www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 30, 2018

မြန်မာယူ-၁၉ အမျိုးသမီးအသင်း အပြီးသတ်ကစားသမားစာရင်း လာမည့်အောက်တိုဘာလတွင် ထုတ်ပြန်မည်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

ပဏာမ ကစားသမားဦးရေ ၃ဝ ဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာယူ - ၁၉အမျိုးသမီး အသင်းသည် အပြီးသတ်ကစား သမားစာရင်းကို လာမည့် အောက်တိုဘာလတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းထံမှ သိရသည်။

မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် အာရှယူ- ၁၉အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် ပြီးခဲ့သည့်ဇွန်လမှ စတင်၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ပြည်တွင်းကလပ် အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိသည်။

အာရှယူ -၁၉ ခြေစစ်ပွဲပထမ အဆင့်တွင် မြန်မာအသင်းသည် အုပ်စုအတွင်း၌ အီရန်၊ ပါလက်စတိုင်း၊ လာအိုအသင်းတို့နှင့် အတူတစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

အာရှယူ - ၁၉ အမျိုးသမီး ခြေစစ်ပွဲ ပထမအဆင့်ခြေစစ်ပွဲကို လာမည့်အောက်တိုဘာ ၂၄ရက်မှ ၂၈ရက်ထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

မန္တလေးကုန်စည်ဒိုင်တွင် ကုန်သည် ၁၉ ဦးထံမှ ငွေကြေးလိမ်လည်မှု ဖြစ်ပွား



မန္တလေး ၃ဝ-၈-၂ဝ၁၈

မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်)တွင် သြဂုတ်၂၈ရက်က ကုန်စည်ဒိုင်အသင်းဝင် တစ်ဦး၏ ကိုယ်စားလှယ်က ကုန်သည် ၁၉ဦးထံမှ ငွေကြေးလိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်း (ကုန်စည်ဒိုင်)မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်းက ပြောပြသည်။

မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) အသင်းဝင် တစ်ဦးအနေဖြင့် ကိုယ်စားလှယ်နှစ်ဦးကို ထားခွင့်ရှိကြောင်း၊ လက်ရှိငွေကြေး လိမ်လည်မှုမှာ အသင်းသားတစ်ဦး၏ ကိုယ်စားလှယ်က အသင်းသား ၁၉ ဦးထံမှ ငွေကျပ် သိန်း ၁၁ဝဝ ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများ ဝယ်ယူပြီး ငွေကြေးမရှင်းနိုင်ဘဲ ထွက်ပြေးတိမ်ရှောင် သွားကြောင်း မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (ကုန်စည်ဒိုင်)မှ သိရသည်။

''အသင်းသားတစ်ဦးမှာ ကျွန်တော်တို့ အသင်းမှာဆို ကိုယ်စားလှယ်နှစ်ဦး ထားရပါတယ်။ အဲဒီထဲက ကိုယ်စားလှယ်နဲ့ ဖြစ်သွားတာပါ။ ဖြစ်တာကတော့ ရောင်းတဲ့ အသင်းသားပေါင်းက ၁၉ဦးရှိပါတယ်။ ငွေကြေးအနေနဲ့က ငွေကျပ်၁၁၁၉ သိန်းကျော် ဖြစ်ပါတယ်။ လိမ်လည်ပြီး ပစ္စည်းကုန်ဝယ်တဲ့ ကိုယ်စားလှယ်ကတော့ ထွက်ပြေးသွားပါပြီ။ အဲဒါကို ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးမှာပါ။ သူ့ကိုရှာလဲ ရှာမယ်။ ရှာမရလဲ ဘယ်လို တစ်နည်းတစ်ဖုံ လုပ်ကြမယ်ဆိုတာ အသင်းရဲ့ပဋိပက္ခဖြေရှင်းမှု တာဝန်ရှိသူတွေက ဖြေရှင်းပေးသွားမှာပါ''ဟု မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်းက ပြောပြသည်။

မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) အတွင်း ဖြစ်ပွားသော ပြဿနာများကို ကုန်စည်ဒိုင်ရှိ ရောင်းသူ၊ဝယ်သူညှိ နှိုင်းရေးအဖွဲ့က တာဝန်ယူညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ပါက ရောင်းသူ၊ဝယ်သူမှ စပေါ်ငွေ ၁ဝ ရာခိုင်နှုန်းတင်ပြီး စာချုပ်ချုပ် အလုပ်လုပ်ကြရန် ကြော်ငြာထားကြောင်း၊ မန္တလေးမြို့ ပွဲစား၊ကုန်သည် စက်ပိုင်များ မဟာကထိန် တော်အသင်း (ကုန်စည်ဒိုင်)ပြင်ပတွင် ပြုလုပ်သည့် အရောင်းအဝယ် ပြဿနာကိုမူ ကုန်စည်ဒိုင် အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း မန္တလေးမြို့ ကုန်စည်ဒိုင်မှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ် ချောက်ထဲထိုးကျ



သာစည် ၃ဝ-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် (၃၄/၄)အနီး နတ်ရေထွက် ကုန်းဆင်းတွင် ယနေ့ညနေ ၃နာရီ မိနစ်၂ဝခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒုတိယရဲအုပ် ရန်သိန်းနှင့်တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ယင်းမာပင်ဘက်မှ သာစည်ဘက်သို့ အောင်ခိုင် (ဘ)ဦးအောင်သင်း တာဝကျေးရွာ တွံ့တေးမြို့နယ်နေသူ မောင်းနှင်ကာ ယာဉ်နောက်လိုက် စစ်မင်းပိုင် (ဘ) ဦးဘကြည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နေသူ လိုက်ပါပြီး မော်တော်ယာဉ် နောက်ပိုင်းတွင် ဘိလပ်မြေ အိတ်အကြီး ၂ဝအိတ် တင်ဆောင်လာသော 6J/--- UG အဖြူရောင် ၂၂ဘီးတွဲယာဉ်မှာ အရှိန်လွန်ကာ လမ်း၏ ယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းအောင်ခိုင်နှင့် ယာဉ်နောက်လိုက် စစ်မင်းပိုင်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အောင်ခိုင်ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ရန်သိန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ယင်းမာပင်နယ် မြေရဲစခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

နမ္မတီးမြို့တွင် မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ နွားခိုးယူသတ်ဖြတ်ပြီး အသားများသယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းမိ



မိုးကောင်း ၃ဝ-၈-၂ဝ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် သြဂုတ် ၂၈ ရက် မွန်းလွဲ ၂နာရီ မိနစ်၃ဝက မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ နွားတစ်ကောင်ကို ခိုးယူသတ်ဖြတ်ပြီး အသားများ သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် နမ္မတီးနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် ကျော်လှိုင်ထွန်း ဦးစီးသော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နမ္မတီးမြို့ မြို့ဦးရပ်ကွက် လမ်းတွင်နယ်မြေလုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေစဉ် မောင်ရီ(ဘ)ဦးအိုက်စိန် မြို့ဦးရပ်ကွက် နမ္မတီးမြို့နေသူ မောင်းနှင်ပြီးနောက်တွင် အေးမောင် (ဘ)ဦးစံအိုက် မြို့ဦးရပ်ကွက် နမ္မတီးမြို့နေသူ လိုက်ပါလာသော KENBO-125 နက်စိမ်းရောင် ဆိုင်ကယ်ကို မသင်္ကာသဖြင့် ရပ်တန့်ရှာဖွေစစ်ဆေး မေးမြန်းခဲ့သည်။

ထိုသို့ရှာဖွေရာ ဆိုင်ကယ်ခွကြား တွင်ညှပ်ထားသည့် ဆာလာအိတ် အတွင်းထည့်ထားသော အမဲသား ၁ဝ ပိဿာခန့်၊ အလေးချိန် နှစ်ပိဿာခန့်ရှိ နွားခေါင်းတစ်ခေါင်း၊ အလေးချိန် ၅ဝကျပ်သားခန့်ရှိ နွားလက်နှစ်ချောင်း၊ အလေးချိန် ၅ဝကျပ်သားခန့်ရှိ ခြေထောက်နှစ်ချောင်း စုစုပေါင်း တန်ဖိုးငွေကျပ် ၅ဝဝဝဝဝ ခန့်ကို ရှာဖွေ တွေ့ရှိသဖြင့် ၎င်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းရာ မရမ်းကျေးရွာ ကျွန်းတောအတွင်းမှ နွားတစ်ကောင်ကို သတ်၍ယူဆောင်လာ သည့်အသားများ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အေးမောင်၊ မောင်ရီတို့ကို နမ္မတီးနယ် မြေရဲစခန်းက (ပ)၂၄/၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ- ၃၇၉(တ)/ကျင့် ၅၄ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#မြဝတီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger