ခေတ်အဆက်ဆက် သယ်ဆောင်သွားမည့် ပဲပြုတ် နှင့် နံပြား
''ဆရာမ။ သား ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဆရာ၊ ဆရာမတွေ နဲ့ အတန်းထဲက သူငယ်ချင်း တွေကို မုန့်ကျွေးချင် လို့ပါ''။
''သား မွေးနေ့ကလဲ ဖေဖော်ဝါရီ ၁၃ ရက် ပဲလား''
''မဟုတ်ပါဘူး။ ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ ကျွေးချင်လို့ပါ''။
''ဟာ။ သိပ်ကောင်း တာပေါ့။ ဘာကျွေးချင်လဲ ပြော''
''ပဲပြုတ်နဲ့ နံပြားပါ''
''ဟင်၊ ကျွန်မ လုပ်လက်စ အလုပ်တွေကို ရပ်လိုက်ပြီး သူ့ကို အံ့သြ မှင်တက်စွာ ကြည့်မိ ပါတယ်။ ကောင်းလိုက်တဲ့ စိတ်ကူး။ လှလိုက် တဲ့အတွေး။ ရွှေချ ထားဖို့ကောင်းတဲ့ စေတနာ။ ငါ့မှာ ဒီလို တပည့်မျိုး လဲ ရှိပါလား'' လို့ အံ့သြ ဝမ်းသာ မိတယ်။ ပြောမပြနိုင် လောက်အောင် ပါပဲ။
လူငယ် တော်တော်များဟာ ဖေဖော်ဝါရီလ ရောက်တာနဲ့ ချစ်သူများနေ့ ( Valentine Day ) အတွက် ပျာယီးပျာယာ ဖြစ်နေကြမယ့် ဗိုလ်ချုပ်မွေးနေ့ ကိုတော့ ဖာသိဖာသာ ကျော်ဖြတ် သွားတတ် ကြတယ်။ ဖေဖော်ဝါရီလ ရောက်တာနဲ့ လမ်းဘေးမှာ အချစ်ဈေးဆိုင် လေးတွေ အပြိုင်အဆိုင် ပေါ်ထွက် လာတယ်။ အထူးသဖြင့် တက္ကသိုလ် ဝန်းကျင် တစ်ဝိုက်မှာပါ။ လှပ ဆန်းသစ်တဲ့ ဆိုင်လေးတွေ ပေါ်မှာ ချောကလက် ပုံစံမျိုးစုံ၊ စုံတွဲ အရုပ်လေးတွေ၊ အသည်းပုံ ပန်းနီနီ လေးတွေ၊ ဝက်ဝံရုပ် အရွယ်စုံ အသွေးစုံ၊ ဘူးလှလှ လေးတွေက ချစ်သူစုံတွဲ တွေကို လက်ယပ် ခေါ်နေတယ်။ တက္ကသိုလ် ဝန်းကျင် သာမက အထက်တန်း ကျောင်းဝန်းကျင် တစ်ဝိုက်မှာ ရှိတဲ့ စတိုးဆိုင် တွေမှာလဲ ဒီလို ပစ္စည်းလေး တွေကို တွေ့ရတတ် ပါတယ်။ ပုဆိုး ကောင်းကောင်း မဝတ်တတ် သေးတဲ့ ငါးတန်း ကျောင်းသားရဲ့ လွယ်အိတ် ထဲမှာတောင် အသည်းပုံ ပန်းလေး တစ်ပွင့် ရှိနေတတ် ပါတယ်။ ဒါဟာ ခေတ် ရေစီးကြောင်း တစ်ကွေ့မှာ ပေါ်လာတဲ့ အလေ့တစ်ခု လို့ပဲ မြင်ပါတယ်။ Valentine Day ကို မသိတဲ့ ကလေး မရှိသလောက် ဖြစ်နေပါပြီ။ အင်တာနက် ပေါ်မှာ၊ မဂ္ဂဇင်း ပေါ်မှာလဲ ချစ်သူများနေ့ ကို တခမ်းတနား ဖော်ပြ ကြတယ်။ ဒါပေမဲ့ (၁၄) ရက်နေ့နဲ့ ကျောချင်းကပ် နေတဲ့ ဗိုလ်ချုပ် မွေးနေ့ ကိုတော့ လူငယ်တွေ မေ့နေကြ ပါတယ်။
အခုလို ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ တခုတ်တရ နဲ့ ပဲပြုတ်နဲ့ နံပြား ကျွေးချင်တဲ့ (၁၅) နှစ်သား တပည့်လေးကို တွေ့ရတော့ ဝမ်းသာ မိတယ်။ ဗိုလ်ချုပ်ရဲ့ ပဲပြုတ်နဲ့ နံပြားဟာ မြေးအရွယ် မဟုတ်ဘဲ မြစ်အရွယ်ထိ အောင် သယ်ဆောင် လာပါပြီ။ ဖြူစင်တဲ့ ကလေးတွေရဲ့ ရင်ဘတ်ထဲ ထိအောင် ဗိုလ်ချုပ် ရောက်နေပါပြီ။ ငယ်စဉ် ကတည်းက အမှန်တရား ကို မြတ်နိုး တတ်တဲ့ ဗိုလ်ချုပ် ရောက်နေပါပြီ။ ငယ်စဉ် ကတည်းက အမှန်တရား ကို မြတ်နိုး တတ်တဲ့ ဗိုလ်ချုပ် အမှန်တရား ဘက်မှာ မားမား မတ်မတ် ရပ်တည်ရဲတဲ့ ဗိုလ်ချုပ်၊ ထိုးထွင်းဉာဏ်၊ မှတ်ဉာဏ် ကောင်းတဲ့ ဗိုလ်ချုပ်၊ အဆောင် အယောင် ပကာသနကို ရွံမုန်းတဲ့ ဗိုလ်ချုပ်၊ တိုင်းပြည် ကောင်းစား တာကို မြင်ချင်တဲ့ ဗိုလ်ချုပ်၊ ကိုယ်ကျိုးကို ရှေ့တန်း မတင်တဲ့ ဗိုလ်ချုပ်၊ ကျွန်မတို့ ချင်ခင် လေးစားရတဲ့ ဗိုလ်ချုပ်ဟာ သန်းပေါင်း များစွာသော မြန်မာပြည်သူ ပြည်သား တွေရဲ့ ရင်ထဲမှာ မညှိုးနိုင်တဲ့ ပန်းတစ်ပွင့်ပါ။
ဗိုလ်ချုပ်ရဲ့ အကျင့်စရိုက်၊ အပြုအမူ၊ လေးစား တန်ဖိုးထား ရတဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ် တွေဟာ ကလေးတွေရဲ့ စိတ်ထဲကို ဝင်ရောက် နေပါပြီ။ အလွန် စိတ်ချမ်းမြေ့ စရာ ကောင်းလှ ပါတယ်။ မွှေးထုံစွာ ကျန်ရစ်တတ်တဲ့ ပန်းရနံ့လို ပါပဲ။ သမိုင်းဆိုတာ ကလဲ အတိတ်ရဲ့ ပဲ့တင်သံပါ။ ကြီးကျယ်မှုကို မမက်မောတဲ့ ဗိုလ်ချုပ်ဟာ အကြီး ကျယ်ဆုံး အခမ်းနားဆုံး လူတစ်ယောက် ဖြစ်ခဲ့တယ်။ ရာဇဝင် တွင်အောင် လုပ်နိုင်ခဲ့တဲ့ သူရဲကောင်းပါ။
ဗိုလ်ချုပ်နဲ့ ပတ်သက် လာရင် အသေးငယ်ဆုံး အရာကအစ အရာ အားလုံးဟာ အဖိုးတန် အမှတ်တရ တွေဖြစ်နေ ခဲ့ပါတယ်။ လေးစား ဂုဏ်ယူရမယ့် အမှတ်တရ၊ အောက်မေ့ တမ်းတ ရတဲ့ အမှတ်ရမှု တွေပါ။ အဲဒီအထဲက-
''ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်''
အောင်ဆန်း
ဆိုတဲ့ အမှတ်တရ စာသားလေး တစ်ခုကို ကျွန်မရဲ့တပည့် ကိုးတန်း ကျောင်းသား လေးက အကောင် အထည်ဖော် လိုက်ပါပြီ။ ကိုးတန်း ကျောင်းသားလေး မောင်ဝေဖြိုးကျော် အတွက် ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်မယ့် (၉၉) နှစ်မြောက် ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ ပဲပြုတ်နဲ့ နံပြားစားပြီး ဂုဏ်ပြု ကြိုဆို ကြမှာပါ။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးဟာ အတိုင်းအဆမဲ့ ကြီးမား လှပါတယ်။
လေးစား ချစ်ခင်ဖွယ် ကောင်းတဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကို ခေတ် အဆက်ဆက် သယ်ဆောင် သွားကြပါစို့လို့ တိုက်တွန်း လိုက်ပါတယ်။
ဗိုလ်ချုပ်မွေးနေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ် ပါသည်။
ဗေဒါ(နမ္မတူ)
No comments:
Post a Comment