ဖူကူဆိုကာ ၊ ၁၂-၁၀-၂၀၁၃
ဂျပန်နိုင်ငံ တောင်ပိုင်း ဖူကူအိုကာ စီရင်စု ဖူကူအိုကာမြို့ ရှိ အရိုးရောဂါကု ဆေးရုံတွင် အောက်တိုဘာ ၁၁ ရက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖူကူအိုကာမြို့ ရဲတပ်ဖွဲ့ နှင့် မီးသတ်ဌာန တို့က ထုတ်ပြန် ကြေညာ ခဲ့သည်ဟု အေပီ သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ မီးလောင်မှုသည် ဆေးရုံတွင် ကုသမှု ခံယူနေသည့် လူနာများ အိပ်ပျော်နေစဉ် စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ ၁ဝ ဦးအနက် ၈ ဦးမှာ လူနာများဖြစ်၍ ၂ ဦးမှာ ဆေးရုံ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာ ရရှိသူ အများစုမှာ စိုးရိမ်ရဖွယ် အခြေအနေတွင် ရှိကြောင်းနှင့် အဆောက်အဦ အများစု မီးကူးစက် လောင်ကျွမ်း ပြီးမှသာ မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း ဖူကူအိုကာမြို့ မီးသတ်ဌာန တာဝန်ရှိသူ အကီဟာရူအော့စု က ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်မှု သည် ၄ ထပ် အဆောက်အဦ ၏ မြေညီထပ်မှ စတင် လောင်ကျွမ်း ခဲ့ကြောင်း ၊ မီးစတင် လောင်ကျွမ်းစဉ် မီးငြှိမ်းသတ်ရန် ကြိုးပမ်းမှု တစ်စုံတစ်ရာ မတွေ့ရကြောင်း နှင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။






No comments:
Post a Comment