www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

Friday, July 14, 2017

အကယ်ဒမီရရှိမည့် မျှော်လင့်ချက်ဖြင့် ရုပ်ရှင်ဇာတ်ကားများကို လက်ခံရိုက်ကူးခဲ့ခြင်းမရှိဟု သရုပ်ဆောင် ခင်လှိုင်ပြော



ရန်ကုန် ၁၄-၇-၂၀၁၇

သရုပ်ဆောင် ခင်လှိုင်အနေဖြင့် ၎င်းပါဝင် သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများတွင် အကယ်ဒမီရရှိမည့် မျှော်လင့်ချက်ဖြင့် လက်ခံရိုက်ကူးခဲ့ခြင်း မရှိခဲ့ဘဲ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ခဲ့ကြောင်း သရုပ်ဆောင်ခင်လှိုင်က ပြောပြ၍ သိရသည်။

ဇာတ်သဘင်လောကတွင် ဖြတ်သန်းလာခဲ့သည့် သရုပ်ဆောင် ခင်လှိုင်အနေဖြင့် ဇာတ်သဘင် လောကသည် သရုပ်ဆောင်လောက ဖြတ်သန်းမှုတွင် အထောက်အကူ ဖြစ်ကြောင်း ပြောပြသည်။ ''အကယ်ဒမီဆိုတာက တစ်ဦး တစ်ယောက်တည်း ကောင်းနေမှ တော်နေမှ မဟုတ်ဘဲ ဇာတ်ကားမှာ ပါဝင်ကြသူတွေ အားလုံးကောင်းမှသာ ရရှိနိုင်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုအခါ ခင်လှိုင်သည် ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးလျက်ရှိသည့် ''ကျူးကျူးကျော်ကျော်'' ရုပ်ရှင်ဇာတ်ကားတွင် ပြေတီဦး၊ နေဒွေး၊ ဒိန်းဒေါင်၊အိချောပို၊ သွန်းဆက်တို့နှင့်အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးလျက်ရှိကြောင်း သိရသည်။

ယခုအခါ မာဖီးယားဂိုဏ်းစတား တစ်ဦးကဲ့သို့ ခင်လှိုင် ပါဝင်သရုပ်ဆောင် ထားသည့် ''Original Gangster'' ဇာတ်ကား၌ လူကြိုက်များနေပြီး ရုံတင်သည့် ပထမပတ်တွင် ငွေကျပ် သိန်းတစ်ထောင် ရရှိခဲ့ကြောင်း၊ အဆိုပါ ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ဂျိုး၏ ပြောပြချက်အရ သိရသည်။

#yadanarpondaily

Tuesday, June 27, 2017

Transformers: The Last Knight ဇာတ်လမ်း ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၃ သန်းကျော် ရရှိ



လော့စ်အိန်ဂျလိစ် ၂၇-၆-၂၀၁၇

ယခုနှစ် ဇွန် ၂၁ ရက်က အမေရိကန်နိုင်ငံ၌ စတင်ပြသခဲ့သည့် Transformers: The Last Knight အက်ရှင်ဇာတ်လမ်းသည် ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၃ သန်းကျော် ရရှိခဲ့ပြီး ဇွန်လအတွင်း ပြသခဲ့သည့် ဇာတ်လမ်းများတွင် ဝင်ငွေအများဆုံး ရရှိသည့်ဇာတ်လမ်း အဖြစ်ရပ်တည် လျက်ရှိကြောင်း သိရသည်။

Transformers အက်ရှင်ဇာတ်လမ်းတွဲ၏ နောက်ဆုံးဇာတ် လမ်းဖြစ်သည့် Transformers: The Last Knight အက်ရှင်ဇာတ်လမ်းကို ဇွန် ၂၁ရက်က အမေရိကန်နိုင်ငံရှိ ရုပ်ရှင်ရုံ ၄၃၅၂ရုံ၌ ပြသခဲ့ရာ တစ်ရက်အတွင်းအမေရိကန် ဒေါ်လာ ၇၄ သန်း ကျော်ရရှိခဲ့ပြီး ငါးရက်အကြာတွင် အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၃ သန်းကျော်ထိ ရုံတင်ဝင်ငွေ ရရှိခဲ့ကာ ယခုရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၃ သန်းကျော်သည် Transformers: The Last Knight အက်ရှင်ဇာတ်လမ်းကို ရိုက်ကူးသည့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၁၇သန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Transformers: The Last Knight အက်ရှင်ဇာတ်လမ်းသည် Transformers အက်ရှင် ဇာတ်လမ်းတွဲ၏ ငါးကားမြောက် အက်ရှင်ဇာတ်လမ်းဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် ကမ္ဘာကျော် သရုပ်ဆောင်များဖြစ်သည့်  Mark Wahlberg, Josh Duhamel, Stanley Duhamel တို့က ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။

#Yadanarpondaily

Tuesday, November 29, 2016

ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ဒစ်ဂျစ်တယ်စက်များကြောင့် တိုင်းဒေသကြီးအတွင်း မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ ရုံထိရှိလာ



မန္တလေး ၊ ၂၉-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် ဒစ်ဂျစ်တယ် စက်များကြောင့် မပြသတော့သည့် ရုပ်ရှင်ရုံ ၁၂ ရုံထိ ရှိလာကြောင်း အဆိုပါ တိုင်းဒေသကြီး ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကာလ က မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ရုပ်ရှင်ရုံများတွင် ဖလင်စနစ်ဖြင့် ရုပ်ရှင်ပြသ လာခဲ့ရာမှ ယခုလက်ရှိ ကာလတွင် ဒစ်ဂျစ်တယ်စက် များဖြင့် အဆင့်မြှင့်တင်ကာ နာမည်ကြီး ရုပ်ရှင်ရုံအချို့ ဖြစ်သည့် မြို့မ၊ မြို့ဂုဏ်ရောင်၊ နေပြည်တော်၊ ဝင်းလိုက် စသည့် ရုပ်ရှင်ရုံတို့တွင် ပြောင်းလဲပြသ လာခဲ့ပြီး ဖလင်စနစ်ဖြင့် ပြသခဲ့သည့် ရုပ်ရှင်ရုံများသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် အတွက် ပြသမှု မရှိတော့ကြောင်း သိရသည်။

''အခုခေတ်က ရုပ်ရှင်ရုံတွေ အားလုံးနီးပါး ဒစ်ဂျစ်တယ်တွေနဲ့ ပြသနေကြပါပြီ။ တချို့ဖလင်နဲ့ ပြသတဲ့ ရုံတွေက အရင်းအနှီး ကြီးတာကြောင့်နဲ့ ပရိသတ်စိတ်ဝင်စား မှုကလဲ အားနည်းလို့ မပြတာတွေ ရှိပါတယ်။ အရင်ခေတ်က တီဗွီ၊ DVD စက်တွေ မပေါ်သေးတဲ့အတွက် ရုပ်ရှင်ရုံဖွင့်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ကြတယ်။ အဲဒီခေတ်တွေ တုန်းက တွက်ခြေကိုက် ကြတယ်။ အခုကျတော့ အရှုံးပေါ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် တချို့ရုံတွေဆို မပြတော့ပါဘူး'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ရုပ်ရှင်ပြသ နေသည့် ရုံခြောက်ရုံရှိပြီး ကျန်ရှိသည့် ရုံ ၁၂ ရုံမှာ ပြသမှုမရှိ ခြင်းကြောင့် ရုပ်ရှင် အဆင့်မြှင့်တင်ရေး ဦးစီးဌာနက ၄င်းရုပ်ရှင်ရုံများကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် တိုက်တွန်း နေကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် ဒစ်ဂျစ်တယ် စက်တစ်လုံး တန်ဖိုးသည် ငွေကျပ် သိန်း ၃ဝဝဝ ခန့်ပေး၍ ဝယ်ယူရသည့် အပြင် ဒစ်ဂျစ်တယ် စက်ဖြင့် တွဲဖက်ပြသမည့် ပိတ်ကား တန်ဖိုးသည်လည်း အနည်းဆုံး ငွေကျပ် သိန်း ၁၅ဝ အထက်တွင် ရှိနေခြင်းကြောင့် ယခုလက်ရှိ ဖလင်ဖြင့်ပြသ နေသည့် ရုံများအနေဖြင့် ပြသမှု မရှိတော့သည့် အခြေအနေ သို့ ရောက်ရှိ နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Friday, March 20, 2015

