www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 17, 2014

အင်တာနက် ကင်းမဲ့နယ်မြေ သတ်မှတ်ဖို့ လိုအပ်နေပြီလား ....


အင်တာနက် ကင်းမဲ့နယ်မြေ သတ်မှတ်ဖို့ လိုအပ်နေပြီလား ....

Add caption
လူတွေဟာ အင်တာနက် မရှိရင် မနေတတ် ကြတော့ ပါဘူး။ နေ့စဉ် Chat Box လေးဖွင့်ထား ၊ g-Mail စစ် ၊ Facebook သုံး ၊ Googel မှာ လိုတာရှာ နေရမှ နေသာ ထိုင်သာ ရှိကြတာပါ။ ကမ္ဘာကြီး ပေါ်က ကလေး ၁ ဒသမ ၃ သန်းဟာ ပြင်ပ ဗဟုသုတ မြောက်မြားစွာ ရှာဖွေ ဆည်းပူးဖို့ လိုအပ် နေပေမယ့် စားပွဲနောက်က အင်တာနက် ကမ္ဘာမှာ စူးစမ်း လေ့လာရင်း ပြင်ပ ကမ္ဘာကို မေ့လျော့ နေကြပါတယ်။ ဒါပေမယ့် World Wide Web လို့ခေါ်တဲ့ ကမ္ဘာ့အနှံ့ ချိတ်ဆက် ထားတဲ့ ဒီကွန်ရက်ကြီး တကယ်ပဲ ကမ္ဘာ အနှံ့ ရောက်ရှိ ပါသလား။

နိုင်ငံတိုင်းမှာ အင်တာနက် လွတ်လပ်ခွင့် ဟာ ညီတူညီမျှ မရှိပါဘူး။ တရုတ်နိုင်ငံမှာ Facebook သုံးလို့ မရပါဘူး။ မြောက်ကိုရီးယား နိုင်ငံမှာ အင်တာနက် ဆင်ဆာ ကြီးလေးစွာ ရှိပါတယ်။ ဆီးရီးယား နိုင်ငံမှာ အင်တာနက် ကွန်ရက်ကို ဖြတ်တောက် ထားတာ အခုထိ ပါပဲ။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အင်တာနက် အသုံးပြုဖို့ လိုအပ်တဲ့ လျှပ်စစ်၊ ကွန်ပျူတာ၊ အင်တာနက် ဝန်ဆောင်မှု တွေ ဘာမှမရှိပါဘူး။ တကယ်တော့ ကမ္ဘာ့ လူဦးရေ၏ ၃၁ ရာခိုင်နှုန်း ကသာ အင်တာနက် အသုံးပြုခွင့် ရရှိ နေကြ တာပါ။

ကျန်တဲ့ လူတွေက သူတို့ နေထိုင်ရာ နိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာ တွေကြောင့် အင်တာနက် အသုံးပြုခွင့် မရကြ တာပါ။ သင့်မှာ လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေ ရှိနေလို့ ကတော့ တစ်ကမ္ဘာလုံး ဘယ်လိုနေရာ၊ ဘယ်လို ထောင့်ကို သွားသွား အင်တာနက် အသုံးပြုလို့ ရပါတယ်။ ဒီတော့ ဒီကမ္ဘာကြီး ပေါ်မှာ အင်တာနက် ကွန်ရက် လှိုင်းအား မရောက်ရှိတဲ့ နေရာ ကျန်သေး ပါရဲ့လား ဆိုတာ တွေးကြည့် စရာ ဖြစ်လာ ပါတယ်။

အင်တာနက် ကို စနစ်သုံးမျိုး နဲ့ ရယူ သုံးစွဲနိုင် ပါတယ်။ ဖိုင်ဘာကြိုး မျှင်များဖြင့် ချိတ်ဆက် အသုံးပြုနည်း၊ မိုဘိုင်းဖုန်း များဖြင့် ချိတ်ဆက် အသုံးပြုနည်း၊ ဂြိုဟ်တုစနစ် များဖြင့် ချိတ်ဆက် အသုံးပြုနည်း တို့ ဖြစ်ပါတယ်။ ဖိုင်ဘာ ဆက်ကြောင်းသုံး အင်တာနက် စနစ်က အင်အား အကြီးဆုံး ပါပဲ။ အန္တာတိကတိုက် ကလွဲလို့ ကျန်တဲ့ တိုက်တွေ၊ ဝေးလံ သီခေါင် လွန်းတဲ့ ကျွန်းငယ်တွေ ကလွဲလို့ ကျန်တဲ့ ကျွန်းတွေ အားလုံးကို ချိတ်ဆက် ပေးထား နိုင်ပါတယ်။

မိုဘိုင်းဖုန်း အင်တာနက် စနစ်ကတော့ ဖုန်းတာဝါတိုင် များရဲ့လွှင့်အားပေါ် မူတည် နေပါတယ်။ သေချာတာ ကတော့ ဖုန်းလိုင်းမိ နေရင် အင်တာနက် လိုင်း ရနေတာပါပဲ။ အာဖရိကတိုက် နိုင်ငံများလို ဖွံ့ဖြိုးဆဲ နိုင်ငံများ ဟာ မိုဘိုင်းဖုန်း အင်တာနက် စနစ်ကို အဓိက အားကိုး နေရပါတယ်။

တကယ်တော့ ဂြိုဟ်တု အင်တာနက် ဟာ နှေးကွေးလှ ပါတယ်။ နှေးတယ် ဆိုတာက လည်း သူဖြတ်သန်း ရတဲ့ ခရီး အကွာအဝေး ကြောင့် ဖြစ်ပါတယ်။ ဥပမာ အားဖြင့် အီကွေတာနဲ့ နီးတဲ့ နိုင်ငံတွေကို ဂြိုဟ်တု အင်တာနက် လိုင်းဟာ မိုင်ပေါင်း ၂၂ဝဝဝ ဖြတ်သန်းပြီး မှ ရောက်ရှိ လာတာပါ။ ဒါပေမဲ့ ဖုန်းလိုင်းမရှိ၊ ဖိုင်ဘာ ဆက်ကြောင်း မရှိတဲ့ ဆက်သွယ်ရေး ခက်ခဲလှတဲ့ နေရာဒေသ တွေမှာ ဂြိုဟ်တု အင်တာနက် စနစ်ဟာ အသက် သွေးကြော သဖွယ် ဖြစ်နေ ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ဂြိုဟ်တု အင်တာနက် ကုမ္ပဏီ ဖြစ်သည့် Iridium ကို အသုံးပြုပြီး သင်ဟာ အန္တာတိကတိုက် လို လူနေထိုင်မှု ကင်းမဲ့တဲ့ နေရာတွေက နေတောင် အင်တာနက် ကို အသုံးပြု နိုင်ပါတယ်။

ဒီတော့ နှေးပေမယ့် အလှမ်းကျယ် လှတဲ့ ဂြိုဟ်တု အင်တာနက် ဈေးကွက်ဟာ ကျသွားတယ် မရှိပါဘူး။ O3b Networks လို ဂြိုဟ်တု အင်တာနက် ကုမ္ပဏီကြီး တွေကလဲ ကမ္ဘာနဲ့ ပိုပြီး နီးကပ်စွာ လွှင့်တင် နိုင်တဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေကို လွှင့်တင် လာကြ ပါတယ်။ မကြာသေး ခင်ကပဲ O3b ဟာ သာမန်ထက် ကမ္ဘာနဲ့ လေးဆ ပိုနီးအောင် လှည့်ပတ်မယ့် ဆက်သွယ်ရေး ဂြိုဟ်တုကို လွှင့်တင် ခဲ့ပါတယ်။ အဲ့ဒီဂြိုဟ်တု တစ်ခုလုံးဟာ မြေပြင် ဧရိယာ မိုင်ပေါင်း ၄ဝဝ ပတ်လည်ကို အင်တာနက် ကွန်ရက် ပေးစွမ်း နိုင်ပါတယ်။ ဒါဆိုရင် အဲ့ဒီ ဂြိုဟ်တု အသုံးပြု ထားတဲ့နေရာ တွေမှာ အင်တာနက် အမြန်နှုန်းဟာ လေးဆ ပိုမြန် လာမှာပါ။

ဒီဂြိုဟ်တုကို အသုံးပြုဖို့ ပစိဖိတ် သမုဒ္ဒရာ အလယ်က Cook Islands က လက်မှတ် ရေးထိုးပြီး ပါပြီ။ ဆိုမားလီးယား နဲ့ ပီရူးနိုင်ငံ တို့ကလည်း နောက်ထပ် ၆ လအတွင်း မှာ စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်း နေကြ ပါတယ်။ 

ပင်လယ်ကူး သင်္ဘောကြီး တွေ၊ ကမ်းလွန် ရေနံတူးစင် တွေက လည်း အင်တာနက် ကွန်ရက်ကို ရရှိတော့မှာ ဖြစ်ပါတယ်။

