" လယ်တောအလွမ်း "
မယ့်ဝမ်းစာ ယာတစ်ခင်း
ဆင်းခဲ့ပါ့ မောင်ကြီးရယ်။
ကောက်နှံတွေ ရွှေလိုဝင်း
နှင်းဖွေးလို့ကွယ်။
ချမ်းအေးလို့ မအားတယ် ....
ဧည့်သည်ကို ပျိုလုပ်ကျွေး။
နှမ်းလှော်ကို ညက်အောင် ထောင်းပါလို့
ကောက်ညှင်းပေါင်းက ပူပူနွေး
အုန်းဆန်ကဖွေး ... ။
ထန်းသီးနုနု ချိုချွဲချွဲ
ထန်းလျက်ခဲက မွှေးသကို။
ထန်းရည်ချို ပျိုမတား
သောက်စားပါဆို။
လယ်သူမလေး အရှက်ပို ....
မျက်နှာကို သူလွှဲ။
စကားချိုချို နှစ်ကိုယ်ကြား
နားဝမှာစွဲ။
မျက်နှာချို လပြည့်ည
ကြည့်မ၀နိုင်ဘဲ ... ။
ဖရဲခင်းမှာ နှစ်ကိုယ်တွဲ
ထန်းတောထဲမှာ နားခို။
ဖရဲသီးမှည့် နီရဲရဲ
ခွဲကျွေးတဲ့ပျို။
ဖရဲသီးက အေးချိုချို ....
ပျိုမျက်နှာက ရွှင်ပြုံးပြုံး။
မောင်ကြီးရယ် မရှက်နဲ့
စားလှည့်ပါအုန်း .... တဲ့ ။
မွန်းတည့်နေ ပူလောင်ပြင်း
တဲကွင်းမှာ အနားယူ။
လယ်ပုစွန်ကို အစပ်ချက်
ချဉ်ပေါင်ရွက် ဟင်းချိုပူ။
စိတ်ဝမ်းလှ မငြူစူ ....
ကြည်ကြည်ဖြူ ထည့်ကျွေး။
နှစ်မျက်နှာ အပြုံးများနဲ့
စားကြတယ်လေး။
မောင်ကြီးမှာ ခံတွင်းတွေ့
မေ့မရနိုင်သေး ... ။
မွန်ပြည်နယ် အလည်တစ်ခေါက်
ရောက်ဖူးတဲ့ ကိုလူပျို။
လယ်တောမှာ ရွှင်ပျော်မွေ့
မေ့နိုင်ဘူးဆို။
လယ်တောက ထန်းလျက်ချို ....
ချဉ်ပေါင်ကို သူလွမ်း။
အမေ အဖေ အခွင့်ပေးရင်
ပြေးလာဖို့မှန်း။
တွေးပါလို့လွမ်း ... ။ ။
မင်းမောင်နွယ် (မွန်ဌာနီ)
(( ၂၀၁၃ ခုနှစ် ဇွန်လထုတ် ငွေတာရီမဂ္ဂဇင်း ကဗျာကဏ္ဍမှ ))
No comments:
Post a Comment