ကွမ်းလုံရက်လေးဆယ် ဇာတ်လမ်း ထုတ်လွှင့်ပြသမည်



နေပြည်တော် ၊ ၂၀-၃-၂၀၁၅

နှစ်(၇ဝ) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် တင်အောင်စိုး (ပန်းမြို့တော်) ၏ဝတ္ထုကို ထပ်ဆင့် အကယ်ဒမီ ငြိမ်းမင်း က ဇာတ်ညွှန်း ရေးဖွဲ့ကာ ထပ်ဆင့် အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး ခြယ်မှုန်း ရိုက်ကူးသည့် ကွမ်းလုံရက်လေးဆယ် ရုပ်မြင်သံကြား ဇာတ်လမ်းအား MWD Channel နှင့် MWD Variety Channel တို့တွင် မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိ ညစဉ် ထုတ်လွှင့်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုဇာတ်လမ်း မှာ ၁၉၇၁ ခုနှစ်တွင် မြန်မာနိုင်ငံ အရှေ့မြောက် ဒေသ၌ ဖြစ်ပွားခဲ့သော ရက်ပေါင်း လေးဆယ်ကြာ ကွမ်းလုံ တိုက်ပွဲကြီး၏ ဖြစ်ရပ်မှန်များကို အခြေခံကာ ရေးဖွဲ့ ရိုက်ကူးထားခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အချုပ်အခြာကို ထိပါး ကျူးကျော်လာသည့် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) များအား ဒေသခံ ပြည်သူလူထု၊ တိုင်းရင်းသား ကာကွယ်ရေး တပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့က တပ်မတော် (ကြည်း၊ လေ) နှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့များနှင့် အတူ လက်တွဲ၍ စုပေါင်း ကာကွယ် တိုက်ခိုက်ခဲ့ ကြပုံများကို ယင်း ဇာတ်လမ်းတွင် အပိုင်း ခုနစ်ပိုင်းဖြင့် ကြည့်ရှုခံစား နိုင်မည် ဖြစ်သည်။

ကွမ်းလုံရက်လေးဆယ် ဇာတ်လမ်းတွင် ဝါရင့် သရုပ်ဆောင်တို့နှင့် အတူ သရုပ်ဆောင် အင်အား ၁ဝဝဝ ကျော် ပါဝင် သရုပ်ဆောင် ထားကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, February 11, 2015

Drama Fever ရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို Song JiHyo ရရှိ


Song Ji Hyo Best Actress and Boldest Moment Acceptance Speech–3rd Annual DramaFever Awards!




ဆိုးလ် ၊ ၁၁-၂-၂၀၁၅

ကိုရီးယား မင်းသမီးချော Song JiHyo သည် ဖေဖော်ဝါရီ ၅ ရက်က (၃) ကြိမ်မြောက် ကျင်းပ ပြုလုပ်ခဲ့ သည့် Drama Fever ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံး အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်ဆု ကို ဆွတ်ခူးရယူ နိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် ကျင်းပ ပြုလုပ်သည့် (၃)ကြိမ်မြောက် Drama Fever ရုပ်ရှင် ဆုပေးပွဲ၌ Song JiHyo သည် အကောင်းဆုံး အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်ဆု ကိုရရှိခဲ့ပြီး tvN ကိုရီးယား ရုပ်သံလိုင်းမှ ရိုက်ကူး တင်ဆက်သည့် Emergency Couple ဒရမ်မာ ဇာတ်လမ်းတွဲဖြင့် ရရှိခဲ့ခြင်း ဖြစ်ကာ အဆိုပါ ဇာတ်လမ်းတွဲသည် အကောင်းဆုံး ကိုရီးယား ဒရမ်မာ ဇာတ်လမ်းတွဲဆု ကိုလည်း ရရှိခဲ့သည့် အပြင် Drama Fever ရုပ်ရှင် ဆုပေးပွဲမှ ပေးအပ်သော ဆုများသည် ကမ္ဘာအနှံ့မှ ပရိသတ်များက မဲပေး၍ ပေးအပ်သော ဆုများ ဖြစ်ကြောင်း သိရသည်။

Song JiHyo သည် Emergency Couple ဒရမ်မာ ဇာတ်လမ်းတွဲတွင် အဓိက အမျိုးသမီး သရုပ်ဆောင် Oh Jin Hee နေရာမှ ရိုက်ကူးထားခြင်း ဖြစ်ပြီး Emergency Couple ဒရမ်မာ ဇာတ်လမ်းတွဲသည် ကိုရီးယားနိုင်ငံ ရှိ ဒရမ်မာစာရင်း များ၏ ထိပ်ဆုံးတွင် နှစ်ပတ်မျှ ရပ်တည် နေခဲ့ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Tuesday, January 20, 2015

American Sniper ဇာတ်ကား အဖွင့်ရောင်းအား ကောင်းနေ



နယူးယောက် ၊ ၂၀-၁-၂၀၁၅

သရုပ်ဆောင်၊ ဒါရိုက်တာ Clint Eastwood ၏ American Sniper ဇာတ်ကားမှာ ဇန်နဝါရီ ၁၆ ရက်တွင် စတင်ရောင်းချ ခဲ့ပြီး သုံးရက်အတွင်း အမေရိကန် ဒေါ်လာ ၉ဝ ဒသမ ၂ သန်းခန့် ရောင်းခဲ့ ရကြောင်း သိရသည်။ 

ဇန်နဝါရီလ၏ ရောင်းအား အကောင်းဆုံး စံချိန်ဖြင့် ယခင်က သတ်မှတ်ခံ ရသည့် ဇာတ်ကားမှာ Avator ဇာတ်ကားဖြစ်ပြီး ၄င်းမှာ ဒေါ်လာ ၆၈ သန်းခန့် ရောင်းခဲ့ရသည်။ ဟောလိဝုဒ် ဇာတ်ကားသစ် များအတွက် သုံးသပ်ချက်များ ရေးသော Rentrak ဝက်ဘ်ဆိုက်မှ အထက်တန်းကြီး ကြပ်သူ Paul Dergarabedian က American Sniper ၏ အဖွင့် သီတင်းပတ် ရောင်းရနှုန်းမှာ အံ့သြဖွယ် ကောင်းကြောင်း၊ စူပါလူသား ဇာတ်ကားများနှင့် နွေရာသီ အချိန်တွင် ထွက်ရှိသော ဇာတ်ကားများသာ ရရှိနိုင်မည့် ရောင်းရနှုန်းကို American Sniper က ဇန်နဝါရီလ တွင်ပင် ရရှိနေပြီ ဖြစ်သည်ဟု ဆိုခဲ့သည်။

American Sniper မှာ စတင် ရောင်းချခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင်ပင် ဒေါ်လာ ၃ဝ ဒသမ ၅ သန်းခန့် ရောင်းခဲ့ရသည်။ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ Warner Bros. ကလည်း အမေရိကန် ရုံးပိတ်ရက် ဖြစ်သည့် Martinn Luther King နေ့ရှိနေသဖြင့် American Sniper ၏ ရောင်းရငွေမှာ ဒေါ်လာ ၁ဝ၅ သန်းထိ ရောက်ရှိ သွားနိုင်ကြောင်း ခန့်မှန်းသည်။

American Sniper သည် Navy SEAL လက်ဖြောင့် တပ်သား Chris Kyle ၏ ဘဝ ဇာတ်ကြောင်းကို ရိုက်ကူး ထားခြင်းဖြစ်ကာ သရုပ်ဆောင် Bradley Cooper က Chris Kyle အဖြစ် သရုပ်ဆောင် ထားသည်။

American Sniper မှာ အကောင်းဆုံး ဇာတ်ကားဆု နှင့် Bradley Cooper အတွက် အကောင်းဆုံး သရုပ်ဆောင်ဆု တို့ အပါအဝင် အော်စကာ ဆုပေးကဏ္ဍ ခြောက်ခု၌ ဆန်ခါတင် ရွေးချယ်ထားခြင်း ခံရကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Saturday, January 10, 2015

ရင်ထဲကအကယ်ဒမီ


ရင်ထဲကအကယ်ဒမီ

သက်ထွဋ်မောင်(အနုပညာ)

၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကြီးကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ရှင်စောပုလမ်း ရှိ MEP ( Myanmar Event Park) မှာ ထူးထူးခြားခြား ကျင်းပပြီးစီး သွားခဲ့ပြီ ဖြစ်ပါသည်။ ထူးချွန် ဆုပေးပွဲ အခမ်းအနားကို နိုင်ငံတော် နှင့် ပြန်ကြားရေး ၀န်ကြီးဌာန တို့မှ ဦးစီး ဆောင်ရွက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ရုပ်ရှင် အစည်းအရုံးမှ ပထမဆုံး တာဝန်ယူ စီစဉ် ကျင်းပသော ပွဲဖြစ်သည့် အတွက် အကယ်ဒမီ ပေးပွဲ မစမီကပင် အားလုံး၏ စိတ်ဝင်စား မှုကို ခံခဲ့ရ ပါသည်။ ထို့ပြင် အတတ်ပညာ၊ အနုပညာ နယ်ပယ် အလိုက် ဆုများ ရွေးချယ် ရာတွင်လည်း အစိုးရနှင့် ၀န်ကြီးဌာန များ၏ ပါဝင် စွက်ဖက်မှု မပါဘဲ သက်ဆိုင်ရာ ရုပ်ရှင် အစည်းအရုံး နှင့် အနုပညာ နယ်ပယ်သား များ သက်သက်မှသာ အကဲဖြတ် ရွေးချယ်ခြင်း ကြောင့် ပရိသတ်ကို မည်မျှ စိတ်ကျေနပ်မှု ပေးနိုင်မည် ဆိုတာ ကိုလည်း စိတ်ဝင်စား နေကြသလို ကျင်းပမည့် အခမ်းအနား အပြင်အဆင် အခင်းအကျင်း ကိုလည်း အတွေ့ကြုံရှိ ပြည်ပ ကုမ္ပဏီ တစ်ခုအား ငှားရမ်း ဆောင်ရွက် စေခြင်း တို့ကြောင့် ယခုနှစ် အကယ်ဒမီ ပေးပွဲ မစမီကပင် ပရိသတ်၏ စိတ်ဝင်တစား စောင့်ကြည့်ခြင်း ကို ခံခဲ့ရ ပါသည်။ အနုပညာ လောကသားချင်း ပြန်လည် စိစစ် ရွေးချယ်ခြင်း ဖြစ်သောကြောင့် ဖန်တီးနိုင်စွမ်း၊ နည်းပညာ၊ အနုပညာ ပြောင်မြောက်မှု တို့ထက် တစ်ဦးနှင့် တစ်ဦး ဆက်ဆံရေး အပေါ် အခြေခံ၍ ဆုံးဖြတ်မှုမျိုး ဖြစ်မည်ကိုလည်း စိုးရိမ်ပူပန် ခဲ့ကြ ပါသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ၏ သမိုင်းကြောင်း ကို ပြန်လည်၍ လေ့လာ ကြည့်ပါလျှင် မြန်မာ့ရုပ်ရှင် ကို ၁၉၂၀ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရွိုင်ရယ် စီးနီးမား ဒီပဲရစ် ၌ မေတ္တာနှင့် သူရာ ဇာတ်ကားမှ စတင် ဖွင့်လှစ်ခဲ့ ပါသည်။ ထို့နောက် မြန်မာ့ရုပ်ရှင် ဇာတ်ကားများ အဆင့်အတန်း မြင့်မား လာစေရန် မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ 

ယင်းနှစ်မှာပင် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု များကို သုံးမျိုးသုံးစား ခွဲကာ ပထမဆု ကိုရွှေကိန္ဒရီရုပ်၊ ဒုတိယငွေဒေါင်းရုပ်နှင့် တတိယဆုကိုကြေးခြေင်္သေ့ရုပ်များနှင့် သရုပ်ဆောင် များအားေ ရွှရင်ထိုးများ ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။ 

၁၉၅၂ ခုနှစ်က ဇာတ်ကား ပထမဆုကို ချစ်သက်ဝေ၊ ဒုတိယဆု ကိုမယားနှင့် လူပျို၊ တတိယဆု ကို ချစ်၍ခေါ်ရာ ဇာတ်ကားများ ရရှိခဲ့ပြီး အမျိုးသား ပညာသည်ဆု ကို မလာရီ ဇာတ်ကားမှ ကျော်ဝင်း၊ အမျိုးသမီး ပညာသည် ဆုကို ချစ်သက်ဝေ မှ ကြည်ကြည်ဌေး တို့ရရှိခဲ့ ပါသည်။ ဤသို့ဖြင့် မြန်မာ့ရုပ်ရှင် ခေတ် အဆက်ဆက် အသံတိတ် ခေတ်မှသည် ဖလင်ခေတ် နောက်ဆုံး ဒစ်ဂျစ်တယ် နည်းပညာခေတ် အထိ အဆင့်ဆင့် ပြောင်းလဲ လာခဲ့ပါသည်။ ထို့အတူ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု သည်လည်းဆု ၃ ဆုမှ ယခုခေတ်တွင် ၁၁ ဆုအထိ ပြောင်းလဲ ချီးမြှင့် လာခဲ့ပါသည်။ နောက်ပိုင်းတွင် အကယ်ဒမီ အထိမ်းအမှတ် အဖြစ် ယခင် ပေးအပ်သော ရုပ်တုများ အစား ရွှေအလေးချိန် ၂ ကျပ်သားရှိ ရွှေကြယ် ပါဝင်သော ရွှေစင်ရုပ်တုအား ပြောင်းလဲ ပေးအပ်ခဲ့ ပါသည်။ အကယ်ဒမီ ပေးပွဲများကို မကျင်းပ နိုင်သော နှစ်များမှ လွဲ၍ နှစ်စဉ် ရန်ကုန်မြို့ ရုပ်ရှင် အစည်းရုံး အဆောက်အဦ၊ အမျိုးသား ကဇာတ်ရုံ၊ သုဝဏ္ဏ အားကစားရုံ၊ နေပြည်တော် မြို့တော်ခန်းမ တို့တွင် ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် MEP ၌ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ ယခင်နှစ် များတွင် နိုင်ငံတော် ၀န်ကြီးချုပ်၊ ၀န်ကြီးများ အစရှိသော နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်များ တက်ရောက် ချီးမြှင့်ခဲ့ကြပြီး ယခုနှစ်တွင် ဒုတိယ သမ္မတ ကိုယ်တိုင် တက်ရောက် အသိမှတ်ပြု ခဲ့သော အခမ်းအနား တစ်ခုလည်း ဖြစ်ပါသည်။

ယခင်နှစ် များက အကယ်ဒမီဆုအား စိစစ် ရွေးချယ်ရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ မြန်မာ့ရုပ်ရှင် အစည်းအရုံး၊ သက်ဆိုင်ရာ အတတ်ပညာရှင်၊ အနုပညာရှင် နယ်ပယ် အသီးသီးမှ ကျွမ်းကျင် ပုဂ္ဂိုလ်များ၊ သဘာရင့် ၀ါရင့် ပညာရှင်ကြီး များနှင့် ဆန်ကာတင် စိစစ်၍ အဆင့်ဆင့် အကဲဖြတ် ရွေးချယ်ခဲ့ကြ ပါသည်။ ထို့ကြောင့် ထိုခေတ် ထိုအခါများက အကယ်ဒမီ သည် အနုပညာရှင် တို့၏ ပညာစွမ်းကို မှတ်ကျောက် တင်သော အောင်မြင်မှု မှတ်တိုင်တစ်ခု အဖြစ် အထူးပင် ဂုဏ်သတင်း ကျော်ဇောခဲ့ ပါသည်။ မျှတသော ရွေးချယ်မှု၊ ဘက်မလိုက်သော ဆုံးဖြတ်မှု၊ မှန်ကန်သော ပေါင်းစပ်မှု တို့ကြောင့် အကယ်ဒမီ ရွေးချယ် အဖွဲ့အစည်း သည်လည်း ဝေဖန်ခံရမှု အနည်းဆုံးဖြင့် ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်ခဲ့ကြ ရပါသည်။

၂၀၁၃ ခုနှစ် အကယ်ဒမီဆု ရွေးချယ်ရာတွင် ယခင်နှစ် များနှင့်မတူဘဲ သက်ဆိုင်ရာ အနုပညာ နယ်ပယ် အသီးသီးမှ ပညာရှင်များ ဖြင့်သာရွေးချယ်ခဲ့ ပါသည်။ အကောင်းဆုံး ဇာတ်ကားများ၊  သရုပ်ဆောင်များ ဆုရွေးချယ်မှု အပေါ် ဝေဖန်မှု များစွာ ပေါ်ထွက် လာခဲ့ပါသည်။ အခမ်းအနား အပြင်အဆင်၊ အခမ်းအနား ကျင်းပပုံ၊ ဖျော်ဖြေမှု၊ အစီအစဉ် တင်ဆက်သူ နှစ်ဦး၏ အမှားများ၊  ပရိသတ် မပါဘဲ အနုပညာရှင် များသာ တက်ရောက်ရခြင်း၊ မီဒီယာများ သတင်းရယူမှု အခက်အခဲ ရှိခြင်း၊ ပရိသတ် မျှော်လင့် ထားသော သရုပ်ဆောင်၊ ဇာတ်ကားတို့ မရရှိခြင်း၊ ဆုရရှိသူ အချို့၏ အမြီးအမောက် မတည့်သော ကျေးဇူးတင် စကား စသည့် အလွဲလွဲ အချော်ချော် အမျိုးမျိုး တို့ကြောင့် ယခုနှစ် အကယ်ဒမီ ပေးပွဲမှာ တက်ရောက် လာသော မင်းပရိသတ် နှင့် ရုပ်မြင်သံကြားမှ ကြည့်ရှုနေသော ပရိသတ် ပြည်သူတို့အား မလေးမစား၊ ကိုယ့်အထုပ် ကိုယ်ဖြည်ပြ လိုက်သောဗရုတ်သုတ်ခပွဲ ပမာ ဖြစ်ခဲ့ရ ပါသည်။

၂၀၁၃ ခုနှစ် အတွက် အကယ်ဒမီ ဆန်ကာတင် စာရင်းဝင် ၁၅ ကားအနက်မှ ဇာတ်ကား ၆ ကား အကယ်ဒမီ တန်းဝင်ခဲ့ ပါသည်။ ၎င်းတို့မှာ စေတန်၏ ကချေသည်၊ နင်စေရင်၊ အဖြူရောင် ရဲတိုက်၊ စုန်းပြူး၊  ကိုယ့်အထာ နှင့်ကိုယ်၊ ကြယ်စင်မော်ကွန်း တို့ ဖြစ်ပါသည်။ ထို အကယ်ဒမီ တန်းဝင် ဇာတ်ကားများ အနက်မှ ကြယ်စင်မော်ကွန်း တစ်ကားသာ အကောင်းဆုံး ဇာတ်ကားဆု ရရှိနိုင် သည်ဟု ပရိသတ်များ က သတ်မှတ် တစ်ပေးခြင်း ခံထားရသော ဇာတ်ကား ဖြစ်ပါသည်။ မြန်မာ့ လွတ်လပ်ရေး နှင့် မြန်မာ့ တပ်မတော်အား သမိုင်းကြောင်း နှင့်ယှဉ်၍ ခေတ်သုံးခေတ် အကြောင်းကို ပြောင်မြောက် စွာဖြင့် သဘာဝကျကျ ရိုက်ကူး ထားသော ဇာတ်ကား တစ်ကားလည်း ဖြစ်ပါသည်။ သူ့ကျွန် မခံချင် စိတ်ကြောင့် ပေါ်ပေါက် လာခဲ့သော ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော မြန်မာ့ လွတ်လပ်ရေး တပ်မတော် BIA ခေတ်မှသည် ယခုခေတ်အခါထိ တပ်မတော်၏  မြန်မာ့သမိုင်း အစိတ်ပိုင်း အသီးသီးတွင် အသက်သွေးချွေး တို့စတေးကာကိုယ်ကျိုး မဖက်ဘဲ ပါဝင်လာခဲ့ပုံတို့ကို ဒါရိုက်တာ ပန်းချီစိုးမိုးမှ ပီပြင်စွာဖြင့် သမိုင်းကို ပုံဖော် ရိုက်ကူးထားသော ဇာတ်ကား ကောင်းလည်း ဖြစ်ပါသည်။ ဖျောက်ဖျက် မေ့ထား၍ မရသော သမိုင်းကို တိကျသော အချက်အလက် တို့ဖြင့် စုစည်း၍ အချိန်ယူ ရိုက်ကူးခဲ့ ရသောဇာတ်ကားလည်း ဖြစ်သည် ဟုလည်း သိရှိရ ပါသည်။ 

သရုပ်ဆောင် များစွာဖြင့် အပင်ပန်းခံကာ တပ်မတော်၏ သမိုင်းမှန်ကို ပရိသတ် သိစေလိုသော ဆန္ဒဖြင့် ငွေကုန် ပင်ပန်းကြီးစွာ ဒါရိုက်တာမှ ပုံဖော်ထုဆစ် ခဲ့ပါသည်။ ပင်ပန်းရကျိုး နပ်သည်ဟု လည်း ဆိုနိုင်ပါသည်။ ဒါရိုက်တာ ပေးလိုသော Message သည် ပရိတ်သတ်၏ ရင်ထဲသို့ တည့်မှန်စွာ ရောက်ရှိသွား ခဲ့ပါသည်။ မသိလျှင် မဖြစ်သော သမိုင်းမှန်နှင့် တပ်မတော် သားတို့၏ စွန့်လွှတ် အနစ်နာခံမှု ၊ ပြည်သူကြားမှ ပေါက်ဖွား  လာခဲ့သော တပ်မတော် စသည်တို့မှာ ပရိသတ်၏ စိတ်အာရုံကို ကြယ်စင်မော်ကွန်း က ဖမ်းစား နိုင်ခဲ့ပါသည်။ အကောင်းဆုံး ဇာတ်ကားဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ရုပ်ရှင် တေးဂီတဆု၊ ဇာတ်ညွှန်းဆု စသည်များ ရရှိလိမ့်မည် ဟု ပရိတ်သတ်မှ အားပေး အသိမှတ်ပြုသည် အထိ အောင်မြင်ခဲ့ ပါသည်။ 

အမှန်တကယ် အကယ်ဒမီဆု ကြေညာသော အခါ ရုပ်ရှင်တေးဂီတ ဆုတစ်ခုတည်း နှင့်သာ ပရိသတ် ကျေနပ်ခဲ့ ရပါသည်။ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု များ ရရှိနိုင်သော်လည်း အများက ပြောနေ ကြသည့် ပေါ်လစီ ဇာတ်ကားဖြစ်၍ အကယ်ဒမီနှင့် လွဲခဲ့ရခြင်းသည် နိုင်ငံတော် တိုးတက်ရေး အတွက် အမြင်မကျယ်ခြင်း အတွေးတိမ်ခြင်း တို့ဖြစ်သည်ဟု သုံးသပ်ရပါသည်။ 

ရုပ်ရှင်သည် ပြည်သူ့အတွက် ဆိုသည့်အတိုင်း တိုင်းတစ်ပါး လက်အောက်ခံ ကျွန်ဘ၀ ၁၉၂၀ မှ စတင်၍ နယ်ချဲ့ ဆန့်ကျင်ရေး၊ နိုင်ငံ လွတ်မြောက်ရေး နှင့် ဖက်ဆစ် တော်လှန်ရေး စသည့် မြန်မာ့ သမိုင်းစဉ် များတွင် အမျိုးသား လှုပ်ရှားမှုများ အဖြစ် ပြည်သူနှင့် အတူ မြန်မာ့ရုပ်ရှင်သ ည် အုတ်တစ်ချပ် သဲတစ်ပွင့် ပမာ မိမိတို့ တတ်ကျွမ်းရာ ရုပ်ရှင်ပညာဖြင့် တစ်ထောင့် တစ်နေရာမှ ပြည်သူ့အကျိုး ထမ်းဆောင် ခဲ့ကြသည် ဆိုသော မြန်မာ့ရုပ်ရှင် သမိုင်းကို ၂၀၁၃ အကယ်ဒမီ ပေးပွဲဖြင့် ရိုင်းစေခဲ့ ပါသည်။ တစ်ဖက်သတ်ဆန် မုန်းတီးမှု၊ အနုပညာ ခံစားချက် တို့ကို နိုင်ငံရေးနှင့် ရောယှက်၍ ထမင်းရှင် ပရိသတ်ဆန္ဒကို စော်ကား မျက်ကွယ်ပြု ခဲ့ကြ ပါသည်။

အမှန်တိုင်း ဆိုရပါက မည်သို့သော အကြောင်းပြချက် တွေဖြင့် တစ်ဖက်သတ် စွပ်စွဲစေကာမူ ပရိသတ် ပြည်သူရင်ထဲ စွဲထင်ကျန် စေသော ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးမှာ အကယ်ဒမီဆု နှင့် လွဲချော်ခဲ့ရ သော်လည်း ပရိသတ် ပေးသော " ရင်ထဲကအကယ်ဒမီ " ဆု နှင့် မှတ်ကျောက်တင် ကျန်ရှိမှာ ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

Tuesday, November 11, 2014

ရုပ်ရှင် အတတ်ပညာ သင်တန်းဖွင့်ပွဲ ကျင်းပ


ရန်ကုန် ၊ ၁၁-၁၁-၂၀၁၄

ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနနှင့် အာဆီယံ ရုပ်ရှင် ကော်မရှင် အဖွဲ့အစည်း ၊ ဘူဆန် ရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်း ကျင်းပသည့် ASEAN-ROK Film Leaders Incubator FLY 2014 ရုပ်ရှင် အတတ်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်၌ ကျင်းပ ခဲ့သည်။

အဆိုပါ သင်တန်းကို ၂ဝ၁၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂ဝ၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ တို့၌ ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ၌ ယခု ဖွင့်လှစ်သည့် ရုပ်ရှင် အတတ်ပညာ သင်တန်းသို့ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် နှင့် ကိုရီးယား နိုင်ငံတို့မှ သင်တန်းသား၊ သင်တန်းသူ ၂၁ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ နှစ်ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။

ခင်ချိုဝင်း

#Themyawadydaily
#မြ၀တီနေ့စဉ်

Friday, October 17, 2014

နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ် ပွဲတော် ကျင်းပမည်



ရန်ကုန် ၊ ၁၇-၁၀-၂၀၁၄

ဂန္ထ၀င်ရုပ်ရှင် များကို ရည်စူး အထိမ်းအမှတ် ပြုထားသည့် ''အမှတ်တရ'' အမည်ရှိ နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော်ကို မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပသွား မည်ဖြစ်ကြောင်း Memory Cinema Association ရုပ်ရှင် အမွေအနှစ် ထိန်းသိမ်းရေး ဆေးရောင်စုံ ဖောင်ဒေးရှင်း မှ သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော် သည် Memory Cinema Association ရုပ်ရှင် အမွေအနှစ် ထိန်းသိမ်းရေး ဆေးရောင်စုံ ဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံရှိ ပြင်သစ် ယဉ်ကျေးမှုဌာန တို့ ပူးပေါင်း၍ ကျင်းပခြင်း ဖြစ်ပြီး ၄င်းရုပ်ရှင်ပွဲတော် တွင် အမေရိကန်၊ မွန်ဂိုလီးယား၊ ပြင်သစ်၊ ဂျပန် နှင့် အင်္ဂလန် အစရှိသည့် ကမ္ဘာတစ်ဝန်းမှ ဟာသများကို အဓိက အကြောင်းအရာ အဖြစ် ရိုက်ကူးထားသည့် ရှေးဟောင်း ရုပ်ရှင်ကား ကိုးကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံ၌ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ အခမဲ့ ပြသပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင် အမွေအနှစ် ပွဲတော်တွင် ပြသမည့် ရုပ်ရှင် ဇာတ်ကားများမှာ ဒါရိုက်တာ ချာလီ ချက်ပလင် ရိုက်ကူးထားသည့် ''ဆပ်ကပ်အဖွဲ့''၊ ဒါရိုက်တာ လိုဒိုဂျင်း တူဒက်ဗ် ရိုက်ကူး ထားသည့် ''ရာထူးမတက်ခင်''၊ ဒါရိုက်တာ အလက်ဇန်းဒါး မက်ကင်းဒရစ် ရိုက်ကူး ထားသည့် ''အမျိုးသမီး လူသတ် သမားများ''၊ ဒါရိုက်တာ ရာဇူဂျီရိုးအိုဇု ၏ ''မင်္ဂလာ နံနက်ခင်း''၊ ဒါရိုက်တာ ဖရက်စီ နျူးမေယာ နှင့် စပ်တေလာ တို့၏ ''လုံခြုံရေးဟာ နောက်ဆုံးပဲ''၊ ဒါရိုက်တာ ဂျာ့က်တာတီ ၏ ''ကစားချိန်''၊ ဒါရိုက်တာ ဘတ်စတာ ကီတန် ၏ ''ဗိုလ်ချုပ်''၊ ဒါရိုက်တာ ပျဲအေတက်စ် ၏ ''ပျော်ရွှင်ဖွယ် နှစ်ပတ်လည်နေ့''၊ ''မဟာမေတ္တာ'' အစရှိသည့် ရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, October 16, 2014

ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ မြို့ကြီး သုံးမြို့တွင် ကျင်းပမည်


ရန်ကုန် ၊ ၁၆-၁၀-၂၀၁၄

ဂျပန်ရုပ်ရှင် ပွဲတော်ကို မြန်မာနိုင်ငံ၌ ရန်ကုန်၊ တောင်ကြီး နှင့် မန္တလေးမြို့ တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး နှင့် ဂျပန် ဖောင်ဒေးရှင်း တို့ ပူးပေါင်း ဆောင်ရွက်သည့် ဂျပန် ရုပ်ရှင်ပွဲတော် ကို ရှမ်းပြည်နယ် တောင်ကြီး၊ ရန်ကုန် နှင့် မန္တလေးမြို့ တို့တွင် ကျင်းပ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ တောင်ကြီးမြို့ ရှိ ဗန္ဓုလ ရုပ်ရှင်ရုံ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက် အထိ ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံ၊ ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက် အထိ မန္တလေးမြို့ရှိ ဝင်းလိုက် ရုပ်ရှင်ရုံ တို့တွင် ဂျပန်ရုပ်ရှင် ဇာတ်ကား များကို အင်္ဂလိပ် နှင့် မြန်မာ စာတန်းထိုးပြီး ပြသမည် ဖြစ်ကြောင်း သိရသည်။ 

မြန်မာ-ဂျပန် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုကို ၁၉၅၄ ခုနှစ်တွင် စတင်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်တွင် နှစ် ၆ဝ ပြည့်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နီပွန် ဖောင်ဒေးရှင်း သည် မြန်မာနိုင်ငံ တွင် ကျောင်းများ ဆောက်လုပ် ပေးရေး စီမံကိန်း၊ ဝေးလံသော ဒေသများတွင် နေထိုင်သူ များကို ပရဆေးပင် စိုက်ပျိုး နည်းများ သင်ကြား ပေးပြီး ပရဆေး ထုတ်လုပ်ရေး စီမံကိန်း အပါအဝင် အမေရိကန် ဒေါ်လာ ၄၁ သန်းခန့် တန်ဖိုးရှိသည့် စီမံကိန်း ပေါင်း ၃၃ ခုကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Monday, September 29, 2014

ထိုင်း-မြန်မာ ပူးပေါင်းရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကား ပြည်တွင်း၌ ပြသမည်


ရန်ကုန် ၊ ၂၉-၉-၂၀၁၄

ပြည်တွင်းရှိ Myanmar Media 7 နှင့် ထိုင်းနိုင်ငံမှ Katana JK ကုမ္ပဏီတို့ ပူးပေါင်း ရိုက်ကူးကာ နှစ်နိုင်ငံမှ အနုပညာရှင်များ ပါဝင် သရုပ်ဆောင် ထားသည့် ''ဘယ်လို အချစ်မျိုးလဲ'' ( Myanmar in Love in Bangkok ) ရုပ်ရှင် ဇာတ်ကားကြီးကို အောက်တိုဘာလ တွင် မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံ များ၌ ပြသသွားမည် ဖြစ်သည်။

ယင်း ဇာတ်ကားသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်သော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကောင်လေး တစ်ယောက် နှင့် တက်တူးထိုးသည့် လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြု နေသော ထိုင်း ကောင်မလေး တစ်ယောက် တို့၏ အပြန် အလှန် ချစ်မေတ္တာ မျှသည့် ဇာတ်လမ်းကို စိတ်ကူးယဉ် ဆန်ဆန် ရိုက်ကူးထားသော ဇာတ်ကားတစ်ကား ဖြစ်သည်။

ထိုင်းနိုင်ငံရှိ ရုပ်ရှင်ရုံများ၌ ထိုဇာတ်ကားကို စက်တင်ဘာ ၁၈ ရက်မှ စတင်၍ ရုံတင် ပြသခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာ ပရိသတ်များ အပြင် ထိုင်းလူမျိုး များလည်း လာရောက် ကြည့်ရှုခဲ့ကာ အလွန်နှစ်သက် သဘောကျ ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ၌လည်း အောက်တိုဘာလ တွင် ရုံတင်ပြသ သွားမည် ဖြစ်ပြီး ထိုသို့ရုံတင် ပြသသောအခါ ၄င်းရုပ်ရှင် ဇာတ်ကားထဲတွင် ပါဝင်သည့် အဓိက သရုပ်ဆောင်များ သည် မြန်မာနိုင်ငံသို့ လာရောက် ကြမည် ဖြစ်ကြောင်း Myanmar Media 7 မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ရုပ်ရှင် ဇာတ်ကားကြီးတွင် မြန်မာ သရုပ်ဆောင် မင်းသားအဖြစ် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်နေသော မွန်အမျိုးသား ကိုအောင်နိုင်စိုး နှင့် ထိုင်းနိုင်ငံရှိ ရုပ်သံ ဇာတ်လမ်းတွဲများ၊ MTV များတွင် ပါဝင် သရုပ်ဆောင်သည့် ထိုင်းမင်းသမီး ကရဗီ (ကယောက်) တို့ ပါဝင် သရုပ်ဆောင် ထားကြပြီး ထိုင်း နှင့်မြန်မာ နှစ်နိုင်ငံစလုံး ၌ ရိုက်ကူး ထားခြင်း ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၌ ထို ရုပ်ရှင်ကားကို ရုံတင် ပြသသော အခါ ထိုင်းစကားပြော နေရာများတွင် မြန်မာ စာတန်းထိုး ပြသ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

Sunday, September 28, 2014

မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ သက်ဆိုင်ရာမှ ဆင်ဆာ ပြန်လည် တည်းဖြတ်မည်


ရန်ကုန် ၊ ၂၈-၉-၂၀၁၄

မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ မြန်မာလူမျိုး တို့၏ ဓလေ့ထုံးစံ စသည်တို့နှင့် အညီ တင်ဆက် ပြသသော မြန်မာ့ရုပ်ရှင်များ နှင့် ဗီဒီယိုကားများ ပေါ်ထွန်း လာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း၌ ရိုက်ကူး ထုတ်လုပ်နေသော ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ သက်ဆိုင်ရာမှ ဆင်ဆာ စစ်ဆေးခြင်း ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခင်က ဆင်ဆာ စစ်ဆေးရာတွင် ရုပ်ရှင် နှင့် ဗီဒီယို ဆင်ဆာအဖွဲ့၏ မူနှင့် စည်းကမ်းချက် ၁ဝ ချက်အပေါ်တွင် အခြေခံကာ စစ်ဆေးခဲ့ သော်လည်း ရုပ်ရှင် အနုပညာ အသိုင်းအဝိုင်း မှ ဝိုင်းဝန်း တောင်းဆိုသည့် အတွက် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ စည်းကမ်းချက်မူ လေးချက်ကို လျှော့ပေါ့ ပေးခဲ့သည်။

ထိုကဲ့သို့ လျှော့ပေါ့ ပေးခဲ့ပြီး နောက်ပိုင်းတွင် ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားအချို့၌ ပါဝင်သော အနုပညာ ဖန်တီးမှု များသည်လူငယ်များ အတုယူ မှားယွင်း နိုင်စေခြင်း၊ ဘာသာရေး အရ အထင်အမြင် သေးခံရနိုင်ခြင်း၊ သရုပ်ပျက် လွန်းသော ဝတ်စားဆင်ယင်မှု များကြောင့် မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်လာ နိုင်ခြင်း စသည့် မလိုလား အပ်သော အကျိုးဆက်များ ဖြစ်ပေါ် လာစေနိုင် လောက်အောင် စည်းကမ်း ဘောင်များ ကျော်လွန် လာသည့်အပြင် မြန်မာလူမျိုး များ၏ ဓလေ့ထုံးစံ မဟုတ်သည် များကို သရုပ်ဆောင် ထားခြင်း၊ ညစ်ညမ်းသော စကားလုံးများ၊ အပြုအမူ များ ထည့်သွင်း ထားခြင်း တို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း များမှ ဆင်ဆာ တည်းဖြတ်ခြင်း ပြန်လည် လုပ်ဆောင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

Wednesday, September 17, 2014

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကို ဒီဇင်ဘာလ ၂၇ ရက်တွင် Myanmar Event Park ၌ ကျင်းပမည်


ရန်ကုန် ၊ ၁၇-၉-၂၀၁၄

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ကြီးမှူး ကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်တွင် စမ်းချောင်းမြို့နယ် ၊ ရှင်စောပုလမ်း ရှိ Myanmar Event Park ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

" အကယ်ဒမီ အတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှု ကလည်း ပြီးသလောက် ဖြစ်နေပါပြီ ၊ နောက်လထဲမှာ အကယ်ဒမီ စင်မြင့် ဆောက်ဖို့ ၊ အကယ်ဒမီ ဗန်းကိုင်ရွေးဖို့ ကိစ္စတွေ စလုပ်တော့မယ် ၊ ဒီဇင်ဘာလ ၂၇ ရက်ကို ရွေးလိုက် တာကလည်း အဲဒီရက်က စနေနေ့လည် ဖြစ်တယ်။ နေ့ကောင်း ရက်သာလည်း ကျတဲ့အတွက် ရွေးလိုက် တာပါ ... " ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် ၂ဝ၁၃ ခုနှစ်အတွင်း ရုံတင် ပြသခဲ့သော ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်၊ ပြုံးပြုံး ပျော်ပျော် ထော်လော် ကန့်လန့်၊ စေတန်ရဲ့ ကချေသည်၊ အလန်းဇယား- ၂၊ နင်စေရင်၊
သေးသေးလေး ပဲလား ကြီးကြီးလား၊ ကြယ်စင်မော်ကွန်း၊ ဟတ်ကော့၊ လူရွှင်တော် အိပ်မက်၊ ဆယ့်နှစ်နာရီ သတို့သား၊ စုန်းပြူး၊ ရက်စ်ဘော့စ်၊ အဖြူရောင် ရဲတိုက်၊ အမိုက်စား၊ ကိုယ့်အထာ နှင့်ကိုယ် စသည့် ဇာတ်ကားများ ထဲမှစုန်းပြူး၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင် ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ် စသည့် ဇာတ်ကား ခြောက်ကားကို နောက်ဆုံး ဆန်ခါတင် ဇာတ်ကားများ အဖြစ် ရွေးချယ် ထားကြောင်း သိရသည်။

မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပထမအဆင့် စိစစ် အကဲဖြတ်ရေး အဖွဲ့မှ ဇူလိုင်လတွင် ဇာတ်ကားများ ကြည့်ရှု ခဲ့ကြပြီး ဆန်ခါတင် ဇာတ်ကား ခြောက်ကားကို ရွေးချယ် ပေးခဲ့သည်။ ယင်း ဇာတ်ကား ခြောက်ကားကို မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုများ ဒုတိယအဆင့် စိစစ် ရွေးချယ်ရေး အဖွဲ့မှ သြဂုတ် ၁၈ ရက်က စတင် ကြည့်ရှု အကဲဖြတ် ခဲ့ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၉၅၂ ခုနှစ် မှ စတင်ချီးမြှင့် ခဲ့ပြီး ၁၉၅၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ရန်ကုန်မြို့ မြို့တော်ခန်းမ၊ ဝိဇယ ရုပ်ရှင်ရုံ၊ ရုပ်ရှင် မြှင့်တင်ရေး၊ စက်မှု အထက်တန်းကျောင်း၊ ရုပ်ရှင်ပြဇာတ် အစည်းအရုံး၊ ဂျူဗလီဟောဝင်း၊ မြန်မာ့အသံ မြက်ခင်းပြင်၊ လဟာပြင် ကဇာတ်ရုံ၊ နဝဒေး ရုပ်ရှင်ရုံ၊ အမျိုးသား ကဇာတ်ရုံ၊ သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ တို့တွင် ကျင်းပခဲ့သည်။ ၂ဝဝ၅ ခုနှစ်မှ စပြီး နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ဇာတ်ရုံတွင် ကျင်းပခဲ့ပြီး ၂ဝ၁၁ ခုနှစ်အတွက် ချီးမြှင့် သည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲနှင့် ၂ဝ၁၂ ခုနှစ် အတွက် ချီးမြှင့်သည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲ များကို သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံတွင် ပြန်လည် ကျင်းပခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ပထမဆုံး အနေဖြင့် Myanmar Event Park ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadadaily

Tuesday, September 16, 2014

(၂၃)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော် ကို ရန်ကုန်မြို့ရှိ နေပြည်တော်ရုံတွင် ၁၁ ရက်ကြာ ကျင်းပမည်



ရန်ကုန် ၊ ၁၆-၉-၂၀၁၄

မြန်မာနိုင်ငံရှိ ဆွစ်ဇာလန် သံရုံးမှ ကြီးမှူး ကျင်းပမည့် (၂၃) ကြိမ်မြောက် ဥရောပ ရုပ်ရှင် ပွဲတော် ( 23rd European Film Festival ) ကို ရန်ကုန်မြို့၌ ၁၁ ရက်ကြာ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥရောပ ရုပ်ရှင်ပွဲတော် ကို ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံကြီး တွင် ယခုလ ၂၅ ရက်မှ အောက်တိုဘာ ၅ ရက်အထိ ၁၁ ရက်ကြာ ကျင်းပရန် စီစဉ်ထားပြီး ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဗြိတိသျှ၊ ဆွစ်ဇာလန် အစရှိသော ဥရောပ နိုင်ငံကြီးများ အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ အင်္ဂလိပ် စာတန်းထိုး ထားသော ရုပ်ရှင် ဇာတ်ကား ၁ဝ ကားကို ပြသသွားမည် ဖြစ်ကြောင်း၊ ထို ရုပ်ရှင် ဇာတ်ကားများကို ရုပ်ရှင်ပွဲတော် ရက်များအတွင်း တစ်နေ့လျှင် တစ်ကားနှုန်းဖြင့် ညနေ ၃ နာရီခွဲမှ ည ၆ နာရီခွဲအထိ ပြသသွားရန် စီစဉ် ထားကြောင်း နှင့် မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း ဆွစ်ဇာလန် သံရုံးမှ ထုတ်ပြန် ကြေညာ ထားသည်။

မြန်မာနိုင်ငံ တွင် ဥရောပ ရုပ်ရှင်ပွဲတော် များကို နိုင်ငံခြား သံရုံးများမှ နေ၍ အလှည့်ကျ တာဝန်ယူ၍ နှစ်စဉ် ကျင်းပလေ့ ရှိခဲ့ရာ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ တွင် ကျင်းပ ပြုလုပ် ခဲ့သည့် (၂၂) ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော် ကိုလည်း အဆိုပါ နေပြည်တော် ရုပ်ရှင်ရုံ ၌ပင် ၁၁ ရက်ကြာ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယခု ကျင်းပမည့် (၂၃) ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော် ကိုမူ ဆွစ်ဇာလန် နိုင်ငံမှ ပထမဆုံး အကြိမ် တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး အတွက် ဆွစ်ဇာလန် သံရုံးမှ သံရုံး တာဝန်ခံများ နှင့်အတူ မြန်မာနိုင်ငံမှ တာဝန်ရှိ သူများကလည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

Thursday, September 11, 2014

" ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ " ဖြစ်ရပ်မှန်ဇာတ်ကား ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးမည်



ရန်ကုန် ၊ ၁၁-၉-၂၀၁၄

၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော သမိုင်းဖြစ်စဉ် တစ်ခု ဖြစ်သည့် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ အကြောင်းကို ပရိသတ် ကြိုက်မည့် စစ်ကား ပုံစံဖြင့် ရိုက်ကူးရန် ရှိကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုး က ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်မှန် ရုပ်ရှင်တွင် သမိုင်းဖြစ်စဉ် တိုက်ပွဲပေါင်း ၂၀ ခန့် ပါဝင်မည် ဖြစ်ပြီး ယင်း အချိန်က တပ်မတော် အင်အား အနည်းငယ်ဖြင့် အင်အားများသည့် ဗကပ ( ဗမာပြည် ကွန်မြူနစ် ပါတီ ) ကို ကျားကုတ် ကျားခဲ တိုက်ခိုက် ခဲ့ရသော တိုက်ပွဲများ အကြောင်းကို ပရိသတ် အကြိုက် စစ်ကားကြီး အဖြစ် ပုံဖော် ရိုက်ကူးမည် ဖြစ်ကြောင်း ၊ နာမည်ကျော် သရုပ်ဆောင် များစွာအပြင် သရုပ်ဆောင် အသစ် များလည်း ပါဝင်မည် ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီ စိုးမိုး က ပြောကြားသည်။

ယင်း ဇာတ်ကားကို ယခုလတွင် စတင် ရိုက်ကူးရန် ရည်မှန်း ထားကြောင်း ၊ ဖြစ်စဉ် အမှန်တကယ် ဖြစ်ပွား ခဲ့သည့် ကြိုးတံတား သို့ သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး တိုက်ပွဲ ၂၀ စလုံးကို ထည့်သွင်း ရိုက်ကူး သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

" ဇာတ်လမ်း making ကတော့ လုပ်မှာပါ ၊ ဒါပေမဲ့ တကယ် ပါခဲ့တဲ့ အထင်ကရ ဇာတ်ကောင် တွေကိုတော့ ဇာတ်လမ်း လုပ်လို့ မရဘူး ၊ သူတို့ ဇာတ်လမ်း တွေကိုတော့ အမှန်အတိုင်း ပဲ ရိုက်ရမယ် ၊ ဒီအထဲက ရဲဘော်လေး တစ်ယောက် ဒါမှမဟုတ် တပ်ကြပ် တစ်ယောက် အကြောင်းကို ဇာတ်လမ်း ဆင်ပြီး ရိုက်မယ် ... " ဟု ပန်းချီ စိုးမိုး က ပြောသည်။

မြန်မာ့ တပ်မတော် ၏ သမိုင်းကြောင်း ကို ရိုက်ကူး ပုံဖော်ထားသော ကြယ်စင်မော်ကွန်း ဇာတ်ကားသည် ဒါရိုက်တာ ပန်းချီ စိုးမိုး ရိုက်ကူး ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု ပထမ အဆင့် ရွေးချယ်ရေး အဖွဲ့က ဆန်ခါတင် ရွေးချယ် ခဲ့ကာ ရုပ်ရှင် ၆ ကားတွင်လည်း ပါဝင်လျက် ရှိကြောင်း သိရှိရသည်။

ဇာညီသစ္စာ

Friday, December 13, 2013

၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား အတွက် အကယ်ဒမီဗန်းကိုင် ရှစ်ဦးရွေးချယ်



ရန်ကုန် ၊ ၁၃-၁၂-၂၀၁၃

၂ဝ၁၂ ခုနှစ်အတွက် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား၌ ဆုဗန်းကိုင် လျှောက်ထားသူ ၅၄ ဦးအနက် ရှစ်ဦးကို ယမန်နေ့ တွင် ဆန်ခါတင် ရွေးချယ် ခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ သိရသည်။

ဆန်ခါတင် ရွေးချယ် ခံရသူ ရှစ်ဦးမှာ(ပုံ) မမေမြင့်မိုရ် ၊ မလမင်းအိနြေ္ဒ (ခ) ရွှေယမင်းအေး ၊ မအင်ကြင်းထူး ၊ မဆောင်းဝတ်ရည်မေ ၊ မရှင်ဝေနိုင်ဦး ၊ မခိုင်ဇင်သင်း (ခ) ပန်းရောင် ၊ မနှင်းဆီဝိုင် နှင့် မမေစူးနိုင်း တို့ကို ယမန်နေ့ နံနက် ၉နာရီခွဲ တွင် အပြီးသတ် ရွေးချယ်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်က ဆုဗန်းကိုင် ရွေးချယ်သူ ၅၄ ဦးအား အရည်အချင်း သတ်မှတ်ချက်များ အရ အကဲဖြတ် စိစစ်ရေး အဖွဲ့မှ ၁၅ ဦးကို ရွေးချယ် ခဲ့ကြောင်း ၊ မူလက ၂ဝ ဦးရွေးချယ်ကာ ၁ဝဦးကို ဗန်းကိုင်အဖြစ် ရွေးချယ်ရန် စီစဉ် ခဲ့သော်လည်း ရွေးချယ် ရရှိသူ ၁၅ ဦးသာ ရှိသောကြောင့် ဆန်ခါတင် ရှစ်ဦးကိုသာ စိစစ်ခဲ့ခြင်း ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံးမှ သိရသည်။

ဆုဗန်းကိုင်များကို ရွေးချယ် ပေးခဲ့သော အကဲဖြတ်ဒိုင် များမှာ ဦးမြတ်ခိုင် ၊ ဦးဝင်းငြိမ်း ၊ ကိုမျိုး (မြန်မာစာ) ၊ ဦးရန်အောင် ၊ ဒေါ်မို့မို့မြင့်အောင် ၊ ဒေါ်မျိုးသန္တာထွန်း ၊ ဒေါ်မေသန်းနု ၊ ဒေါ်အိန္ဒြာကျော်ဇင် နှင့် ဒါရိုက်တာ မိုက်တီး တို့က ဆန်ခါတင် စိစစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန် ဆုပေးပွဲ အခမ်းအနား ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း ၌ ကျင်းပမည် ဖြစ်ပြီး အကယ်ဒမီ စာရင်းဝင်သော ဇာတ်ကား အချို့မှာ ဥ ၊ မော်ကင်းဥဒါန်း ၊ အဖြူရောင် ရဲတိုက် ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ၊ ကယန်းအလှ တို့သည် အကယ်ဒမီ ဆုရရှိရန် အတွက် နာမည်ကြီး နေသော ဇာတ်ကား အချို့ဖြစ်သည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂ဝ၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်မြို့တွင် ပြန်လည် ကျင်းပခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။


Thursday, September 5, 2013

တရုတ်ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် တွင် အာဒံရယ် ဧ၀ရယ် ဒဿရယ် ရုပ်ရှင် ပြသခွင့် ရွေးချယ်ခြင်း ခံရ


ရန်ကုန် ၊ ၅-၉-၂၀၁၃

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ မြန်မာ့ ရုပ်ရှင် ဇာတ်ကားများကို အရည်အသွေး ကောင်းအောင် ၊ အဆင့်မီအောင် ဆောင်ရွက်လျက် ရှိရာတွင် အာရှ ရုပ်ရှင် ပွဲတော်များ အထိပါ ပြသခွင့် ရရှိခဲ့သော ဇာတ်ကား များလည်း ရှိပြီ ဖြစ်သည်။

ယခုအခါ တရုပ်ရုပ်ရှင် ပညာရှင် အသင်းမှ ကြီးမှူး ကျင်းပသော ၂၂ ကြိမ်မြောက် တရုတ်ရွှေကြက်ဖ ရာပန်း ရုပ်ရှင်ပွဲတော် ကို ၀ူဟန် တွင် စက်တင်ဘာလ ၂၄ ရက်မှ ၂၈ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော် တွင် ပြသရန် မြန်မာနိုင်ငံ မှ ရုပ်ရှင်ကား များစွာကို ရွေးချယ်ခဲ့ရာ Heart and Soul ရုပ်ရှင် ထုတ်လုပ်ရေး မှ ထုတ်လုပ် ထားပြီး ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားသည့် အာဒံရယ် ဧ၀ရယ် ဒဿရယ် အမည်ရှိ ရုပ်ရှင် ဇာတ်ကားကို ရွှေကြက်ဖ ရာပန်း ရုပ်ရှင်ပွဲတော် တွင် ပြသရန် ရွေးချယ် ထားကြောင်း သိရသည်။


အာဒံရယ် ဧ၀ရယ် ဒဿရယ် ရုပ်ရှင် ဇာတ်ကားတွင် ပြေတီဦး ၊ စိုင်းစိုင်းခမ်းလှိုင် နှင့် သက်မွန်မြင့် တို့ အဓိက သရုပ်ဆောင် ထားပြီး ၂၀၁၀ ပြည့်နှစ် အကယ်ဒမီ ပေးပွဲတွင်လည်း အမျိုးသား ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၊ ရုပ်ရှင် ထုတ်လုပ်ရေး ဆုများ ဆွတ်ခူး ခဲ့သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger