မောင်နေ(မြကျွန်း)
ကျုပ်တို့ ဌာနမှာ ဦးသာရင် ဆိုတဲ့ ကားဒရိုင်ဘာ
တစ်ဦးရှိသည်။ အသက်က (၆၀) ကျော်ပြီ ၊ တစ်လောက မျက်လုံးတိမ်ကို ခွဲစိတ် ကုသခဲ့လို့ နေကာ
မျက်မှန်ကြီး တပ်ထားတာလဲ တွေ့ရသည်။ သူ့အလုပ်က မင်္ဂလာဒုံ ၊ သူနေတာက ရွှေပြည်သာ ဆိုတော့
နေ့စဉ် ရုံးတက် ရုံးဆင်းကို အသွားအပြန် လိုင်းကား တိုးစီးရသည်။ လိုင်းကား တွေရဲ့ ထုံးစံအတိုင်း
ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်မှာ လူကြပ်တာက ဖြစ်ရိုး ဖြစ်စဉ်မို့ ဇာမချဲ့ တော့ပါဘူး။
ဒီနေ့တော့ ထူးတယ်ဗျ။ ဦးသာရင် အိမ်က
ထွက်လာတော့ ရုံးချိန်နီးတာနဲ့ ခါတိုင်း လုပ်နေကျ ဘုရားဝတ်ပြု တာ မလုပ်ခဲ့ရဘူး။ ဦးသာရင်က
ဗုဒ္ဓဘာသာ လဲဖြစ် ၊ အသက်အရွယ် ကလဲရ ၊ ဇနီးသည် ဒေါ်သိန်းသိန်း ရဲ့ အသွန်အသင် လဲကောင်းတော့
ရုံးမလာခင်မှာ ဘုရား ဦးသုံးကြိမ်ချ ၊ သရဏဂုံ တင်ပြီးမှ ရုံးတက်သည်။ ဒီနေ့တော့ အချိန်
နောက်ကျပြီး စိတ်က လောဆော်တာနဲ့ ဘုရား ရှိခိုးဖို့ မေ့ပြီး လွယ်နေကျ လွယ်အိတ်လေးနဲ့
ဇနီးသည် စီစဉ် ပေးတဲ့ ထမင်းချိုင့် လေးဆွဲပြီး အိမ်က ထွက်ခဲ့သည်။
လိုင်းကား တစ်စီး မှတ်တိုင်ကို ဆိုက်လာသည်။
အလုအယက် အတိုးအဝှေ့ တွေကြောင့် တက်လို့ မရလိုက်ဘူး။ နောက်တစ်စီး ဆိုက်လာသည်။ လှေကားထစ်ပါ
လူတွေ ပြည့်နေတော့ တက်ခွင့် မရပြန်ဘူး။ တတိယ တစ်စီး ဆိုက်တယ် ။ စပယ်ရာရဲ့ ဂျိုင်းကနေ
မြှောက်တင် ပေးမှုကြောင့် ဦးသာရင် ကားပေါ် ရောက်သွားသည်။ ကားပေါ်မှာ လူဆိုတာ ငပိသိပ်
၊ ငချဉ်သိပ် ၊ လှည့်လို့ မရဘူး ။ လူများတော့ အနံ့ကလဲ စုံနေတာပဲ။ တော်ရုံတန်ရုံ ကျန်းမာရေး
မကောင်းလို့ ကတော့ လိုင်းကား မစီးလေနဲ့ ။ ခြေလျင်သာလျှောက် ၊ ကျန်းမာရေး ကောင်းသွားမယ်။
ကားပေါ်က ဆင်းလာရင် ၀တ်ထားတဲ့ ဒိုဘီကျ အင်္ကျီအဖြူက အရောင်ပြောင်းပြီး တွန့်ကြေ ကုန်တော့တာ
ပါပဲ။
မင်္ဂလာဒုံ ၊ ခရေပင် လမ်းခွဲနားက မှတ်တိုင်မှာ
ကားပေါ်က ဆင်းသည်။ ဆင်းရင်လဲ တိုးဆင်းတတ်မှ ၊ မဟုတ်ရင် စိတ်မရှည်တဲ့ ဒရိုင်ဘာ နဲ့ စပယ်ယာ
တို့ရဲ့ ပညာပေးမှုကြောင့် နောက်မှတ်တိုင် ရောက်တော့ တာပဲ။ ကားအောက်ရောက်မှ အင်္ကျီဆွဲဆန့်တာ ၊ ပုဆိုးပြင်ဝတ်တာ
တွေပြန်လုပ်ရတယ်။ သတိရတာနဲ့ လွယ်ထားတဲ့ အိတ်ထဲက သားရေ ပိုက်ဆံအိတ်ကို ရှာမိသည်။ မတွေ့တော့ဘူး။
အိတ်ထဲမှာ မှတ်ပုံတင် ၊ ကားလိုင်စင် ၊ ၀န်ထမ်းကတ် နဲ့ အဆောင်တွေ အပြင် ငွေက နှစ်သောင်း
ခြောက်ထောင် ပါတယ်။ ခြောက်ထောင်က တစ်ပတ်စာ လိုင်းကား စရိတ် ၊ နှစ်သောင်းက ဇနီးသည် ဈေးမှာတာ
၊ သားရေ ပိုက်ဆံအိတ် ဆိုပေမယ့် အဟောင်းလေးပါ။ တော်တော် ရက်စက်တဲ့ လူတွေ ... ။
ရုံးကိုရောက်တော့ ဒီအကြောင်းကို လုံခြုံရေး
ကိုမြသိန်း ကိုပြောပြသည်။ ကိုမြသိန်းက အကြံပေးသည်။ ရဲစခန်းတိုင်တဲ့။ မျောက်မီးခဲ ကိုင်မိသလို
ဖြစ်တာ မှန်ပေမယ့် ရဲစခန်းသွား ရမဲ့စရိတ်စက ၊ အမှုဖွင့် ရမဲ့ စရိတ်စက စတဲ့ နောက်ဆက်တွဲ
ပြဿနာတွေ စဉ်းစားပြီး အကုသိုလ်တွေ ထပ်မပွား ရလေအောင် နှလုံးသွင်းရတယ်။ ကိုမြသိန်း ကတော့
ပြောပါတယ် ၊ ခင်ဗျား ဘုရား မရှိခိုး ခဲ့တာကြောင့် ဖြစ်မယ်တဲ့ .... ။ တခြားလူတွေ အတွက်
မထောင်းသာ ပေမယ့် ဦးသာရင် အတွက် ဂြိုဟ်ဆိုး ၀င်တဲ့ နေ့တစ်နေ့ ပါပဲ။
အိမ်ရောက်တော့ မိန်းမ ဖြစ်သူကို ပြောပြသည်။
ဘာတတ်နိုင် တော့မှာလဲ။ ပွဲကပြီး နေပြီပဲ။ နောင် မဖြစ်ဖို့ပဲ အရင်ကထက် ပိုဂရုစိုက် ရတော့မှာ။
ဦးသာရင်တို့ လင်မယားက အတူနေ သား၊ သမီး မရှိဘူး။ အကြီးကောင်က မွေးထားတဲ့ မြေးလေးပဲ
အဖော်ရှိတယ်။ နေ့နေ့ညည အိမ်ပြင်ပ ကိစ္စ တွေအတွက် ဦးသာရင်ရဲ့ အလုပ်ပဲ။ ရုံးက ပြန်ရောက်ရင်
ရေခပ် ၊ ထင်းခွဲ ၊ ရုံးမတက်ခင် ဗာဟီရတွေလုပ် ၊ စနေ တနင်္ဂနွေ နားရက် ရောက်ရင် ရပ်ကွက်
သာရေး နာရေးနဲ့ မပြီးသေးတဲ့ အိမ်အလုပ်တွေ ဆက်လုပ်နဲ့ ဒီအသက်အရွယ် ရောက်လာပြီ။ ဌာနက
သဘောကောင်း လို့လဲ အသက် (၆၀) ကျော်ထိ အလုပ်လုပ်ခွင့် ရနေတာ။ ဒီလကတော့ အရင်လ တွေထက်
စာရင် ပိုပြီး ချွေတာမှ ဖြစ်မှာ။
ဝန်ထမ်းဘ၀ ဆိုတာ အခက်သားဗျ။ အပိုဝင်ငွေ
မရှိတဲ့ ၀န်ထမ်းတွေ အတွက် လစာနဲ့ ထောက်ပံ့ကြေး ကလွဲလို့ ဘာမှမရှိဘူး။ ဆိုကြပါစို့ တစ်လကို
ခြောက်သောင်း ရတယ်။ ခွဲတမ်းချရင် တစ်နေ့ကို ၂၀၀၀ ကျပ်ပဲ ရှိတယ်။ လင်မယား နှစ်ဦးဆိုတော့
နှစ်ယောက်ပေါင်းမှ တစ်ရက် ၂၀၀၀ ပဲ သုံးခွင့်ရှိတယ်။ စုဖို့ ဆောင်းဖို့ နေနေသာသာ ထမင်းနပ်
မှန်အောင်တောင် မနည်း လုပ်နေရတာ။ အိုစာနာစာ အတွက်ဆို ဝေလာဝေး။ အပိုဝင်ငွေ ရလိုရငြား မအူမလည်နဲ့ အချောင်နှိုက်၊
မိလို့ ရရင် တော်ပါရဲ့ ၊ ကံဆိုးမိုးမှောင် ကျလို့ ကတော့ အမှုဖြစ်ပြီး လင်မယား နှစ်ယောက်စလုံး
ငုတ်တုတ် ငတ်မှာ သေချာတယ်။ ဒါကြောင့် မဟုတ်တာလဲ မလုပ်ရဲဘူး။ အသက်ကြီးမှ မပျက်စီး ချင်ဘူးပေါ့ဗျာ။
အနှိုက်ခံရတဲ့ နေ့ကစပြီး ဦးသာရင် ဘုရားရှိခိုးတာ
မပျက်ကွက် ရအောင် အချိန်ပေးပြီး လုပ်တယ်။ အလုပ်မသွားခင် မကတော့ဘူး၊ အိပ်ယာဝင် ၊ အိပ်ယာထ
ချိန်တွေမှာလဲ ရှိခိုးတယ်။ လမ်းသွားရင်း ဘုရားစာ ရွတ်တယ်။ တစ်ခါ သေဖူးတော့ ပျဉ်ဖိုးနားလည်
ပြီးပေါ့ဗျာ။ ကားစီးနေရင်း လွယ်ထားတဲ့ အိတ်ကို ရှေ့မှာထားပြီး မကြာမကြာ စမ်းရတာလဲ အလုပ်တစ်ခု
၊ ပိုပြီး စိတ်ပူတာက ကိုယ်က ဌာနတစ်ခုရဲ့ ဒရိုင်ဘာ ဆိုတော့ ကားလိုင်စင် ရှိရမယ် ၊ နိုင်ငံသား
စိစစ်ရေး ကတ်ပြား ရှိရမယ်။ အဲဒါတွေကို ပြန်လုပ်ဖို့ ငွေက ထပ်ကုန်ဦးမှာ။ ၀န်ထမ်းကတ်
ကတော့ သတင်းပို့ လိုက်လို့ အသစ် လုပ်ပေးမယ်တဲ့။ မည်သူမပြု မိမိမှု လို့ပဲ သဘောထား လိုက်ပါတယ်။
တစ်နေ့က ကောင်လေး တစ်ယောက်ကို ရုံးဂိတ်မှာ
တွေ့လိုက်တယ်။ ခဏကြာတော့ လုံခြုံရေး ကိုမြသိန်း က ခင်ဗျားဧည့်သည် ဆိုပြီး လာခေါ်တယ်။
ကောင်လေးက မွန်မွန်ရည်ရည် လေးပါ။ ကျောင်းသား အရွယ်ပါပဲ။ အနားရောက် တော့မှ အဘက ဦးသာရင်
လားတဲ့ ၊ ဟုတ်ကြောင်း ပြောမှ သူ့လွယ်အိတ် ထဲက သားရေ လက်ကိုင်အိတ်လေးကို ထုတ်ပြီး အဘပစ္စည်း
လားလို့ မေးတယ် ၊ ကံကောင်း လိုက်တာဗျာ ၊ သူ့အိတ်မှ သူ့ ပိုက်ဆံအိတ် အစစ် ။ ကောင်လေးကိုလည်း
ကျေးဇူးတင်တယ်။ လှန်လှော ကြည့်တော့ နိုင်ငံသားကတ် ၊ ၀န်ထမ်းကတ် ၊ ကားလိုင်စင် တွေ တွေ့ရတယ်။
အပြင်အိတ်မှာ ထားတဲ့ ပိုက်ဆံ ခြောက်ထောင်တော့ မပါတော့ဘူး။ ကောင်လေးကို ကျေးဇူး တင်ကြောင်းနဲ့
ဘယ်ကရ သလဲ မေးတော့ လမ်းဘေးမှာ ပစ်ထားတာ တွေ့လို့ ကောက်ကြည့်ရာက ၀န်ထမ်း လိပ်စာ ကြည့်ပြီး
လာပေးတာတဲ့။ ကျေးဇူးတင် လိုက်တာဗျာ။ ကောင်လေးလည်း နှုတ်ဆက်ပြီး ပြန်သွားတယ်။
ကောင်လေး ပြန်သွားမှ အတွင်းအိတ်ပုန်းမှာ
ထည့်ထားတဲ့ ငွေ ၂၀၀၀၀ ကျပ် ရှိမရှိ ထုတ်စစ်တယ်။ ကွတ်တိပဲဗျို့ ၊ ငါးထောင်တန် ၄ ရွက်။
ဝမ်းသာလုံးဆို့ပြီး မျက်ရည်တောင် ၀ဲတယ်။ နှိုက်တဲ့လူလည်း သူ့ဝမ်းစာ အတွက် နှိုက်တာ နေမှာပါ။
တွေ့တဲ့ လူကလဲ မသိကျိုးကျွံ မပြုဘဲ လာပေးတယ် ဆိုတော့ လူကောင်းတွေ ရှိနေတယ် ဆိုတဲ့ အသိနဲ့
ဝမ်းသာမိတယ်။ ဒါကြောင့် ကျန်ငွေ ၂၀၀၀၀ ကို ရှာမတွေ့တဲ့ အနှိုက်သမား ၊ လမ်းဘေးကျ နေတဲ့
ပစ္စည်းကို ပိုင်ရှင်ပြန်ပေးတဲ့ သူငယ် ၊ နေ့စဉ် ရှိခိုးအားကိုးတဲ့ ဘုရား ၊ အားလုံး အားလုံး
သာဓုပါခင်ဗျာ ... ။ ။
(သူတော်ကောင်းဓာတ် ၊ တရားမြတ် ၊ လွှမ်းပတ်
ကမ္ဘာ တည်ပါစေ)
No comments:
Post a Comment