သောင်းဝေဦး
(၂၄-၁၀-၂၀၁၂)
"တပ်မတော် အင်အားရှိမှ ၊ တိုင်းပြည်
အင်အားရှိမည် " ဆိုသည့် ဆောင်ပုဒ်ကို ဘယ်လို နားလည်ပါသလဲ ...?
" ကျွန်တော်ဟာ ၀ါသနာအရ စစ်စာပေ
တွေကို အဆက်မပြတ် ရေးနေတဲ့ စစ်သားဟောင်း တစ်ယောက်ပါ ။ စာဖတ်သူ တော်တော်များများ သိကြပါတယ်။
စာရေးနေပေမဲ့ ဘယ်အဖွဲ့အစည်း မှ မပါခဲ့ပါဘူး ၊ ဘယ်အသင်းဝင် မှလည်း မဟုတ်ပါဘူး ၊ ဘယ်ပါတီဝင်
မှလည်း မဟုတ်ပါဘူး ၊ ဘယ်စာပေ တိုက်ပွဲမှ ၀င်မနွှဲခဲ့ပါဘူး ၊ ဘယ်ဂိုဏ်းဂဏ မှလည်း မပတ်သက်ခဲ့
ပါဘူး ။ ကိုယ့် အလုပ်ကိုယ်သာ တစိုက်မတ်မတ်နဲ့ လုပ်နေခဲ့တဲ့ သူတစ်ယောက်ပါ။ ဘယ်သူနဲ့
မှလည်း ၀ိရောဓိ မဖြစ်ခဲ့ ပါဘူး ၊ ဘယ်သူ့ကို မှလည်း မဝေဖန် ခဲ့ပါဘူး ..... "
ဒါပေမယ့် မနေ့တနေ့က " မြန်မာတိုမ်း
" ဂျာနယ်မှာ ပါလာတဲ့ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ် ဆိုတဲ့ ဆောင်ပုဒ်ကို
လက်မခံလို့ (၈၈) ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမြအေး က ပြောလာတော့ မနေနိုင်တဲ့
အတွက် မပြောစဖူး ကျွန်တော် ပြောပါရစေ။
အဲဒီဆောင်ပုဒ်ကို ကိုမြအေး ဘယ်လို နားလည်
ခဲ့ပါသလဲ ... ။ ဒီဆောင်ပုဒ်က အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ
ကတည်းက ပေါ်ခဲ့တာပါ။ ရေးသွားတဲ့ ပုဂ္ဂိုလ်က ဂီတစာဆို ဆရာကြီး ရွှေတိုင်ညွန့် ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး သမိုင်းကို ပြန်ကြည့်ကြပါအုံး ... ။ မြန်မာ့ သမိုင်းမှာ လက်နက် နိုင်ငံတော်ကြီး
(၃)ခု ပေါ်ပေါက်ခဲ့ ဖူးပါတယ်။
အနော်ရထာ
ဘုရင့်နောင်
အလောင်းမင်းတရား ...
အဲဒီ ဘုရင်တွေရဲ့ လက်ထက်မှာ မြန်မာ
နိုင်ငံတော်ကြီးကို ပတ်ဝန်းကျင် နိုင်ငံအားလုံးက လေးစားခံခဲ့ ကြရတယ်။ ဒါဘာလဲ ဆိုရင်
ဗမာ့ တပ်မတော်ကြီး အဲဒီတုန်းက အင်အား ရှိနေခဲ့လို့ပါပဲ။ အလောင်းမင်း တရားကြီးရဲ့ မြေး
မြစ် တီ တွတ် တွေဖြစ်တဲ့ သီပေါလက်ထက်မှာ မြန်မာနိုင်ငံ ဘယ်လို ဖြစ်သွားခဲ့သလဲ ... ။
အင်္ဂလိပ်တွေ အလွယ်တကူ တိုက်သိမ်း သွားကြတယ် မဟုတ်လား ။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ
"အမြဲတမ်း တပ်မတော် " ကြီး မရှိခဲ့ပါ။ "ခေတ်မီတဲ့ တပ်မတော်ကြီး"
မရှိခဲ့ပါ။ ဒါကြောင့် စစ်ရှုံးပြီး လွတ်လပ်ရေးပါ ဆုံးရှုံးခဲ့ရတယ်။ ဒါကို တစ်နိုင်ငံလုံး
အသိမ်းခံ ရပြီး အနှစ် (၆၀)ကြာမှ ဗိုလ်ချုပ် အောင်ဆန်းတို့ ကြိုးစားလို့ လွတ်လပ်ရေး
ပြန်ရခဲ့တယ်။ ဒီလို လွတ်လပ်ရေး ရဖို့အတွက် အသက် ၊ သွေး ၊ ချွေး တွေအများကြီး ပေးဆပ်ခဲ့ရတယ်။
ဒီနောက် ၁၉၄၈ လွတ်လပ်ရေး ရတော့ မြန်မာ့တပ်မတော်
လူ (၅၀၀၀)သာသာ လောက်နဲ့ ဖွဲ့ခွင့် ရခဲ့တယ်။ တိုင်းပြည်က သူပုန်ထတော့ သောင်းကျန်းသူ
အမျိုးစုံ အဲဒီ လက်တစ်ဆုပ်စာ တပ်မတော် ကလေးနဲ့ နိုမ်နင်းခဲ့ရတယ်။ ၁၉၄၉ ကျတော့ တရုတ်ဖြူတွေ
ဝင်လာပြန်တယ်။ အင်အားမရှိတဲ့ ကြားက တရုတ်ဖြူ တွေကို ရှိစုမဲ့စု တပ်ကလေးနဲ့ နှိမ်နင်းခဲ့ရ
ပြန်တယ်။ ဒီလို မနှိမ်နင်းနိုင်ရင် လွတ်လပ်ရေး ဆုံးရှုံးသွားမှာပဲ။ တိုင်းပြည် မငြိမ်မသက်
မအေးချမ်းရင် ပြည်သူတွေ အတိဒုက္ခ ရောက်ကြမယ်။ ဒီရန်တွေကို တပ်မတော်ကပဲ အကာအကွယ် ပေးခဲ့ရတာပါ။
အဲဒီတော့ တပ်မတော် အင်အားရှိဖို့ မလိုပေဘူးလား ...?
အင်အားရှိတယ် ဆိုတဲ့နေရာမှာ အင်အားကြီး
(၃)ရပ် ဆိုတာ ရှိပါတယ်။ စစ်အင်အား ၊ ဓနအင်အား နဲ့ နိုင်ငံရေးအင်အား ဆိုတာ ရှိပါတယ်။ စစ်အင်အား မရှိလို့ သူများ ကျူးကျော်ခံရရင် လွတ်လပ်ရေး
ဆုံးရှုံးသွားပြီး ကျန်တဲ့ အင်အားကြီး နှစ်ခုလည်း အလိုလို ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။
နမူနာကတော့ အင်္ဂလိပ်တွေ လက်အောက်မှာ ကျွန်တော်တို့ ဘယ်လို နေခဲ့ရသလဲ .. ။ ဂျပန်တွေ လက်အောက်မှာ
ဘယ်လို နေခဲ့ရသလဲ ... ။ ဒါ စဉ်းစားဖို့ ပါပဲ။ အဲဒီတော့ တပ်မတော် အင်အားရှိဖို့ မလိုပေဘူးလား
.... ?
တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ့်
နေရာမှာ တပ်မတော်က နိုင်ငံကို ကာကွယ်ပေးမယ် ၊ လွတ်လပ်ရေးကို ထိန်းသိမ်းထားမယ် အဲဒီလိုဆိုရင် တိုင်းပြည်က ကောင်းကောင်း မွန်မွန်
ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကိုယ့်အသက်မွေး ၀မ်းကြောင်းကိုယ် ကိုယ့်စီးပွားရေး ကိုယ်
မလုပ်နိုင်ပေးဘူးလား ... ။ ဒီလိုလုပ်နိုင်ရင် စီးပွားရေးတွေ တောင့်တင်းခိုင်မာပြီး စီးပွားရေး အင်အား ရှိမလာ ပေးဘူးလား ... ။ ကျွန်တော်တို့ ဒီလို နားလည်မှ ရမှာ ဖြစ်ပါတယ်။
ပထ၀ီ နိုင်ငံရေးအရ နည်းနည်းပြောပါရစေ
...
ကျွန်တော်တို့ နိုင်ငံဟာ အင်အားကြီး
နိုင်ငံတွေဖြစ်တဲ့ တရုတ် နဲ့ အိန္ဒိယကြားက နိုင်ငံငယ် ကလေးပါ။ ကိုယ့်နိုင်ငံ ကိုယ်ကာကွယ်ဖို့
လုံလောက်တဲ့ အင်အားရှိတဲ့ တပ်မတော်တစ်ရပ် ရှိရပါမယ်။ မရှိရင် ဘယ်လို ရပ်တည်မလဲ ...
။ ကနေ့ အာရပ်တွေ အလယ်မှာရှိတဲ့ အစ္စရေးကို ကြည့်ပါ။ ခိုင်မာ တောင့်တင်းတဲ့ တပ်မတော်
ရှိနေတော့ အာရပ်တွေ သူတို့ကို မစော်ကားနိုင်ဘူး။ အစ္စရေးက လူဦးရေ (၄)၊ (၅) သန်းလောက်သာ
ရှိတဲ့ နိုင်ငံငယ် ကလေးပါ။ အာရပ်တွေက သူ့ပတ်ဝန်းကျင်မှာ သန်းရာနဲ့ချီ ရှိပါတယ်။ ဒါပေမယ့်
အစ္စရေး တပ်မတော်က စွမ်းရည်ရှိပြီး အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် တစ်နိုင်ငံလုံး လက်နက်ကိုင်
စစ်တိုက်ဖို့ အသင့်ပြင် ထားနိုင်တဲ့ နိုင်ငံပါ။ ဒါကြောင့် သူတို့ လွတ်လပ်ရေး မဆုံးရှုံး
ခဲ့ပါဘူး။ အာရပ်တွေက မစော်ကားရဲဘူး။ ကျွန်တော်တို့ နိုင်ငံလည်း ဒီလိုပဲ ဖြစ်သင့်ပါတယ်။
အင်အားကြီး နိုင်ငံတွေက ကျူးကျော် စော်ကားမှုတွေ လုပ်လာရင် တွန်းလှန်နိုင်ဖို့ အင်အားရှိတဲ့
တပ်မတော် တစ်ရပ် ရှိသင့်ပါတယ်။
ဒီနေရာမှာ ကြားဖြတ် တစ်ခု တင်ပြပါမယ်။
ဗမာပြည် ကွန်မြူနစ်ပါတီက နိုင်ငံတော်အာဏာကို ရဖို့ကြံတယ်။ သူတို့ချည်း တိုက်လို့ မနိုင်တော့
ဘေးနားက အင်အားကြီး နိုင်ငံတစ်ခုရဲ့ စစ်ရေး အကူအညီယူတယ်။ ဟိုက လိုတာကို အကုန်ပေးတယ်။
ကုန်ကုန်ပြောရရင် ဗကပ ခေါင်းဆောင်တွေကို မိန်းမတွေပါ ပေးတယ်။ အဲဒါပဲ။ ၁၉၆၈ ခုနှစ်က
စပြီး ၁၉၈၈ လောက်အထိ နှစ် (၂၀)လောက် ကြာသွားတယ်။ တပ်မတော်က အဲဒီရန်ကို အနှစ်(၂၀) လုံးလုံး
အသက်ပေါင်း များစွာ စတေးပြီး ကာကွယ်ခဲ့ ရတယ်။ ကွန်မြူနစ်တွေက အာဏာရသွားရင် ကမ္ဘောဒီးယား
ခမာနီတွေလို ဖြစ်သွား လိမ့်မယ်။ ဖြုတ် ထုတ် သတ် တွေနဲ့ အရိုးတွေ တောင်လို ပုံသွားမယ်။
အဲဒီတုန်းကသာ တပ်မတော်က ဗကပရန်ကို မကာကွယ်ခဲ့ရင် အခုလောက်ဆို မြန်မာနိုင်ငံ မြောက်ခြမ်းက
ကွန်မြူနစ် နိုင်ငံ ဖြစ်နေလောက် ပါပြီ။ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားလို ဖြစ်သွား
နိုင်ပါတယ်။ မြောက်မြန်မာနိုင်ငံ နဲ့ တောင်မြန်မာနိုင်ငံ ဆိုပြီး ဖြစ်သွားရင်တော့ မစဉ်းစားဝံ့
လောက်ပါပဲ။ တောင်ကိုရီးယား နဲ့ မြောက် ကိုရီးယား တို့ကို နမူနာယူပြီး စာရှုသူများ ကိုယ့်အတွေးကို
စဉ်းစား ကြပါစို့။
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား
ရှိမယ် ဆိုတဲ့ စကားဟာ ကျွန်တော်တို့ နိုင်ငံအတွက် သာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့
နိုင်ငံတိုင်း အတွက်လည်း အကြုံးဝင် ပါတယ်။ စစ်အင်အား တောင့်တင်းတဲ့ နိုင်ငံဆိုရင် ဘယ်သူကမှ
မထိဝံ့ မစ၀ံ့ပါဘူး။ ဒီနေ့ အမေရိကန် ပြည်ထောင်စု ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စစ်အင်အား တောင့်တင်းတဲ့ Super Power နိုင်ငံတွေပဲ။
သူတို့ကို ဘယ်သူက စော်ကားရဲလို့လဲ။ ဆိုဗီယက်ကြီး မပြိုကွဲခင် တုန်းက သူလည်း ဘယ်သူကမှ
မစော်ကားရဲကြဘူး။ သူ့ရဲ့ စစ်အင်အားကို ကြောက်ကြတယ်။ ဆိုဗီယက်လည်း ပြိုကွဲသွားရော သူ
Voice က အရင်ကလောက် ကျယ်မှ မကျယ်နိုင်တော့ပဲ။ ဒါအားလုံး အသိပါ။ နိုင်ငံပြိုကွဲ သွားတော့
ဓနအင်အားလည်း မရှိဘူး။ ဓနအင်အား ဆိုတာလည်း တိုင်းပြည် အင်အားပါပဲ။ ဒါလေးကို နားလည်ပေးဖို့
လိုပါတယ်။
တပ်မတော် အင်အားရှိမယ့် နေရာမှာ မလိုလားအပ်ဘဲနဲ့
တပ်တွေ နင်းကန် တိုးချဲ့ လေတပ်တွေ ၊ ရေတပ်တွေ ထူထောင် ငွေကုန် ၊ ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။
ကိုယ့်နိုင်ငံ ကိုယ် ကာကွယ်ဖို့ လုံလောက်တဲ့ ကြည်း ၊ ရေ ၊ လေ တပ်အင်အား ရှိဖို့တော့
လိုပါလိမ့်မယ်။ ကျွန်တော်တို့ တပ်မတော်က Standard Army မဖြစ်သေးဘူး။ လူဦးရေ သန်း ၆၀
ကို အပြည့်အ၀ အကာကွယ် ပေးဖို့ လိုအပ်နေပါသေးတယ်။ နယ်စပ် ဒေသတွေကို လုံလုံခြုံခြုံ ထိန်းသိမ်း
မထားနိုင်ရင်တော့ ကိုယ့်နိုင်ငံထဲကို ဟိုကခိုးဝင် ၊ ဒီကခိုးဝင် ၊ ဟိုကခိုးထွက် ၊ ဒီကခိုးထွက်
အဲဒီလိုဆိုတော့ မနေ့တနေ့ကလို ဘင်္ဂါလီ အရေးအခင်းတွေ ဖြစ်လာတယ်။
နောက်တစ်ခုက ကိုမြအေး ပြောသွားတာ တပ်မတော်သာ
အမိ ၊ တပ်မတော်သာ အဖ ဆိုတာ မဟုတ်ပါဘူး။ ပြည်သူသာ အမိ ပြည်သူသာ အဖ ဖြစ်ပါတယ်။ ဒီမိုကရေစီ
ခေတ်မှာ ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ မှန်ပါတယ်။ ဒါပေမယ့် တပ်မတော်သာ အမိ ၊ တပ်မတော်သာ
အဖ စကားက ဘယ်တုန်းက ဖြစ်လာပါသလဲ ...။ ကိုမြအေးရော ဘယ်လို နားလည် ထားသလဲ ။ အဲဒီလိုဆိုရင်
ကျွန်တော်ကိုရော ခင်ဗျား ရော ဘယ်လိုနားလည် သလဲမေးလာရင် ကျွန်တော်က ဒီလို ဖြေပါမယ်။
ဒီစကားက ၁၉၈၈ အရေးအခင်း နောက်ပိုင်းမှ
ပေါ်လာတဲ့ စကား။ အဲဒီတုန်းက ဘက်ပေါင်းစုံက တပ်မတော် ပြိုကွဲအောင် ၀ိုင်းလုပ်ကြတယ်။ တပ်မတော်
ပြိုကွဲမယ့် အရေးကို ကာကွယ်တဲ့ အနေနဲ့ တပ်မတော်သားတွေ အတွက် တပ်မတော် ခေါင်းဆောင် တွေက
ပြောသွားတဲ့ စကားတွေပါ။ ပြည်သူတွေ အတွက် ပြောတဲ့ စကား မဟုတ်ပါဘူး။ ကျွန်တော် နားလည်
ထားပါတယ်။ ဒီနေ့ ဒီမိုကရေစီ ခေတ်မှာ ဒီစကားကို ဘယ်သူမှ အပြင်မှာ ပြောတာ ဆိုတာ မရှိပါဘူး။
ကိုမြအေးက သူ့အတွေး သူ့အမြင်နဲ့ ပြော သွားတာ ဖြစ်ပါတယ်။ ဒီနေ့ ဒီမိုကရေစီ ခေတ်မှာ ပြည်သူသာ
အမိ ၊ ပြည်သူသာ အဖ ပါ။
Government of the people,
Government for the people, Government by the people ဆိုတာ ကျွန်တော်တို့ အားလုံး
နားလည် ထားကြ ပါတယ်။ ခေတ်မမီတော့တဲ့ ရှေးဟောင်းနှောင်း အဖြစ်ကို ပြောပြီးတော့ တပ်မတော်
အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ် ဆိုတဲ့ ဆောင်ပုဒ်ကို လက်မခံဘူးလို့ ... နားလည်မှု လွဲမှားစွာ ပြောကြား လိုက်တယ်လို့ မှတ်ယူပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့် အနေနဲ့ကတော့
ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက်သာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံး အတွက်
မိမိတို့နိုင်ငံ လွတ်လပ်ရေး တည်မြဲဖို့ ၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲဖို့ အတွက်
" တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ် " ဆိုတဲ့ ဆောင်ပုဒ်ဟာ ထာဝရ
အမှန်တရား ၊ ပရမတ္တ သစ္စာတရား လို့ ဆိုလို ချင်ပါတယ် ခင်ဗျား ။ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
သောင်းဝေဦး
(၂၄-၁၀-၂၀၁၂)
No comments:
Post a Comment