Google ကလည်း အင်တာနက် ကန္တာရလို့ ခေါ်ဆိုတဲ့ အင်တာနက် ကွန်ရက် မရှိရာ နေရာဒေသ တွေအပေါ် Loon လို့ခေါ်တဲ့ ဆက်သွယ်ရေး ဘောလုံးကြီး တွေကို အမြင့်ပေ ၇ဝဝဝဝ အထိ လွှင့်တင်ပြီး အင်တာနက် စနစ် ပေးဝေ ဖြန့်ဖြူးဖို့ အကောင် အထည်ဖော် နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ ပါတယ်။နယူးဇီလန် နိုင်ငံတောင်ပိုင်း ကျွန်းစုများ အပေါ် အဲ့ဒီ Loon ဘောလုံးကြီး အလုံး ၃ဝ ခန့်ကို ယခင်နှစ် ဇွန်လက လွှင့်တင် စမ်းသပ်ခဲ့ကာ အောင်မြင်ခဲ့ ပါတယ်။

ဒါတင် မကသေးဘဲ အခိုက်အတန့် အင်တာနက် ကွန်ရက် မမိတဲ့ မြေအောက် ဥမင်လိုဏ်ခေါင်း Internet Blackspot တွေမှာတောင် အင်တာနက် ထပ်ဆင့်လွှင့် Hotspot တိုင်များ ထောင်ပြီး မြေအောက် ရထားပေါ်မှာ ပါ အင်တာနက် အသုံးပြုခွင့် ရရှိရေးကို ဆောင်ရွက် ထားကြ ပါသေးတယ်။

သို့သော် ဖိုင်ဘာ ဆက်ကြောင်း၊ မိုဘိုင်းဖုန်း အင်တာနက်၊ ဂြိုဟ်တု ကွန်ရက်၊ ဟော့စပေါ့တွေ တစ်ခုမှ လက်လှမ်း မမီနိုင်တဲ့ နေရာတွေ ရှိနေဆဲပါ။ ကမ္ဘာပေါ်က အနက်ဆုံး မြေအောက်ဂူကြီး ဖြစ်တဲ့ ဂျော်ဂျီယာ ပြည်နယ်က Krubera Cave ဂူကြီးဟာ မြေအောက် အနက်ပေ ၅၆၁ဝ အထိ ရှိပါတယ်။ အဲ့ဒီမှာ ဘယ် အင်တာနက် ကွန်ရက်မှ မရောက် ပါဘူး။

ဒါ့ပြင် ကမ္ဘာ့ ခေတ်အမီဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ကြီးတွေ ကလည်း နက်ရှိုင်းတဲ့ ရေအောက်မှာ ညံ့ဖျင်းတဲ့ အင်တာနက် လိုင်းကို ကြိတ်မှိတ်ပြီး အသုံးပြု နေရ ပါတယ်။

ဒီတော့ တစ်ကမ္ဘာလုံး က အင်တာနက် ကွန်ရက် တိုးတက် ကောင်းမွန် လာဖို့ အင်တာနက် မချိတ်ဆက် မိသေးတဲ့ နေရာဒေသ တွေကို အင်တာနက် ဖြန့်ဖြူးနိုင်ဖို့ ခက်ခဲတဲ့ နေရာဒေသ တွေမှာ အင်တာနက်ကို မရ အရသုံး စွဲဖို့ ကြိုးပမ်း ဆောင်ရွက် နေကြတဲ့ အတွက် ဒီကမ္ဘာကြီး ပေါ်မှာ အင်တာနက် ကွန်ရက် လက်လှမ်း မမီတဲ့ နေရာတွေဟာ မရှိသလောက် နည်းပါးတယ် လို့ ဆိုနိုင် ပါတယ်။

ဂြိုဟ်တု အင်တာနက် ပြတ်တောက်ရင် ADSL အင်တာနက် ဘက် လှည့်လာ ကြပါတယ်။ ADSL အင်တာနက် ပြတ်တောက်ရင် မိုဘိုင်းဖုန်း အင်တာနက် သုံးကြ ပါတယ်။ လိုင်းအားနည်းရင် Hotspot တွေထောင် ကြပါတယ်။ 

နည်းလမ်း မျိုးစုံနဲ့ အင်တာနက်ကို အောက်ဆီဂျင် လိုမရှိလို့ မဖြစ်အောင် လိုအပ် နေကြတဲ့ အတွက် ဘဝတစ်ခုလုံး ရဲ့ ကြီးမားတဲ့ အချိန် အပိုင်းအခြား ကြီးတွေကို အင်တာနက်က ဆွဲယူ ဝါးမျိုပစ် နေပါတယ်။

ဒါကြောင့် ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတွေမှာ အင်တာနက် ကင်းမဲ့ဇုန် ( Internet Free Zone ) များ သတ်မှတ် သွားဖို့ အကောင် အထည်ဖော် ဆောင်ရွက် နေရတဲ့ အထိ အင်တာနက် ကွန်ရက်ကြီးက လူတွေရဲ့ အာရုံကို လက်ဝါးကြီး အုပ်နေတဲ့ အကြောင်း လေ့လာ ရေးသား တင်ပြ အပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger