ့ နောက်ဆို တစ်ယောက် ယောက်မှာ လိုက်တဲ့ စကားကို သူနာခံချင် တဲ့စိတ်၊ နာခံတတ်တဲ့ အကျင့်လေး ကတော့ ပျက်စီးကောင်း ပျက်စီး သွားနိုင် ပါတယ်။
ဒါကြောင့် ကလေးတွေရဲ့ စိတ်ဓာတ်၊ အကျင့်၊ စည်းကမ်း စတာတွေ မပျက်စီး စေဖို့ လူကြီး တွေမှာ အများဆုံး တာဝန်ရှိ ပါတယ်။ ကလေး တစ်ယောက် စပြီး အသိစိတ် ဝင်လာတဲ့ အရွယ်ဖြစ်တဲ့ တစ်နှစ်ကျော် ကနေ ခုနစ်နှစ် အရွယ်ထိ လူကြီးတွေက စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာကို စည်းကမ်း တကျပြုမူ ဆောင်ရွက် တတ်အောင် သေသေချာချာ ဘေးကနေ ကြပ်မတ် ပေးသွားမယ် ဆိုရင် ကလေး တစ်ယောက်ရဲ့ ရှေ့အနာဂတ် ဟာ တော်တော်ကို လှပ သွားမှာ ဖြစ်သလို စာရေးသူတို့ မြန်မာ နိုင်ငံကြီးလဲ တဖြည်းဖြည်း စည်းကမ်း ရှိတဲ့ နေရာမှာ ကမ္ဘာနဲ့ ရင်ဘောင်တန်း လာနိုင် မယ်လို့ အကြံပြု ရေးသား တင်ပြလိုက် ပါတယ်။
(အိဖြူ)
No comments:
Post a Comment