www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အာဆီယံ. Show all posts
Showing posts with label အာဆီယံ. Show all posts

Friday, October 12, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဆီယံ ခေါင်းဆောင်များ စုဝေးပွဲသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဆီယံ ခေါင်းဆောင်များ စုဝေးပွဲသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ
နေပြည်တော် အောက်တိုဘာ ၁၁
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်  အင်ဒိုနီးရှားသမ္မတ နိုင်ငံသမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှား သမ္မတနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ စုဝေးပွဲ (ASEAN Leaders´ gathering) သို့တက်ရောက်ရန် ယနေ့ နံနက် ၇ နာရီတွင်  အထူးလေယာဉ်ဖြင့် နေပြည်တော်မှ  အင်ဒိုနီးရှား သမ္မတနိုင်ငံသို့ ထွက်ခွာသည်။
-
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဖွဲ့ဝင်များအား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ   ဒေါက်တာ မျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Prof. Dr.IzaFadri နှင့် ဇနီးနှင့် တာဝန်ရှိသူများက  နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
-
နိုင်ငံတော်သမ္မတနှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ အမြဲတမ်း အတွင်းဝန်များ ဖြစ်ကြသည့် ဦးခင်လတ်၊ ဦးမြင့်သူနှင့် ဦးထွန်းထွန်းနိုင် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
-
နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် ပါရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အုပ်စုတို့၏ နှစ်ပတ်လည် အစည်းအဝေးများ တက်ရောက်ရန် အောက်တိုဘာ ၁ဝ ရက်က အင်ဒိုနီးရှားနိုင်ငံသို့ ကြိုတင် ထွက်ခွာသွားပြီဖြစ်သည်။
-
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 1, 2017

အာဆီယံဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၅၀)ပြည့် အထိမ်းအမှတ် ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုတစ်ခု လုပ်ဆောင်သွားမည်



နေပြည်တော် ၊ ၁-၂-၂၀၁၇

အာဆီယံဖွဲ့စည်း တည်ထောင်ခြင်း နှစ်(၅ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ခရီးသွားလုပ်ငန်း ဆိုင်ရာ လှုပ်ရှားမှု ကမ်ပိန်းတစ်ခုကို မြန်မာနိုင်ငံ၌ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကမ်ပိန်းကို မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ အတွင်း လုပ်ဆောင် သွားရန် စီစဉ်ထားပြီး အစီအစဉ်တွင် မိတ်ဖက် အာဆီယံနိုင်ငံ များကို ဖိတ်ခေါ်၍ ရိုက်ကူးရေး အစီအစဉ် များလည်း ပါဝင်လုပ်ဆောင် သွားရန်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း ထံမှ သိရသည်။

''အာဆီယံဖွဲ့စည်း တည်ထောင်ခြင်း နှစ်(၅ဝ) ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အစီအစဉ် ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဂုဏ်ပြု အစီအစဉ် အနေနဲ့ ကမ်ပိန်း သဘောမျိုး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဓိက ကတော့ မြန်မာနိုင်ငံ အနေနဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင် နေတယ်၊ ရှေ့ဆက် ဘယ်လို လုပ်ဆောင်မယ် စတဲ့ မြန်မာနိုင်ငံ အကြောင်းကို သိအောင် လုပ်ဆောင်တဲ့ သဘောမျိုး ဖြစ်ပါတယ်'' ဟု ဒေါ်ခင်သန်းဝင်း ကပြောသည်။

ထို့ပြင် ဂုဏ်ပြု အစီအစဉ် အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှင့်အတူ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် တခြားသော ခရီးသွားလုပ်ငန်း ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ အစီအစဉ်နှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် အသေးစိတ် အချက်အလက် များကို ယခုအခါ ညှိနှိုင်း ဆွေးနွေး၍ ပေါင်းစပ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

၁၉၇၆ ခုနှစ်မှစ၍ ဖွဲ့စည်းထူထောင် ခဲ့သော အာဆီယံ အဖွဲ့အစည်း သည် ၂ဝ၁၇ ခုနှစ်တွင် နှစ် (၅ဝ) ရွှေရတု ပြည့်မြောက်ပြီ ဖြစ်သဖြင့် အထိမ်းအမှတ် အဖြစ် ခရီးသွားလုပ်ငန်း လှုပ်ရှားမှုများကို ယခုနှစ်အတွင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မိတ်ဖက် အာဆီယံနိုင်ငံ များကလည်း ၄င်းတို့နိုင်ငံ၏ အစီအစဉ်များ အတိုင်း အသီးသီး ဂုဏ်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်သည့် အလျောက် ယခုအခါ အာဆီယံ ခရီးသွားလုပ်ငန်း ၂ဝ၁၆ - ၂ဝ၂၅ မဟာဗျူဟာ စီမံကိန်း၌ ပါဝင် အကောင်အထည် ဖော်လျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Tuesday, January 24, 2017

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအသင်း နိုင်ငံအလိုက် ဒုတိယနေရာရရှိ


ရန်ကုန် ၊ ၂၄-၁-၂၀၁၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့သည့် (၆)ကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များကို ယမန်နေ့နံနက်ပိုင်း မှစ၍ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ မြားပစ်ကွင်း၌ ကျင်းပရာ မြန်မာမြားပစ် အဖွဲ့က ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခု ထပ်မံဆွတ်ခူး ရရှိသည်။

Mix-Team ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ပွဲ၏နောက်ဆုံး ပွဲစဉ်တွင် ရွှေတစ်ခု၊ ငွေတစ်ခု ရရှိခဲ့သည်။ Compound Mix-Team ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ ရဲမင်းဆွေနှင့် အောင်ငှိမ်း တို့အတွဲမှာ ဖိလစ်ပိုင်အတွဲကို အနိုင်ယူပြီး ရွှေတံဆိပ်ရယူ နိုင်ခဲ့သည်။

Recurve Mix-Team ပြိုင်ပွဲတွင် မြန်မာအသင်းမှ နေလင်းဦးနှင့် စန်းယုထွေး တို့အတွဲမှာ ဖိလစ်ပိုင်အတွဲကို ရှုံးနိမ့်ပြီး ငွေတံဆိပ်သာ ရရှိခဲ့သည်။ အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းများမှာ ရွှေတံဆိပ်ဆု ရယူနိုင်ခြင်း မရှိဘဲ ငွေတစ်ခု၊ ကြေးသုံးခုသာ ရရှိခဲ့သည်။ မြန်မာမြားပစ်အဖွဲ့ အတွက် Compound အမျိုးသား အသင်းက ငွေတံဆိပ်ရခဲ့ပြီး အမျိုးသမီး Compound အသင်း၊ Recurve အမျိုးသားအသင်း နှင့် အမျိုးသမီးအသင်း တို့က ကြေးတစ်ခုစီ ရရှိခဲ့သည်။

အသင်းလိုက် ပြိုင်ပွဲတွင် ဖိလစ်ပိုင်အမျိုးသမီး အသင်းက Compound နှင့် Recurve ပြိုင်ပွဲနှစ်ခု စလုံးတွင် ရွှေတံဆိပ်ရခဲ့ပြီး Recurve ပြိုင်ပွဲတွင် မလေးရှား အမျိုးသားအသင်း၊ Compound ပြိုင်ပွဲတွင် စင်ကာပူ အမျိုးသား အသင်းတို့က ရွှေတံဆိပ်ရရှိ ခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာမြားပစ် အသင်းသည် နိုင်ငံအလိုက် ဒုတိယနေရာ ရရှိခဲ့သည်။ ပြိုင်ပွဲအပြီး ဆုရရှိမှုတွင် ဖိလစ်ပိုင် က ရွှေခြောက်ခု၊ ငွေလေးခု၊ ကြေးနှစ်ခုဖြင့် ဗိုလ်စွဲခဲ့ပြီး မြန်မာက ရွှေနှစ်ခု၊ ငွေလေးခု၊ ကြေးခြောက်ခုဖြင့် ဒုတိယ၊ မလေးရှားက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခုဖြင့် တတိယ၊ ဗီယက်နမ်က ရွှေနှစ်ခုဖြင့် စတုတ္ထ၊ ထိုင်း ကရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဖြင့် ပဉ္စမ၊ စင်ကာပူက ရွှေတစ်ခု၊ ငွေတစ်ခုဖြင့် ဆဋ္ဌမ၊ ဟောင်ကောင်က ငွေနှစ်ခု၊ ကြေးနှစ်ခုဖြင့် သတ္တမနေရာတို့ ရရှိခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Friday, December 9, 2016

(၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ပြန်လည်ရောက်ရှိ


ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့်တာဝန်ရှိသူများ
 မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းအား ကြိုဆိုနှုတ်ဆက်စဉ်

ပစ္စတိုအမျိုးသမီး အသင်းလိုက် ထိလဲပစ်ခတ်စဉ်တွင် ပထမဆုရွှေတံဆိပ် ရရှိခဲ့သည့်
 မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပ ပြုလုပ်သော (၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ (26th ASEAN Armies Rifle Meet-26th AARM) သို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် ဒုတိယ ဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်သော မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ယမန်နေ့ည ၆ နာရီ ၄ဝ မိနစ်တွင် တပ်မတော် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ လာရာ ကာကွယ်ရေးဦး စီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

(၂၆) ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက်ထိ ကျင်းပပြုလုပ် ခဲ့ပြီး မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း မှ ပြိုင်ပွဲဝင်အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၃၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ပစ္စတိုအမျိုးသမီး အသင်းလိုက် ထိလဲ ပစ်ခတ်စဉ်တွင် ပထမဆု ရွှေတံဆိပ်၊ ရိုင်ဖယ် အမျိုးသားအသင်း ထိလဲ ပစ်ခတ်စဉ်တွင် ဒုတိယဆု ငွေတံဆိပ်နှင့် ကာဘိုင် အမျိုးသားအသင်း ထိလဲ ပစ်ခတ်စဉ် တွင် တတိယဆု ကြေးတံဆိပ် များကို အသီးသီး ရရှိခဲ့သည်။

မြန်မာ့တပ်မတော် သေနတ်ပစ် အသင်း ပစ္စတို အမျိုးသမီးအသင်း အနေဖြင့် ဒီဇင်ဘာ ၂ ရက်တွင် ယှဉ်ပြိုင်ခဲ့သော ပစ္စတိုအမျိုးသမီး ထိလဲ ပစ်ခတ်စဉ် ပြိုင်ပွဲ၌ နိုင်ငံ ၁ဝ နိုင်ငံမှ ပြိုင်ပွဲဝင် အသင်း ၁ဝ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အနက် ပထမအဆင့် ဆန်ခါတင် ခြောက်သင်း ရွေးချယ်ရာတွင် လည်းကောင်း၊ ဒုတိယအဆင့် ဆန်ခါတင် လေးသင်း ရွေးချယ်ရာတွင် လည်းကောင်း၊ အကြိုဗိုလ်လုပွဲ သုံးသင်း ရွေးချယ်ရာတွင် လည်းကောင်း ပါဝင်နိုင်ခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်၍ ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ရရှိသည် အထိ နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင် ထမ်းဆောင်နိုင် ခဲ့ကြောင်းနှင့် (၂၆) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း အနေဖြင့် နိုင်ငံအလိုက် အဆင့်လေး နေရာတွင် ရရှိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Tuesday, December 6, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေး နှင့် ညစာစားပွဲ တက်ရောက်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ACAMM Protocol ကို လက်မှတ်ရေးထိုးစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေး သို့ 
တက်ရောက်စဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အာဆီယံ ကြည်းတပ်ဦးစီးချုပ်များနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၆-၁၂-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဒီဇင်ဘာ ၅ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီတွင် မနီလာမြို့ရှိ Philippine International Conventional Center ၌ကျင်းပ ပြုလုပ်သော 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ အစည်းအဝေး သို့ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ဘရူနိုင်း တပ်မတော် ကြည်းတပ်ဦးစီးချုပ် Brigadier General Pengiran Dato Seri Pahlawan Aminan Bin pengiran Haji Mahmud ၊ ကမ္ဘောဒီးယား တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Meas Sophea ၊ အင်ဒိုနီးရှား တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Mulyono ၊ လာအိုတပ်မတော် ကြည်းတပ်ဦးစီးချုပ် Brigadier General Khamlieng Outhakaisone ၊ မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Tan Sri Raja Mohamed Affandi Bin Raja Mohamed Noor ၊ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP ၊ စင်ကာပူတပ်မတော် ကြည်းတပ်ဦးစီးချုပ် Major General Melvyn Ong ၊ ထိုင်းဘုရင့် တပ်မတော် ဒုတိယကြည်းတပ် ဦးစီးချုပ် General Pisit Sitthisarn နှင့် ဗီယက်နမ် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Pham Hong Huong တို့ တက်ရောက် ကြသည်။

ဦးစွာ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP က ကြိုဆို နှုတ်ခွန်းဆက်ခြင်း နှင့် အဖွင့် အမှာစကား ပြောကြားပြီး အထူးဖိတ်ကြား ထားသော National Security Adviser SECRETARY HERMOGENES C.ESPERON Jr. က အမှာစကား ပြောကြားကာ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။ ဆက်လက်ပြီး အစည်းအဝေး တက်ရောက် လာကြသော ကြည်းတပ် ဦးစီးချုပ်များက နိုင်ငံအလိုက် အကြောင်းအရာများ အလှည့်ကျ ဆွေးနွေးခဲ့ကြပြီး နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် အစည်းအဝေး ပိတ်ပွဲကို ဆက်လက် ကျင်းပရာ ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP က နိဂုံးချုပ် အမှာစကား ပြောကြားသည်။ ထို့နောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ် များက ACAMM Protocol ကို လက်မှတ်ရေးထိုး ကြပြီးနောက် ဖိလစ်ပိုင်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP သည် ၂ဝ၁၇ ခုနှစ်အတွင်း ၁18th ASEAN Chiefs of Army Multilateral Meeting(18th ACAMM) အစည်းအဝေးများ လက်ခံကျင်းပမည့် စင်ကာပူ တပ်မတော်မှ ကြည်းတပ်ဦးစီးချုပ် Major General Melvyn Ong ထံတာဝန် လွှဲပြောင်းပေးအပ်ပြီး အထိမ်းအမှတ် ကျိုင်းကို လွှဲပြောင်း ပေးအပ်ကာ အမှတ်တရဓာတ်ပုံ ရိုက်ကူး၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြသည်။

ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် Sofitel ဟိုတယ်တွင် ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP နှင့်တပ်မတော် နှစ်ရပ်ကြားရှိပြီး ဖြစ်သည့် စစ်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်း လေ့လာခြင်း တို့အတွက် အဆိုပြုခြင်း နှင့် ဆက်စပ်တိုးမြှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အလားအလာများ အမြင်ချင်း ဖလှယ်ခြင်းတို့အား လည်းကောင်း၊ ဆက်လက်၍ ထိုင်းဘုရင့် ကြည်းတပ်မတော်၊ ဒုတိယ ကြည်းတပ်ဦးစီးချုပ် General Pisit Sitthisarn နှင့် ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၂ဝ တွင် Sofitel ဟိုတယ်၌ ထပ်မံတွေ့ဆုံခဲ့ပြီး သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ် အကြား ရှိပြီး ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး ဆိုင်ရာများ၊ မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှု ဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှု တို့ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး တို့အပြင် Cobra Gold ကဲ့သို့ နိုင်ငံစုံပူးပေါင်း စစ်ရေး လေ့ကျင့်ခန်း များတွင် လေ့လာသူ အဖြစ်နှင့် နှစ်စဉ်ပါဝင် နိုင်ရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ ကြသည်။

ယင်းနောက် ဒေသ စံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့သည် ခေတ္တ အခြေပြုရာ Sofitel ဟိုတယ်၊ Luzon Hall ၌ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP နှင့်ဇနီးတို့ တည်ခင်း ဧည့်ခံသော (ACAMM-17) ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲသို့ အာဆီယံနိုင်ငံ များမှ ကြည်းတပ် ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP တို့ အထိမ်းအမှတ် 
လက်ဆောင်များ အပြန်အလှန် ပေးအပ်စဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP နှင့်ဇနီးတို့ တည်ခင်း ဧည့်ခံသော (ACAMM-17) ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်စဉ်

ဦးစွာ ဖိလစ်ပိုင်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များ၊ ဇနီးများနှင့် အတူ ညစာကို အတူတကွ သုံးဆောင် ကြသည်။ ညစာမသုံးဆောင်မီ နှင့် သုံးဆောင် နေစဉ်အတွင်း ဖိလစ်ပိုင် တပ်မတော် (ကြည်း) ယဉ်ကျေးမှုအဖွဲ့က တေးသီချင်းများဖြင့် ဖျော်ဖြေ ကြသည်။ ယင်းနောက် အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Wednesday, November 16, 2016

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ကာကွယ်ရေး ၀န်ကြီးများ သီးသန့် အစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း အား 
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက
 ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၆-၁၁-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ တွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ကျင်းပမည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ သီးသန့် အစည်းအဝေး တက်ရောက်ရန် ယမန်နေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာကြသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying SAYAXANG နှင့် စစ်သံမှူး Col. BOUNMYVIENG VIENGNHOUTTHASAT တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။ အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်နှင့် ပြည်တွင်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ငြိမ်းချမ်း နှင့် ဦးစီးအရာရှိများ အဖွဲ့ဝင် အဖြစ်လိုက်ပါသွား ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Tuesday, October 25, 2016

ပဉ္စမအကြိမ်မြောက် အာဆီယံအမွေအနှစ် ဥယျာဉ်များ ညီလာခံကျင်းပ


ပဉ္စမအကြိမ်မြောက် အာဆီယံအမွေအနှစ် ဥယျာဉ်များ ညီလာခံဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်

နေပြည်တော် ၊ ၂၅-၁၀-၂၀၁၆

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ ဦးဆောင် ကျင်းပသည့် ပဉ္စမ အကြိမ်မြောက် အာဆီယံ အမွေအနှစ် ဥယျာဉ်များ ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်တွင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းဝန်ရုံး နှင့် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ ပူးပေါင်း အဖွဲ့အစည်းများ၊ ရန်ပုံငွေ ထောက်ပံ့ ပေးသည့် အေဂျင်စီများမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြား ထားသော ဧည့်သည်များ တက်ရောက် ကြသည်။

အာဆီယံ အမွေအနှစ် ဥယျာဉ်များ ညီလာခံ ကျင်းပရခြင်းမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များရှိ သဘာဝ အမွေအနှစ် များကို ထိန်းသိမ်းရန်၊ သဘာဝ အမွေအနှစ်များ တည်ရှိ နေခြင်းကို ဝမ်းမြောက် ဂုဏ်ယူတတ် စေရန်၊ ပြည်သူများ အကြား ထိန်းသိမ်းရေး အသိအမြင်များ တိုးပွား လာစေရန်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များအချင်းချင်း ပူးပေါင်း ဆောင်ရွက်ပြီး သဘာဝ အမွေအနှစ် များကို ထိန်းသိမ်းရန် စသည့် ရည်ရွယ်ချက် များဖြင့် တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားရာတွင် အာဆီယံ ဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများမှ အတွေ့အကြုံများ၊ အောင်မြင်မှုများ၊ သင်ခန်းစာ များအား ဖလှယ်ပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အာဆီယံ ဒေသအတွင်း အာဆီယံ အမွေအနှစ် ဥယျာဉ် ၃၈ ခုရှိသည့်အနက် ခုနစ်ခုမှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ဒုတိယမြောက် အများဆုံး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၂ဝဝ၅ ခုနှစ်မှ စတင်၍ ACB( ASEAN Centre for Biodiversity) နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာနှင့် ရန်ပုံငွေ ထောက်ပံ့ခြင်းများ လက်ခံ ဆောင်ရွက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း ပြောကြားသည်။

အာဆီယံ အမွေအနှစ် ဥယျာဉ်များ ညီလာခံကို သုံးနှစ်တစ်ကြိမ် အလှည့်ကျ ကျင်းပခဲ့ရာ ပထမအကြိမ်ကို ၂ဝဝ၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဒုတိယ အကြိမ်ကို ၂ဝဝ၇ ခုနှစ်တွင် မလေးရှား နိုင်ငံ၊ တတိယ အကြိမ်ကို ၂ဝ၁ဝ ပြည့်နှစ်တွင် ဘရူးနိုင်း ဒါရုဆလမ် နိုင်ငံ၊ စတုတ္ထ အကြိမ်ကို ၂ဝ၁၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ယခု ပဉ္စမအကြိမ်ကို မြန်မာနိုင်ငံ၌ အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သိန်းဝင်း

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Wednesday, October 19, 2016

(၅)ကြိမ်မြောက် အာဆီယံရေတပ် အရာရှိငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲပြုလုပ်



နေပြည်တော် ၊ ၁၉-၁၀-၂၀၁၆

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၅)ကြိမ်မြောက် အာဆီယံ ရေတပ် အရာရှိငယ်များ တွေ့ဆုံပွဲအား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်မှ ၁၉ ရက်အထိ Summit Park View Hotel ၌ကျင်းပ ပြုလုပ်လျက် ရှိသည်။

တွေ့ဆုံပွဲသို့ တက်ရောက်မည့် အာဆီယံ နိုင်ငံများမှ ရေတပ် အရာရှိငယ် များသည် အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် အသီးသီးေ ရာက်ရှိခဲ့သည်။ တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် အရာရှိငယ် များသည် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း၊ နိုင်ငံအလိုက် ရေတပ် သမိုင်းကြောင်း ရှင်းလင်းခြင်း နှင့် ''အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့် ရေတပ်စွမ်းအား တည်ဆောက် ကြပါစို့'' ခေါင်းစဉ်အား ဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် အာဆီယံ နိုင်ငံများမှ ရေတပ် အရာရှိငယ် များအား စစ်ဦးစီး အရာရှိချုပ်(ရေ ) ဗိုလ်ချုပ် မိုးအောင် က ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းတွင် Summit Park View Hotel ၊ ပင်းယခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။ ဦးစွာ စစ်ဦးစီး အရာရှိချုပ် (ရေ )က နှုတ်ခွန်းဆက် စကား ပြောကြားပြီး အာဆီယံ နိုင်ငံများမှ ရေတပ် အရာရှိငယ် များက တစ်ဦးချင်း နှုတ်ဆက်စကား ပြောကြား ခဲ့သည်။

၎င်းနောက် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး အထိမ်းအမှတ် လက်ဆောင်ပစ္စည်း များပေးအပ် ခဲ့သည်။ ညပိုင်းတွင် စစ်ဦးစီး အရာရှိချုပ် (ရေ)က ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

အာဆီယံရေတပ် အရာရှိငယ် များသည် တပ်မတော်(ရေ) လှေလှော်ရွက်တိုက် အသင်းတွင် လှေလှော်ခြင်းနှင့် ရွက်တိုက်ခြင်း ဆောင်ရွက်ပြီး သန်လျင် တပ်နယ်၊ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ် အောင်ဆန်းဈေး တို့သို့ လေ့လာရေး သွားရောက်ခဲ့သည်။ အာဆီယံ ရေတပ် အရာရှိငယ် များသည် အောက်တိုဘာ ၁၉ ရက်တွင် သက်ဆိုင်ရာ နိုင်ငံ အသီးသီးသို့ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Tuesday, October 11, 2016

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ (၁၆)ကြိမ်မြောက် အထွေထွေညီလာခံ နှင့် (၂၉)ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးများ တက်ရောက်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး 
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် 
တပ်မတော် အရာရှိကြီး များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၁-၁၀-၂၀၁၆

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆရီ ဘီဂါဝန်မြို့ တွင် ကျင်းပ ပြုလုပ်သည့် အာဆီယံ နိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ (VECONAC) ၏ (၁၆)ကြိမ်မြောက် အထွေထွေ ညီလာခံနှင့် (၂၉)ကြိမ်မြောက် အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးများ တက်ရောက်ခဲ့ပြီး ယမန်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါ ခရီးစဉ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွား ကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီး များနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီမှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါ လာကြသည်။

ဘရူနိုင်း ဒါရုဆလမ် နိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဆီယံ နိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ (VECONAC)၏ (၁၆)ကြိမ်မြောက် အထွေထွေ ညီလာခံနှင့် (၂၉)ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေး များကို အောက်တိုဘာ ၆ ရက်မှ ၉ ရက်ထိ ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အာဆီယံ နိုင်ငံများ၏ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌအဖြစ် အလှည့်ကျ ဆက်လက် တာဝန် ထမ်းဆောင်မည့် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ MAJ GEN (R) PEHIN DATO HAJI SHARI ထံသို့ တာဝန် ဝတ္တရားများ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Thursday, September 29, 2016

ဗီဇာကင်းလွတ်ခွင့် ရရှိတော့မည် ဖြစ်သဖြင့် စင်ကာပူနိုင်ငံသို့ ခရီးသွားလာမှု သိသာစွာ တိုးတက်လာမည်ဟု ခန့်မှန်း



ရန်ကုန် ။ ၂၉-၉-၂၀၁၆

မြန်မာနိုင်ငံသား များအနေဖြင့် စင်ကာပူ နိုင်ငံသို့ ဒီဇင်ဘာ ၁ ရက်မှ စတင်၍ ရက် ၃ဝ ထက်မပိုသော သွားရောက် လည်ပတ်မှု အတွက် ဗီဇာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်၍ ခရီးသွားလာမှု သိသိသာသာ မြင့်တက်လာ နိုင်မည်ဟု မျှော်မှန်း ထားကြောင်း စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ ဧရိယာ ဒါရိုက်တာ Sherleen Seah  က ပြောသည်။

၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည် သွားရောက် လည်ပတ်မှု ၃ ရာခိုင်နှုန်း အထိ တိုးတက် လာကြောင်း၊ ၂ဝ၁၅ ခုနှစ်က စင်ကာပူ နိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည် ၁ဝ၅၄၅၂ ဦး သွားရောက် ခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်သည် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု နှစ်ပေါင်း (၅ဝ) ပြည့်သည့်အပြင် ဗီဇာ ကင်းလွတ်ခွင့် လည်း ရရှိတော့မည့် နှစ်တစ်နှစ် ဖြစ်သဖြင့် ခရီးသွားလာမှု တိုးတက်မည်ဟု မျှော်မှန်းခြင်း ဖြစ်ကြောင်း သိရသည်။

စင်ကာပူ နိုင်ငံသို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ အင်ဒိုနီးရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့မှ အများဆုံး ဖြစ်သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည် လာရောက်မှု တိုးတက် လာသဖြင့် အဆင့် (၂ဝ) ၌ စာရင်းဝင်ကြောင်း ဒါရိုက်တာ Sherleen Seah က ဆက်လက် ပြောသည်။

စင်ကာပူနိုင်ငံ၌ တစ်နှစ်ပတ်လုံး နီးပါး ပွဲတော်များ ရှိခြင်း၊ အစားအသောက် များ ကောင်းခြင်းနှင့် ရှောပင်းစင်တာ များစွာရှိခြင်း စသည့် အချက်များမှာ ခရီးသွားဧည့်သည် များအတွက် ပို၍ ဆွဲဆောင်မှု ရှိပြီး မြန်မာ ခရီးသွား ဧည့်သည် များလည်း လည်ပတ်မှု အများဆုံးနိုင်ငံ တစ်ခု၌ ပါဝင်နေကြောင်း သိရသည်။

စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် စင်ကာပူနိုင်ငံရှိ အပန်းဖြေစရာ နေရာများသို့ မြန်မာ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်ခံစား နိုင်စေရန် ဈေးကွက် ရှာဖွေရေးနှင့် အရောင်း မြှင့်တင်ရေး လှုပ်ရှားမှု ပေါင်းများစွာကို ယမန်နှစ် အတွင်း ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာ-စင်ကာပူ ခရီးစဉ် အတွက် မြန်မာကုမ္ပဏီ ပေါင်း ၂ဝ ခန့်နှင့်အတူ ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, September 12, 2016

ဗီယက်နမ်၏ စီးပွားရေးစနစ်ထဲသို့ အိန္ဒိယ တိုးမြှင့်ဝင်ရောက်လာ


India's Prime Minister Narendra Modi (L) poses for a photo with his Vietnamese counterpart Nguyen Xuan Phuc at the Government office in Hanoi, Vietnam September 3, 2016. (Photo: Reuters)

( ရှိန်းထက် )

၂ဝ၁၇ ခုနှစ်က စတင်ခဲ့သော အိန္ဒိယ နှင့် ဗီယက်နမ် ဆက်ဆံရေးသည် တရုတ်နှင့် ဗီယက်နမ်တို့၏ ရေပက်မဝင် ဖြစ်နေခဲ့သော စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံရေး များကြားတွင် ဆယ်စုနှစ် တစ်စုကြာအောင် တိမ်မြုပ် နေခဲ့သည်။ ထို့ကြောင့် အိန္ဒိယတို့ အာဆီယံတွင် တိုးမပေါက်သော ဆက်ဆံရေးကို အချိန် အတော်ကြာအောင် စောင့်ဆိုင်း နေခဲ့ရပြီး ယခုတော့ အိန္ဒိယတို့ အတွက် အခွင့်အရေးများ ရရှိလာခဲ့ပြီ ဖြစ်သည်။

မန်မိုဟန်ဆင်း အပြီး မိုဒီ တက်လာသော အချိန်တွင် သံတမန်ရေးနှင့် စီးပွားရေးကို ကမ္ဘာအနှံ့ ခြေဆန့်မည့် အစီအစဉ်၊ အာဆီယံကို အဓိက ပစ်မှတ်ထားသည့် စီမံကိန်း၊ ယင်းအချိန်နှင့် တစ်ပြိုင်တည်း မြင့်တက်လာသော တောင်တရုတ် ပင်လယ်ပြင် အရေးမှာ အိန္ဒိယတို့အတွက် အခွင့်ကောင်း ဖြစ်သွားခဲ့သည်။ တရုတ်တို့က အာဆီယံနိုင်ငံ များနှင့် ပြဿနာ တက်သည်။ ထို့ကြောင့် စီးပွားရေး အတွက် အကူအညီများ ပေးသော်လည်း စစ်ရေးကျတော့ လက်ရှောင် နေသည်။ ထို့ကြောင့် စစ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းမည့် ဗီယက်နမ် အတွက် မဟာမိတ်သစ် ရှာရတော့သည်။

ယခု ဗီယက်နမ်၏ မဟာမိတ်သစ်များ ထဲတွင် ရုရှားနှင့် အိန္ဒိယသည် ထိပ်ဆုံးမှ ဖြစ်သည်။ ရုရှားသည် ယခင်က ပြတ်တောက် သွားသော မဟာမိတ်ဟောင်း ဖြစ်သော်လည်း အိန္ဒိယမှာမူ အသစ်စက်စက် မဟာမိတ် ဖြစ်သည်။ ထို့ပြင် အားနည်း နေသော ဗီယက်နမ်၏ အာကာသ လုပ်ငန်းစဉ် များတွင် တရုတ်တို့က ပံ့ပိုးမှု မရှိသောကြောင့် အိန္ဒိယတို့ နေရာဝင်ယူရန် အဆင်သင့် ဖြစ်နေတော့သည်။ တရုတ်သည် သူ၏ မဟာမိတ် နိုင်ငံများကို စီးပွားရေးအရ အကူအညီ ပေးသော်လည်း စစ်ရေးတွင် အကူအညီ မပေးခဲ့ပေ။ ဥပမာ အာကာသ နည်းပညာ ကဲ့သို့ ဂြိုဟ်တုပုံရိပ် များသည် နိုင်ငံတစ်နိုင်ငံ အတွက် လွန်စွာ အသုံးဝင်သည်။ ယခု တောင်တရုတ် ပင်လယ်ပြင် ကဲ့သို့ အရေးပါသော ပိုင်နက်ပြဿနာ များနှင့် ပတ်သက် လာသောအခါ ပြိုင်ဘက် ရန်သူတို့၏ လှုပ်ရှားမှု ပုံရိပ်များကို သိချင် လာသည်။ ထို့ကြောင့် ဂြိုဟ်တု ကိုယ်ပိုင် မရှိသော နိုင်ငံများမှာ မျက်နှာပန်း မလှ ဖြစ်ရသည်။

ထို့ကြောင့် ဗီယက်နမ်သည် မြေပြင် ဂြိုဟ်တုပုံရိပ် များနှင့် စစ်ရေး အကူအညီ များကို ရယူချင်နေသည်။ ရုရှားကိုလည်း သံတမန်ရေးအရ ပိုမို တိုးမြှင့်သည်။ အိန္ဒိယ ကိုလည်း စီးပွားရေးနှင့် စစ်ရေးကိုပါ နှစ်ဆတိုး ဆက်ဆံသည်။ အိန္ဒိယက ပေးသည့် အကူအညီ မှန်သမျှကို ဗီယက်နမ်က ယူသည်။ ယခု အခြေအနေ သည် ဗီယက်နမ်အတွက် ပေးသမျှ အကူအညီကို ယူရမည့် အခြေအနေ လည်း ဖြစ်နေသည်။

အိန္ဒိယသည် G20 အစည်းအဝေးတွင် တောင်တရုတ် ပင်လယ်ပြင် အရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး တို့ကို အဓိကထား ဆွေးနွေးခဲ့သည်။ ထို့ပြင် ကာကွယ်ရေး အတွက် စစ်ရေး အသုံးစရိတ် ကိုလည်း အမေရိကန် ဒေါ်လာသန်း ၁ဝဝ အထိ ချေးငွေ ပံ့ပိုးပေးဦးမည်။ ကမ်းခြေစောင့် စစ်သင်္ဘော တစ်စင်းကိုလည်း အိန္ဒိယက ဗီယက်နမ်ကို ပေးအပ်ဦးမည် ဖြစ်သည်။ 

အိန္ဒိယသည် အရှေ့မျှော် မူဝါဒကို စတင်ကျင့်သုံးသည့် အချိန်မှစ၍ ၀န်ကြီးချုပ် မိုဒီ ကိုယ်တိုင် အာဆီယံနိုင်ငံ များကို ဆက်ဆံရေး ပိုမိုတိုးမြှင့် သွားလာနေသည်။ အာဆီယံ၏ စီးပွားရေး ညီလာခံ မှန်သမျှကို အလေးပေး တက်ရောက် ခဲ့သည်။ စီးပွားရေး သဘောတူညီ ချက်များ လက်မှတ်ရေးထိုး သကဲ့သို့ ချေးငွေများကို လည်းပေးသည်။ တရုတ်တို့ ယခင်က အာဆီယံနိုင်ငံ များ၌ ကျင့်သုံးခဲ့သည့် လမ်းစဉ်များ အတိုင်းပင် အိန္ဒိယတို့ ကလည်း အာဆီယံနှင့် တခြားနိုင်ငံ များကို တိုးတက်လာသော သူ၏ စီးပွားရေး အင်အားကို အသုံးချကာ ဝင်လာခဲ့သည်။

အိန္ဒိယတို့ အာဆီယံကို ဝင်မည့် အဓိက ပစ်မှတ်နိုင်ငံသည် ဗီယက်နမ် ဖြစ်သည်။ ဗီယက်နမ်သည် တောင်တရုတ် ပင်လယ်ပြင် ကြောင့် တရုတ်နှင့် စီးပွားရေးအရ မဖြစ်မနေ ဆက်ဆံနေရ သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးသည် စစ်ရေးအရ ပိုမိုတင်းမာ နေသည့် အနေအထားများ ရှိနေသည်။ တရုတ်တို့သည် ဗီယက်နမ်၏ စီးပွားရေးကို ရာခိုင်နှုန်း အတော်များများ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရေနံလုပ်ငန်းများ၊ အထည်အလိပ် လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများသည် ဗီယက်နမ်၌ တရုတ်တို့၏ အဓိက ပိုင်ဆိုင်သည့် အခန်းကဏ္ဍများ ဖြစ်သည်။ ယခု ထိုနေရာများသို့ အိန္ဒိယတို့ တဖြည်းဖြည်းဖြင့် တိုးမြှင့်ဝင်ရောက် လာသည်။ ဗီယက်နမ်သည် မကြာမီကပင် ဆီထုတ်လုပ်ရေး လုပ်ငန်းများတွင် အိန္ဒိယ နှင့် ဒေါ်လာသန်းပေါင်း များစွာတန်သော စာချုပ်များကို ချုပ်ဆိုထား နိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် တရုတ်တို့၏ သတိပေးမှု များကို ခံခဲ့ရသည်။ ယခုတစ်ကြိမ်တွင် အိန္ဒိယကို တရုတ်၏ သတိပေးမှုသည် ဒုတိယအကြိမ် ဖြစ်သည်။ ပထမဆုံး အကြိမ်က တောင်တရုတ် ပင်လယ်ပြင် အရေးကို အိန္ဒိယတို့ ဝင်ပါစဉ် တရုတ်တို့က အိန္ဒိယကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ ယခု တစ်ကြိမ်တွင် ဗီယက်နမ်၏ စီးပွားရေး စနစ်ထဲသို့ အိန္ဒိယတို့ တိုးမြှင့်ဝင်ရောက် လာချိန်တွင် တရုတ်တို့သည် ၄င်းတို့၏ စီးပွားရေး အထိနာမည် ဖြစ်သောကြောင့် ထပ်မံ သတိပေး ထားပြန်သည်။

ယခုအခါ အိန္ဒိယနှင့် ဗီယက်နမ်တို့၏ သဘောတူညီချက် များသည် အချက် ၁၂ ချက်အထိ ထပ်မံပေါင်းထည့် နိုင်ခဲ့ပြန်သည်။ ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးကြား လာရေး အတွက်ဟု ခေါင်းစဉ်တပ်ကာ တရုတ်တွင် ကျင်းပခဲ့သော G20 အစည်းအဝေးတွင် အိန္ဒိယနှင့် ဗီယက်နမ်တို့ သဘောတူညီချက် များရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အိန္ဒိယသည် ဗီယက်နမ်၌ ဂြိုဟ်တု အခြေစိုက်စခန်း တစ်ခု မကြာမီ တည်ဆောက် ပေးတော့မည် ဖြစ်သည်။

ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံများကို အဓိက ရရှိမည့် အိန္ဒိယ၏ အကူအညီသည် ဗီယက်နမ် အတွက် တရုတ်တို့၏ လှုပ်ရှားမှု များကိုလည်း သိရှိရမည် ဖြစ်သည်။ ၅၄ နှစ် သက်တမ်းရှိသော အိန္ဒိယ၏ အာကာသ စီမံကိန်းများသည် ဗီယက်နမ်တို့ အတွက် အပြည့်အဝ ယုံကြည်အားကိုး၍ ရသည်။ ကမ္ဘာပတ် လမ်းကြောင်းတွင် ကမ္ဘာ မြေပြင် ပုံရိပ်များကိုသာ လေ့လာရိုက်ကူး ထားသော ပုံရိပ်များကို ပေးပို့သည့် ဂြိုဟ်တုမှာ အိန္ဒိယတို့တွင် ၁၃ စင်းရှိသည်။ ထိုဂြိုဟ်တုများ မျှဝေ အသုံးပြုခွင့်ကို ဗီယက်နမ်တို့ ရရှိမည် ဖြစ်သည်။ ထို့ပြင် အိန္ဒိယ အကူအညီဖြင့် ဗီယက်နမ်သည် ဂြိုဟ်တုများ လွှတ်တင်နိုင်ရန် စီစဉ်ထားသည်။ ၂ဝ၁၄ ခုနှစ်မှ အရှိန်အဟုန် မြှင့်ကာ အဆင့်မြှင့်တင် ခဲ့သော အိန္ဒိယနှင့် ဗီယက်နမ် စီးပွားရေးသည် အချိန်တိုအတွင်း အမေရိကန် ဒေါ်လာ ဘီလီယံ ရာနှင့်ချီကာ ရောက်ရှိရန် ပစ်မှတ်ထားပြီး ခံနေရသည်။

ကာကွယ်ရေး၊ လုံခြုံရေးနှင့် စီးပွားရေး ကဏ္ဍများ အားလုံးကို အိန္ဒိယတို့ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သည့် အတိုင်း ယခုအခါ အိန္ဒိယတို့ ရာခိုင်နှုန်း အတော်များများ ကို သူတို့ပစ်မှတ် အတိုင်း ပိုင်ဆိုင်ထား နေပြီဖြစ်သည်။ ရုရှားက စစ်ရေးအရ ဗီယက်နမ်၌ နေရာရ နေသော်လည်း စီးပွားရေးအရ ပိုင်ဆိုင်မှု ရှိသည်ဟု မဆိုနိုင်သေးပါ။ သို့သော် အိန္ဒိယကတော့ စစ်ရေးအရရော စီးပွားရေး အရပါ ဗီယက်နမ်၌ နေရာရနေပြီ ဖြစ်သည်။ ထို့ကြောင့် ယခင်က တရုတ်တို့ ဂရုစိုက်စရာ မလိုခဲ့သော အိန္ဒိယသည် ယခု အကြီးမားဆုံး ပြိုင်ဘက်ကြီး တစ်ခုဖြစ်လာ လျက်ရှိသည်။ ဗီယက်နမ် သာမက လာအိုနှင့် ကမ္ဘောဒီးယား တို့ကဲ့သို့ တရုတ်ပိုင် သည်ဟု ဆိုသောနိုင်ငံ များကိုလည်း အိန္ဒိယတို့က အရှိန်မြှင့်ပြီး တိုးမြင့် လာနေပြီး ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Friday, August 26, 2016

(၁၀)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး ( 10th ASEAN Navy Chief's Meeting ) သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် (၁၀)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး 10th ASEAN Navy Chief's Meeting တက်ရောက်လာကြသူများ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုကြစဉ်

နေပြည်တော် ၊ ၂၆-၈-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြုလုပ်သည့် (၁ဝ)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး ( 10th ASEAN Navy Chief's Meeting ) သို့ တက်ရောက်ရန် သြဂုတ်လ ၂၂ ရက်နေ့ ၇ နာရီ ၅ဝ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာ ခဲ့ရာ ကွာလာလမ်ပူ လေဆိပ်သို့ ၄င်းနေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။ လေဆိပ်တွင် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်မြင့်၊ စစ်သံမှူး (ကြည်း/ ရေ/ လေ) ဗိုလ်မှူးချုပ် ရဲနိုင်မျိုး နှင့် မလေးရှားရေတပ်မှ တာဝန်ရှိသူ များမှ ကြိုဆို ခဲ့ကြသည်။ ဆက်လက်ပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) သည် ညနေပိုင်းတွင် Royal Chulan ဟိုတယ်၌ အာဆီယံရေတပ် ဦးစီးချုပ်များနှင့် နှစ်နိုင်င တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် မလေးရှား တပ်မတော်အရာရှိ ဧည့်ရိပ်သာတွင် ပြုလုပ်သည့် (၁ဝ)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး ဖွင့်ပွဲသို့ တက်ရောက်သည်။ ဖွင့်ပွဲ အခမ်းအနားသို့ မလေးရှား
ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dato Seri Mohd Johari Bin Baharum က တက်ရောက် ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေးကို ဆက်လက် ကျင်းပရာ အာဆီယံရေတပ် ဦးစီးချုပ်များက ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့် ဆောင်ရွက်ကြရန်၊ ဒေသတွင်း အာဆီယံရေတပ်များ အနေဖြင့် သတင်း အချက်အလက် ဖလှယ်မှုများကို တိုးမြှင့် ဆောင်ရွက်ကြရန်၊ လူသားချင်း စာနာ ထောက်ထားမှုနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပူးပေါင်း ဆောင်ရွက် ကြရန်နှင့် အနာဂတ်ကာလ ရေကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် တို့ကို ဆွေးနွေးခဲ့ ကြသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် Alam Shah နန်းတော်သို့ သွားရောက်ကာ Selangor ပြည်နယ်ဘုရင်  Salahuddin Abdul Aziz Shah Alhaj နှင့်တွေ့ဆုံ၍ မြို့တော် ပူထရာဂျာရာနှင့် သမိုင်းဝင် မလက္ကာမြို့ များသို့ သွားရောက်ခဲ့ပြီး ယနေ့နေ့လယ် ပိုင်းတွင် ကွာလာလမ်ပူ လေဆိပ်မှ ပြန်လည်ထွက်ခွာ ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်တွင် ပြန်လည် ရောက်ရှိခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို တပ်မတော် အရာရှိကြီးများ၊ မလေးရှားနိုင်ငံ စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Friday, August 19, 2016

တောင်တရုတ်ပင်လယ် အတွင်း၌ တရုတ်ကိုတန်ပြန်ရန် ဂျပန်နိုင်ငံမှ ကမ်းခြေစောင့်ရေယာဉ် ၁၀ စင်း ဖိလစ်ပိုင်လက်ခံရရှိ


The BRP Tubbataha, the first of 10 patrol vessels provided by Japan, arrives at Manila port on Thursday to be assigned to the Philippine coast guard.

မနီလာ ၊ ၁၉-၈-၂၀၁၆

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေစဉ် ဖိလစ်ပိုင် အစိုးရသည် ဂျပန်နိုင်ငံမှ ကမ်းခြေစောင့် ရေယာဉ် ၁ဝ စင်းကို သြဂုတ် ၁၈ ရက်တွင် ပထမဆုံးအကြိမ် လက်ခံရရှိ ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားသည်။

BRP Tubbataha ကမ်းခြေစောင့် ရေယာဉ်များသည် ယခုအခါ မနီလာမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ၄င်းရေယာဉ်များကို ရှာဖွေရေး၊ ကယ်ဆယ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ချက် တစ်စောင်၌ ပြောကြားသည်။

သို့သော် ၄င်းရေယာဉ် များအား ဖြန့်ချသွားမည့် နေရာ အတိအကျကို ဖိလစ်ပိုင် အစိုးရက ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် ပေးပို့ခဲ့သည့် အဆိုပါ ကမ်းခြေစောင့် ရေယာဉ်များကို ဂျပန်နိုင်ငံတွင် ယင်းနိုင်ငံ အစိုးရ၏ ငွေကြေး ထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဂျပန်အစိုးရသည် ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ အခြားကင်းလှည့် ရေယာဉ် နှစ်စင်းကို ငှားရမ်းရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဖိလစ်ပိုင် အစိုးရသည် အငြင်းပွား ရေပိုင်နက်အတွင်း တရုတ်၏ လုပ်ဆောင်ချက် များကို ဆန့်ကျင်ရန်အတွက် ကာကွယ်ရေး စွမ်းရည်များအား တိုးမြှင့်နေချိန်၌ မဟာမိတ် အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့အပြင် ဂျပန်နိုင်ငံ နှင့်လည်း ကာကွယ်ရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

Philippines accepts first of 10 Japan-funded patrol vessels to beef up coast guard

မြ၀တီနေ့စဉ် ၊ စာ(၂၉)

Tuesday, August 16, 2016

ရုရှား၏ အရေးပါလာသည့် အရှေ့မျှော်စီမံကိန်းများ




( ရှိန်းထက် )

တရုတ် အပါအဝင် အိန္ဒိယနှင့် အနောက် အင်အားကြီး အုပ်စုတို့၏ အရှေ့တွင် စီးပွားရေး လမ်းကြောင်းများ အင်တိုက်အားတိုက် ထိုးဖောက် နေချိန်တွင် နှစ်လမ်းသွား စနစ်ဖြင့် အာရှသို့ တစ်ဟုန်ထိုး ဝင်ရောက် လာသူမှာ ရုရှား ဖြစ်သည်။ ရုရှား သည် စစ်ရေးအရ လွှမ်းမိုးမှု ရရှိနိုင်ရေး အတွက် ကာကွယ်ရေး စစ်လက်နက် ပစ္စည်းများကို ရောင်းချသည်။ စီးပွားရေး ကုန်သွယ်ခွင့် ရရှိရေးအတွက် စီးပွားရေး ညီလာခံကို ရုရှားမြေ၌ ပထမဆုံး ကျင်းပ ပေးသည်။

၂ဝ၁၄ ခုနှစ်မှ စတင်ဝင်ရောက် လာသော ရုရှား၏ အရှေ့တောင် အာရှဒေသ ပုံရိပ်များသည် တဖြည်းဖြည်း နှင့် ပိုမိုပီပြင် လာခဲ့သည်။ ရုရှား၏ ပထမဆုံး ပစ်မှတ်မှာ စစ်ရေးဖြစ်ပြီး အချိန်တစ်နှစ်၊ နှစ်နှစ် အတောအတွင်း မှာပင် ကာကွယ်ရေး စစ်ပစ္စည်းေ ရာင်းအားကို ၅ ဘီလီယံအထိ ရောက်အောင် ဆောင်ရွက် နိုင်ခဲ့သည်။ အာဆီယံ၏ စစ်အသုံးစရိတ် သည် ၄ဝ ဘီလီယံ ဖြစ်သည်။ ယခင်က သန်းပေါင်းရာနှင့် ချီ၍ ရောင်းနိုင်ဖို့ အရေး မနည်းကြိုးစား ခဲ့ရသော ရုရှားသည် ယခုရောင်းအား ၁၆ ရာခိုင်နှုန်း အထိ မြင့်တက် သွားခဲ့သည်။ တရုတ် နှင့် အာဆီယံဒေသ ၏ စစ်ရေးအရ တောင်တရုတ် ပင်လယ်ပြင် တင်းမာမှုသည် ရုရှား အတွက် အခွင့်အရေးကောင်း ဖြစ်သွားခဲ့သည်။ 

ယခင်က တရုတ်နှင့် အကြီးမားဆုံး မဟာမိတ် ဖြစ်ခဲ့ဖူးသော ဗီယက်နမ်သည် ရုရှား၏ စစ်လက်နက် ပစ္စည်းများကို ပိုမိုဝယ်ယူ လာခဲ့သည်။ ထို့အတူ တရုတ်နှင့် တင်းမာမှုကို အသုံးချကာ ဖိလစ်ပိုင်နှင့် ချစ်ကြည်ရေး ခရီး ထိုးဖောက်နိုင်ခဲ့ပြီး အာဆီယံ၏ စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှား နှင့်လည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုပင် ကျင်းပခွင့် ရအောင် ဆောင်ရွက် နိုင်ခဲ့သည်။ ယခု အခြေအနေတွင် စီးပွားရေးအရ ရုရှားကို အရှေ့တောင် အာရှ၌ မစိုးရိမ်ရ သော်လည်း စစ်ရေးအရ စိုးရိမ်စရာ ဖြစ်လာနေပြီ ဖြစ်သည်။ ရုရှားသည် စီးပွားရေးအရ အာဆီယံသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာသန်း ၆ဝဝ ကျော်သာ ရှိသော်လည်း စစ်ရေးအရ အာဆီယံဒေသမှာ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံမှု များလာရန် စီမံကိန်းများစွာ ရှိနေသေးသည်။ ထိုနည်းတူ စီးပွားရေး ကုန်သွယ်ခွင့် များနှင့် စိုက်ပျိုးရေး ကိုအလေး ပေးသော အရှေ့တောင် အာရှနိုင်ငံများ အတွက် လယ်ယာ စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှု များနှင့် စွမ်းအင် စီမံကိန်းများကို ရင်းနှီးမြှုပ်နှံရန် ရုရှားတို့ အကြိတ်အနယ် ဆွေးနွေးနေသည်။

အင်ဒိုနီးရှားကို ဗဟိုပြုကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ရုရှားတို့ ဆောင်ရွက်မည် ဖြစ်ပြီး ဗီယက်နမ်ကို ဗဟိုပြု၍ စစ်ရေးအရ အာရှဒေသတွင် လွှမ်းမိုးမှု ရရှိအောင် ကြိုးပမ်းတော့မည် ဖြစ်သည်။ ယခု အင်ဒိုနီးရှား တွင် အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ တန်ကြေးရှိသည့် ရေနံချက်စက်ရုံ တည်ဆောက်ရန် ရုရှားတို့စီစဉ် နေပြီး ရေနံဈေးကွက်ကို အာရှဒေသသို့ ပြောင်းရွှေ့ ဖြန့်ချိမည် ဖြစ်သည်။ ထို့ပြင် စင်ကာပူ ကမ်းလွန်၌လည်း ရုရှားတို့၏ ရေနံတူးစင် များကို တည်ဆောက်ရန် ရှိနေသေးသည်။

ရုရှားသည် အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့၏ စီးပွားရေးအရေးယူ ပိတ်ဆို့မှုများကို ခံနေရသောကြောင့် အနိမ့်ဆုံး ရေနံဈေးနှုန်း များနှင့် ဈေးအနှိမ်ခံရကာ အထိနာနေပြီး ဈေးကွက်သစ် ရှာဖွေနေသူ ဖြစ်သည်။ ယခု အရှေ့တောင် အာရှကို အခြေပြုကာ အာရှ၌ ရုရှား၏ဈေးကွက် ပြန်လည်ဦးမော့ လာဦးမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံ ကဏ္ဍပိုင်း တွင်လည်း ရုရှားတို့ နေရာရလာ ပြန်သည်။

အာဆီယံ အသိုက်အဝန်း သည် ဖွံ့ဖြိုးဆဲ ဒေသတစ်ခု ဖြစ်သောကြောင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှုသည် မပြည့်စုံနိုင် သေးပေ။ ထိုအထဲမှ ရုရှားက စွမ်းအင်ကဏ္ဍကို ရွေးချယ်ထားသည်။ တရုတ်နှင့် အိန္ဒိယတို့သည် စွမ်းအင်ကို ဝယ်သုံး ရသောကြောင့် ယင်းတို့ မဖြည့်ဆည်းပေး နိုင်သောကဏ္ဍကို အာရှ၌ မြှုပ်နှံရန် ရုရှားက ရွေးချယ်ထားသည်။ ထို့ပြင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် တန်ကြေးရှိသော  နျူကလီးယား ဓာတ်ပေါင်းဖိုများ ကို ရုရှားတို့က အရှေ့တောင် အာရှနိုင်ငံများ၌ တည်ဆောက်ရန် နိုင်ငံ့ခေါင်းဆောင် များနှင့် ဆွေးနွေး နေသည်။ ဗီယက်နမ်၌ ပထမဆုံး ရုရှားတို့ နျူကလီးယား ဓာတ်ပေါင်းဖို ကို တည်ဆောက်နေပြီး မြန်မာနိုင်ငံ အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း တို့နှင့်လည်း နျူကလီးယား စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး နေသည်။

စစ်ရေးအရ ပထမဆုံးရုရှားတို့ လွှမ်းမိုးလိုသည့် အာဆီယံဒေသတွင် ယခင်က အတိတ်ဟောင်း သမိုင်းများ အခိုင်အမာ ရှိနေခဲ့ဖူးသည်။ ထို့ကြောင့် သမ္မတပူတင် က ပြန်လည်ရယူပြီး တစ်ကမ္ဘာလုံး၌ ရုရှားစစ်တပ်ကို ဖြန့်ကြက်ချင် လာသည်။ အမေရိကန်တို့ စစ်အင်အား အရေးတကြီး ချထားပေးနေရသော အာရှ-ပစိဖိတ် ဒေသသည် ၁၉၈ဝ ပြည့်နှစ်ကာလ များက ရုရှားတို့ အခိုင်အမာ စစ်အခြေစိုက် ခဲ့သောနေရာ များဖြစ်သည်။

ယခု အာရှ-ပစိဖိတ် ဒေသသည် အမေရိကန်တို့ စစ်အင်အား ထက်ဝက်ခန့် ချထားရန်အထိ ကြိုးစားလာသော နေရာဖြစ်သည်။ ထိုနေရာသည် တစ်ချိန်က အာရှ၌ စစ်အင်အား ရှေ့ပြေးဖြစ်နေသည့် အမေရိကန် နှင့် ဂျပန်တို့ ချထားသော စစ်အင်အားထက် ပင် ရုရှားစစ်အင်အား က အာရှ-ပစိဖိတ် ၌ ပိုမိုများပြား ခဲ့သည်။ ဗီယက်နမ်သည် ရုရှား၏ သွေးသောက် ဖြစ်ခဲ့သည်။ ယခုလည်း ဗီယက်နမ်လေဆိပ် ကို ရုရှားတို့ စစ်ရေးအရ အသုံးချခွင့် ရထားခဲ့ပြီဖြစ်သည်။ ဗီယက်နမ်တို့ တည်ဆောက် နေသော ရေငုပ်သင်္ဘော ကိုလည်း ရုရှားတို့က နည်းပညာများ ပေးနေသည်။ ရုရှားသည် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းက တာဝေးပစ်ဒုံးပျံ ပစ်လွှတ်နိုင်သည့် နျူကလီးယား ရေငုပ်သင်္ဘော ပုံစံသစ်တစ်မျိုးကို ထုတ်ပြခဲ့သည်။ ဗီယက်နမ် ရေငုပ်သင်္ဘော၌ ယင်း နည်းပညာများကို တပ်ဆင်ပေး နိုင်သည်ဟု ပညာရှင် များက ဝေဖန်နေကြသည်။

ဗီယက်နမ်သည် အမေရိကန်နှင့် စစ်ရေးအရ ဆက်ဆံရေး ရှိသော်လည်း အကောင်းမွန်ဆုံး ဆက်ဆံရေး မဟုတ်ပေ။ ကျူးကျော်စစ်၏ အမေရိကန် သမိုင်းဆိုးများက ဗီယက်နမ် နှင့် အမေရိကန် တို့၏ ဆက်ဆံရေးတွင် အတားအဆီး တစ်ခုအဖြစ် ယနေ့ အချိန်ထိ ရှိနေသေးသည်။ ရုရှားက ထိုအရာကို အသုံးချပြီး ဗီယက်နမ်၌ သူ၏ စစ်တပ်ကို အခြေစိုက်ချင် နေသည်။

၁၉၈ဝ ပြည့်နှစ်က ဗီယက်နမ်ရှိ ရုရှား၏ စစ်အခြေစိုက် စခန်းသည် အာရှ-ပစိဖိတ် ရေပြင်၌ လေယာဉ်တင် သင်္ဘောနှစ်စင်း ဖြင့် ပုံမှန်ကင်းလှည့်ပြီး ရုရှားနိုင်ငံ ပြင်ပ စစ်အခြေစိုက် စခန်းထဲ၌ အကြီးမားဆုံး ဖြစ်သည်။ ယခု တရုတ်ကပါ ဗီယက်နမ် နှင့် ဆက်ဆံရေးပိုမို ဆိုးရွားလာခြင်း ကြောင့် ရုရှားက ကြားထဲက အခြေအနေ ကို အကောင်းဆုံး အသုံးချ နေသည်။ အမြန်ဆုံးနှင့် အကောင်းဆုံး ပုံစံများဖြင့် ချဉ်းကပ်လာသော ရုရှားသည် အမေရိကန် အတွက် အာရှ-ပစိဖိတ် ဒေသမှာ ပိုမိုစိုးရိမ်စရာ ဖြစ်လာနေပြီ ဖြစ်သည်။

အမေရိကန်က တရုတ်ကို စိုးရိမ်ပြီး အာရှ-ပစိဖိတ် ဒေသကို စစ်အင်အားတိုးမြှင့် ချထားရန် စီစဉ်နေသည့် အပြင် ရုရှားကပါ ဝင်လာပြန်သည်။ တရုတ်နှင့် ရုရှား ကလည်း မဟာမိတ် တို့ကြောင့် အမေရိကန်တို့ ဗီယက်နမ်၌ ရုရှား စစ်အခြေစိုက်စခန်းမရှိ ရအောင် ကြိုးစားရတော့မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အာရှ ချိန်ခွင်လျှာ ထိန်းညှိရေးတွင် အမေရိကန် အတွက် ပြဿနာရှိလာ နိုင်သည်။ ယခု ရုရှားက Fer East ဟူသော ခေါင်းစဉ်ဖြင့် အာရှ-ပစိဖိတ် ဒေသက အမေရိကန် ဒေါ်လာ ထရီလီယံနှင့် ချီ၍ တန်ကြေးရှိသော အာဆီယံ ဈေးကွက်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေပြီး ယခုပင် နေရာ တစ်နေရာ ရရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ရုရှား၏ အရှေ့မျှော် Fer East မူဝါဒ အောင်မြင်လေ အမေရိကန် တို့အတွက် ပြဿနာတက်လေ ဖြစ်သည်။ သို့သော်လည်း ယခု ရုရှားသမ္မတ ပူတင် ဦးဆောင်သော ရုရှား အစိုးရသည် အာဆီယံနှင့် နွေးထွေးသော ဆက်ဆံမှုများကို ရရှိထားပြီး ထိုဆက်ဆံမှုသည် ပိုမိုခိုင်မြဲ လာရန် ရာခိုင်နှုန်းပိုများ နေပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Sunday, July 31, 2016

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်



ရန်ကုန် ၊ ၃၁-၇-၂၀၁၆

(၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည် ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကျော်ကျော်ခေါင် က ပြောသည်။

အဆိုပါ အားကစားပြိုင်ပွဲ တွင် အာဆီယံ နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ယှဉ်ပြိုင်မည့် အားကစားနည်း များကို အာဆီယံ တက္ကသိုလ်များ အားကစား ကောင်စီ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး မည်ဖြစ်ပြီး ပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ၂ဝ ရက်အထိ ကျင်းပရန် လျာထားကြောင်း သိရသည်။

''တက္ကသိုလ်တွေမှာ အားကစားပြိုင်ပွဲတွေ လုပ်ရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အကူအညီ မပါဘဲလုပ်လို့ မရပါဘူး။ နည်းစနစ်ပိုင်း ဆိုင်ရာမှာ ဆိုရင် ဝန်ကြီးဌာနရဲ့အကူအညီတွေ အများကြီး လိုပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် အာဆီယံတက္ကသိုလ် များ အားကစားပြိုင်ပွဲ ပြုလုပ်ရန် တက္ကသိုလ်အသီးသီး မှကျင်းပသည့် ကျောင်းတွင်း အားကစား ပြိုင်ပွဲများက များစွာ အထောက်အကူ ပြုကြောင်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ဇူလိုင် ၂၉ ရက်က ကျင်းပသည့် နေ့သင်တန်း ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် ကာယဗလမောင်၊ ကာယကြံ့ခိုင်မှု နှင့် ကာယအလှမယ် ပြိုင်ပွဲသည် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ တွင် အရေးပါသည့် အားကစားနည်း တစ်ခု ဖြစ်ကြောင်း၊ ယင်း အားကစားပြိုင်ပွဲ များတွင် ဉာဏ်ရည်မြင့်သည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များပါဝင်နိုင်ခွင့် ရရှိနိုင်စေရန် ကျောင်းတွင်း ပြိုင်ပွဲများကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အာဆီယံ အားကစား ကောင်စီနှင့် အာရှတက္ကသိုလ် အားကစား
ကောင်စီတို့တွင် အထောက်အပံ့ များကို တောင်းခံပြီး ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၅)

Sunday, July 24, 2016

လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု ကွန်ဖရင့် ကျင်းပမည်



ရန်ကုန် ၊ ၂၄-၇-၂၀၁၆

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ပူးပေါင်း ပါဝင်မှု၊ ဗီယက်နမ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ဖြိုး တိုးတက်ရေးဘဏ် (BIDV) ၊ Hoang Anh Gia Lai ( HAGL) Corporation ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ အသင်းတို့၏ ပံ့ပိုးကူညီ မှုဖြင့် လေးနိုင်ငံ ခရီးစဉ်ဒေသ တစ်ခု (Four Countries-One Destination) ကွန်ဖရင့်ကို လေးနိုင်ငံ ခရီးသွားလုပ်ငန်း ချိတ်ဆက် ဆောင်ရွက်ခြင်း နှင့် ဘဏ်လုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာ ပေါင်းစည်း ဆောင်ရွက်ခြင်း (Connecting Tourism and Expanding Cooperation in Banking Sector) ခေါင်းစဉ်ဖြင့် ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၁ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ကွန်ဖရင့် သို့ ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ နှင့် ဗီယက်နမ် CLMV လေးနိုင်ငံမှ အကြီးအကဲများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ နှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဘဏ်လုပ်ငန်း ဆိုင်ရာ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဗီယက်နမ် ရင်းနှီးမြှုပ်နှံ သူများ အသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်း များမှ ကိုယ်စားလှယ်များ တက်ရောက် ကြမည် ဖြစ်သည်။ 

ကွန်ဖရင့် ကာလအတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် CLMV လေးနိုင်ငံမှ ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး၊ ဘဏ်လုပ်ငန်း ဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များ၏ အစည်းအဝေးများ ကျင်းပသွားမည် ဖြစ်ပြီး လေးနိုင်ငံ ခရီးစဉ်ဒေသ များအကြား ချိတ်ဆက် ဆောင်ရွက်သွားရန်၊ အတူတကွ ဈေးကွက် မြှင့်တင်ကြရန်နှင့် ဘဏ်လုပ်ငန်း  ဆိုင်ရာများ ပိုမို ကျယ်ပြန့်စွာ ပေါင်းစည်း ဆောင်ရွက်သွားရန် တို့ကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။

ယင်း ကွန်ဖရင့်ကို CLMV အဖွဲ့ဝင် နိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက် နိုင်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များအား ဖိတ်ခေါ်ရန်နှင့် လေးနိုင်ငံ အကြား သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းနှင့် လူမှု အဖွဲ့အစည်း အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း အကြို စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Wednesday, July 13, 2016

လုပ်ငန်းကျွမ်းကျင်မှု အမျိုးအစားများထဲမှ ၁၅ မျိုးကို အာဆီယံ ကျွမ်းကျင်လက်မှတ် ထုတ်ပေးမည်



ရန်ကုန် ၊ ၁၃-၇-၂၀၁၆

လုပ်ငန်း ကျွမ်းကျင်မှု အမျိုးအစား ပေါင်း ၉ဝ ကျော်တွင် ၁၅ မျိုးနီးပါးကို အာဆီယံ ကျွမ်းကျင် လက်မှတ် ထုတ်ပေးရန် စီစဉ်နေပြီး လက်ရှိတွင် ပြည်တွင်း၌ အဆိုပါ လက်မှတ်ရရှိသူ ဦးရေ ၂၉ဝ ကျော် ရှိကြောင်း အလုပ်သမား ရေးရာ ညွှန်ကြားရေး ဦးစီးဌာန မှ သိရသည်။

ပထမအဆင့် အနေဖြင့် လုပ်ငန်း အမျိုးအစား ၂၅ မျိုး ရွေးချယ် ထားပြီး ကျန်လုပ်ငန်း ၁၄ မျိုးကိုလည်း ၂ဝ၁၆ ခုနှစ်အတွင်း လက်မှတ် ထုတ်ပေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အာဆီယံ ခရီးသွား လုပ်ငန်း ကျွမ်းကျင်မှု စံ သတ်မှတ်ချက်များ အခြေခံ သင်ရိုးညွှန်းတမ်း ပြုစုရေး နည်းဆရာဖြစ် သင်တန်းဖွင့်ပွဲများ ဖွင့်လှစ်မည် ဖြစ်သည်။ 

အာဆီယံ လုပ်ငန်း ကျွမ်းကျင်မှု လက်မှတ် ထုတ်ပေးပြီး သည့် လုပ်ငန်း ၁၁ မျိုးမှာ ဟိုတယ်လုပ်ငန်း များအတွက် ဝိတ်တာ ဝန်ဆောင်မှု၊ အိပ်ခန်းဆောင် ထိန်းသိမ်းခြင်း နှင့် တခြားလုပ်ငန်း များအတွက် ဂဟေဆော်ခြင်း၊ အဲကွန်း ပြုပြင်ခြင်း၊ လျှပ်စစ်နှင့် ဝိုင်ယာရိန်း၊ ဆောက်လုပ်ရေး လက်သမား၊ ပရိဘောဂ လက်သမား လုပ်ငန်း၊ အုတ်စီခြင်း လုပ်ငန်း၊ စက်ချုပ်ခြင်း၊ အရောင်း ဝန်ထမ်းနှင့် အရောင်းငွေကိုင် တို့ဖြစ်ကြောင်း သိရသည်။

''ဒီ ကျွမ်းကျင်မှု လက်မှတ် ရရှိထားရင် အာဆီယံ နိုင်ငံတွေထဲက ဘယ်နိုင်ငံ သွားသွား အသိအမှတ် ပြုတယ်။ ကိုယ်ရထားတဲ့ ကျွမ်းကျင်မှု (Level) အလိုက် လစာရော၊ အကျိုးခံစားခွင့် ရော၊ ဥပဒေအရ ရော အကာအကွယ် ပေးတယ်'' ဟု အဆိုပါ လက်မှတ် ကိုင်ဆောင်ထား သူ ဦးမိုးဝေ က ပြောသည်။

လက်ရှိ ကျွမ်းကျင် လက်မှတ်ရသူ ဦးရေ များပြားလာရေး အတွက် မန္တလေးမြို့၌ ရုံးခွဲ ထပ်မံ ဖွင့်လှစ်၍ လက်မှတ် ထုတ်ပေးနိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Monday, July 11, 2016

အာရှဖွံ့ဖြိုးရေးဘဏ်က အိန္ဒိယ မြန်မာ နှင့် ထိုင်း ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရေး စီမံချက်တစ်ရပ်အား အဆိုပြုထား



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရေး စီမံချက် တစ်ရပ်ကို အဆိုပြုထားပြီး သက်ဆိုင်ရာ နိုင်ငံများ ကြားတွင် သဘောတူညီမှု ရရှိရန် ကြိုးပမ်း သွားမည်ဟုလည်း အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သတင်းထုတ်ပြန် ခဲ့သည်။

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့ကို ချိတ်ဆက်မည့် အဝေးပြေးလမ်း သည် ကီလိုမီတာ ၁၂ဝဝ ရှိပြီး အာဆီယံနိုင်ငံ များနှင့် အိန္ဒိယနိုင်ငံ ကြားတွင် ကုန်သွယ်မှု အားကောင်းလာ စေရန် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

ထို့ပြင် အဝေးပြေးလမ်း ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သော မန္တလေးနှင့် မိုရေးမြို့တို့ကို ချိတ်ဆက်ထားသည့် လမ်းပိုင်း၌ လမ်းပိုင်း အဆင့်မြှင့်တင် ခြင်းနှင့် တံတားဟောင်းများ ပြုပြင်ခြင်း၊ တံတားသစ်များ ထပ်မံ တည်ဆောက်ခြင်း အတွက် အိန္ဒိယ အစိုးရမှ ဘဏ္ဍာရေး အကူအညီများ ပေးသွားမည် ဖြစ်သည်။ မန္တလေးနှင့် မိုရေးကို ချိတ်ဆက် ထားသည့် လမ်းပိုင်းတွင် တံတား ၇၃ စင်းကို ပြင်ဆင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်း များပြုလုပ် ရမည် ဖြစ်သည်။

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ဒါရိုက်တာ တစ်ဦးဖြစ်သော Yasushi Negishi က အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့ကို ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်း ပြေးဆွဲရန် သဘော တူညီမှု ရရှိရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကာ လာမည့်နှစ်တွင် ဘတ်စ်ကားလိုင်း စတင် ပြေးဆွဲနိုင်ရန် ရည်မှန်း ထားကြောင်း ပြောကြား ခဲ့သည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, July 7, 2016

တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘောများကို မျက်စိကျသွားခဲ့သည့် ထိုင်း


The Royal Thai Navy will buy its first submarine from China in the coming fiscal year, 

( ရှိန်းထက် )

၂ဝ၁၄ ခုနှစ်မှ စတင်ကာ တရုတ်အစိုးရ နှင့် သွေးသောက် ညီအစ်ကိုများ ဖြစ်သွားခဲ့သော ထိုင်းအစိုးရသည် ၂ နှစ်ဆိုသည့် အချိန် အတောအတွင်း မှာပင် စစ်ရေး လေ့ကျင့်မှု များကို ပူးတွဲပြုလုပ် နိုင်ခဲ့ပြီး ဘီလီယံနှင့် ချီသည့် ရင်းနှီးမြှုပ်နှံမှု များကို ပြုလုပ်နိုင်ခဲ့သည်။

ထို ၂ နှစ်ဆိုသည့် အတောအတွင်းမှာ ထိုင်းနှင့် တရုတ် ကုန်သွယ်မှု တန်ဖိုးသည် ထိုင်းနှင့် အကြီးမားဆုံး ကုန်သွယ်ဖက် ဂျပန်ကိုပင် ၂ ရာခိုင်နှုန်း အထိ ကျော်တက်သွား ခဲ့သည်။ ၂ဝ၁၄ ခုနှစ် နောက်ပိုင်း ကာလများက တရုတ်နှင့် ထိုင်း ကုန်သွယ်ဖက် တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၄၂၈ သန်းသာ ရှိခဲ့သည်။ ထိုအချိန် ကတည်းက ထိုင်းနှင့် ဂျပန် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ပြည့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ၂ဝ၁၅ ခုနှစ် ကုန်သွယ်ရေး စာရင်းရှင်းတမ်း တွင် တရုတ် နှင့် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံ အထိ ဖြစ်သွားခဲ့သည်။

ယခုလည်း ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ က တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော များကို ဝယ်ယူရန် မျက်စိကျ နေသည်ဟု ဝေဖန်သံများ မဆုံးသေးမီ၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော ဝယ်ယူ တော့မည်ဟု ထိုင်းအစိုးရက အတည်ပြု ခဲ့ပြီး ဖြစ်သည်။ ဘီလီယံနှင့်ချီ တန်သည့် ရေငုပ်သင်္ဘော ဝယ်ယူရေး သဘော တူညီချက်တွင် ထိုင်းက တရုတ်တို့ထံမှ ရေငုပ်သင်္ဘော သုံးစင်း ဝယ်ယူမည် ဖြစ်သည်။ ရေငုပ်သင်္ဘော တန်ဖိုးကို ထိုင်းက ၁ဝ နှစ် အရစ်ကျဖြင့် တရုတ်အစိုးရကို ပေးဆပ်မည် ဖြစ်သည်။ ယခင်က ရေငုပ်သင်္ဘော များကို ထိုင်းက ဂျာမနီနှင့် တောင်ကိုရီးယား တို့ထံမှ ဝယ်ယူရန် စီစဉ်ထား ခဲ့သည်။ ယခု တရုတ်ဆီသို့ ပြောင်းလဲသွား ခဲ့ပြီဖြစ်သည်။

တရုတ်သည် ထိုင်းနှင့် ကုန်သွယ်ရေးတွင် အကြီးမားဆုံး ဖြစ်နေသော်လည်း တခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် လူထု အခြေပြု လုပ်ငန်းများ ကူညီရေးတွင် အဆင့် (၅) ပင်မဝင်သူ ဖြစ်သည်။ ထိုင်းနိုင်ငံအား ဖွံ့ဖြိုးရေး အထောက်အကူ အများဆုံး ပေးထားသည့် နိုင်ငံများသည် အမေရိကန်၊ ဥရောပနိုင်ငံများ၊ တောင်ကိုရီးယား နှင့် ဂျပန် တို့ဖြစ်သည်။ သို့သော် ထိုင်းသည် ၂ဝ၁၄ ခုနှစ် နောက်ပိုင်းတွင် တရုတ်ဘက်သို့သာ ခြေစုံပစ်ဝင် ခဲ့သည်။ 

စစ်ဘက်တွင် သာမက စီးပွားရေး တွင်လည်း တရုတ်ကိုသာ နေရာပေးလာသည်။ ယခု ရေငုပ်သင်္ဘော ကို တရုတ်ဆီက ဝယ်လိုက်သောကြောင့် အာရှတွင် စစ်ရေး အခိုင်မာဆုံး မဟာမိတ်များ ဖြစ်ခဲ့သည့် အမေရိကန်ကို ကန်ထုတ်ချင် သောကြောင့်လား ဟူသည့် မေးခွန်းများက မေးစရာ ဖြစ်လာခဲ့သည်။

၂ဝ၁၄ ခုနှစ် အာဏာမသိမ်းမီ အချိန်ထိ ထိုင်းဘုရင့် တပ်မတော်နှင့် အမေရိကန် စစ်ဘက်တို့ စစ်ရေး လေ့ကျင့်မှုသည် တစ်နှစ်လျှင် အကြိမ် ၄ဝ ကျော်ရှိသည်။ သို့သော် ယခု ထိုင်းနှင့် အမေရိကန် ဆက်ဆံရေးမှာ ကျဲသွားခဲ့ပြီး စစ်ရေး  လေ့ကျင့်မှု များလည်း ယခင်ကလောက် မရှိတော့ပေ။ ထိုင်းအတွက် ကတော့ လျော့ကျ သွားသော အမေရိကန်နှင့် စစ်ရေး လေ့ကျင့်မှု နေရာတွင် တရုတ်နှင့် အစားထိုးဖို့ ကြံစည်နေသည်။

၂ဝ၁၄ ခုနှစ်တွင် ယခု ဝန်ကြီးချုပ် ပရာယုသ်ချန် အိုချာ ထိုင်းနိုင်ငံကို စစ်ဦးစီးချုပ် အနေဖြင့် အာဏာသိမ်း ခဲ့သည်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ နှင့် မိတ်ဖက်နိုင်ငံ အားလုံးနီးပါးက ဝိုင်းဝန်းရှုတ်ချ ကြသည်။ ထို့နောက် ထိုင်းနှင့် အမေရိကန် ဆက်ဆံရေးကို ပိုဆိုးသွား စေသည်မှာ လူကုန်ကူးမှု ကိစ္စများတွင် ထိုင်းစစ်ဘက် အရာရှိများ ကိုယ်တိုင် ပါဝင်ခြင်းနှင့် ကျွန်း ရေလုပ်သား အဓမ္မ ခိုင်းစေခြင်း တို့ကြောင့် ဖြစ်သည်။ ထိုင်းသည် ကမ္ဘာ့ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း တွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေသူ ဖြစ်သည်။

ယခု ထိုင်း ရေလုပ်ငန်းများ ကမ္ဘာ့  ဈေးကွက်သို့ အမေရိကန် ကြောင့် တင်ပို့ခွင့် ပိတ်ပင်ခံထား ရသည်။ တင်ပို့စရာ ဆို၍ တရုတ်နှင့် ရုရှား ဈေးကွက်သာ ရှိတော့သည်။ ထိုင်းတို့ တရုတ်ဘက် သို့ ပြောင်းလဲ သွားခြင်းမှာ တရုတ်အစိုးရက ထိုင်းအစိုးရ၏ အာဏာသိမ်းမှု များကို ဝေဖန်ခြင်း မပြုဘဲ မျက်ကွယ်ပြု ထားခဲ့ခြင်း ကြောင့်ဖြစ်သည်။ တရုတ် နိုင်ငံမှ ထိပ်တန်း အရာရှိများကို ထိုင်းသို့ နှစ်စဉ် အလည်အပတ် သွားရောက် စေကာ ထိုင်းအစိုးရကို တရုတ်တို့ ဘယ်လောက် အလေးထားကြောင်း ပြသသည်။ ထိုင်းမင်းသမီး သီရိဒုံ ကိုလည်း နှစ်စဉ် တရုတ် အစိုးရ၏ ထိပ်တန်း ဧည့်သည်တော် အဖြစ် နိုင်ငံတော် အခမ်းအနား များဖြင့် ကြိုဆို ဖိတ်ခေါ်သည်။ ထိုင်းလက်ရှိ အစိုးရကို ဆန့်ကျင်သော ရှပ်ဝါ ဆန္ဒပြ သမားများကို တရုတ်တို့က ရှုတ်ချ အပြစ်တင်သည်။

ထိုင်းအတွက် တရုတ်ကို ဘဝင်တွေ့သွား စေသည့် အကြောင်းရင်း နောက်တစ်ချက် မှာ၂ဝ၁၄ ခုနှစ် အာဏာသိမ်းစဉ် ကာလအတွင်း အမေရိကန် နှင့် အနောက် အုပ်စုက ထိုင်းကို စီးပွားရေး ပိတ်ပင်ပြီး စစ်ဘက် ဆက်ဆံရေး အတိုင်းအတာ တစ်ခုအထိ ဖြတ်တောက် ထားစဉ်တွင် တရုတ်က ပြည်တွင်းရေးကို ထိုင်းအစိုးရ အနေဖြင့် ငြိမ်းချမ်းစွာ ကိုင်တွယ် သင့်သည်။ လိုအပ်သည့် အကူအညီ များကို တရုတ်အစိုးရ က ထောက်ပံ့ပေးမည် ဆိုသည့်ဇာတ်ကွက် ဖြစ်သည်။

တရုတ်သည် ထိုင်းကို အမေရိကန် တို့က စီးပွားရေး အတွက် အနုတ်လက္ခဏာ ပြနေချိန်တွင် ကုန်သွယ်ရေး များကို ထိုင်းစီးပွားရေး အထိ မနစ်နာ စေရအောင်ဟု ဆိုကာ တိုးမြှင့် ပြုလုပ်ပေးသည်။ ၂ နှစ်ဆိုသည့် အချိန်အတွင်း မှာပင် ၁ ဘီလီယံကျော် အထိ ကုန်သွယ် နိုင်အောင် တရုတ်တို့ ပြုလုပ်ပေး ခဲ့သည်။ တရုတ်၏ အာဘော်နှင့် ရက်ရောသော ကုန်သွယ်မှုများကို ဘဝင်တွေ့သွား ခဲ့သော ထိုင်းအစိုးရ သည် ထိုနောက်ပိုင်းတွင် တရုတ်မှ တရုတ် ဖြစ်သွားခဲ့ တော့သည်။ တရုတ်၏ ထိုင်းကို ဆွဲဆောင်မှုက ပညာသား ပါလှသည်။ ထိုင်းပို့ကုန် ဈေးကွက် သည်လည်း ပြိုင်ဆိုင်မှု အင်အား သိပ်မရှိလှဘဲ ရခဲ့သလို အမေရိကန် ကို ထိုင်းနိုင်ငံမှ တစ်ခါတည်း ကန်ထုတ်ပြီးသား ဖြစ်အောင် လုပ်နိုင်ခဲ့၍ အဆင်ပြေ သွားစေသည့် တရုတ်၏ အကွက် ဖြစ်သည်။

ယခု နောက်ထပ် မက်လုံးများ ကလည်း ထိုင်းအတွက် သဘောတွေ့ စေပြန်သည်။ အိုဟောင်း နေသော ထိုင်းရထားလမ်း များကို အမြန်ရထားလမ်း အဖြစ် တရုတ် အစိုးရက ပြုပြင်ပေးမည်။ ထို့ပြင် ဗန်ကောက် မြေအောက် ရထားလမ်း စီမံကိန်းကိုလည်း တရုတ်က သူ့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပါဝင်သည့် စီမံကိန်းဖြင့် ပြုလုပ်ပေး ဦးမည်ဖြစ်သည်။ ထိုင်းဈေးကွက် တစ်ခုလုံးကို တရုတ်တို့ အပိုင်ရရန် ကြိုးစားနေခြင်း ဖြစ်သည်။

၁၉၉၃ ခုနှစ်မှ စတင်ကာ၂ဝ၁၄ ခုနှစ်အထိ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ခဲ့သော ဂျပန်ကိုလည်း ထိုင်းတို့အားနာ မနေနိုင်တော့။ အခြေခံ အဆောက်အအုံ စီမံကိန်းများ အားလုံးကို တရုတ်သို့ ပေးသည်။ ဘီလီယံနှင့် ချီသည့် ရင်းနှီးမြှုပ်နှံမှု များကို တရုတ်ကို ပေးသည်။ စစ်ဘက် ပူးပေါင်းမှုများ အားလုံးကိုလည်း တရုတ်နှင့် ပြုလုပ် နေပြန်သည်။ ယခု ရေငုပ်သင်္ဘော ဝယ်ယူမည့် ကိစ္စတွင်လည်း ဂျာမနီ နှင့် တောင်ကိုရီးယား မှဝယ်ရန် အစီအစဉ်ကို ချက်ချင်းပင် တရုတ်ဘက်သို့ ပြောင်းခဲ့သည်။

တရုတ်နှင့် ထိုင်းအစိုးရ ဆက်ဆံရေး မည်မျှခိုင်မာ နေသည်ကို ထို အကြောင်းအရာ များအားကြည့်ပြီး သိနိုင်သည်။ ရှေ့ဆက်မည့် အနာဂတ် ခရီးကလည်း ထိုင်းနှင့်တရုတ် ဆက်ဆံရေးတွင် သာယာ နေပြန်သည်။ ထို့ကြောင့် တရုတ်နှင့် လမ်းကြောင်း ကောင်းနေသော ထိုင်းဆက်ဆံရေး က မဝေးတော့သည့် အနာဂတ်တွင် တရုတ် တို့ကြောင့် ထိုင်းနိုင်ငံမှ အမေရိကန်တို့ အလိုအလျောက် ထွက်ခွာသွား ရမည့် အချိန်သို့ ရောက်ရှိလာ တော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် များ၏ ဘွဲ့လက်မှတ်များကို အာဆီယံအဆင့် အသိအမှတ်ပြုရန် စီစဉ်



ရန်ကုန် ၊ ၇-၇-၂၀၁၆

ပညာရေး ဝန်ကြီးဌာန၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ပထမငါးနှစ် စီမံကိန်းတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မှစ၍ မြန်မာနိုင်ငံ အတွင်းရှိ တက္ကသိုလ် များ၏ ဘွဲ့လက်မှတ်များကို အာဆီယံအဆင့် အသိအမှတ် ပြုရန် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

''တက္ကသိုလ်တွေက ဘွဲ့လက်မှတ် အသိ အမှတ် ပြုဖို့ လိုပါတယ်။ ဒါမှ လုပ်ငန်းခွင်နဲ့ တိုက်ရိုက် ချိတ်ဆက် လာနိုင်ပါမယ်'' ဟု အဆင့်မြင့် ပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် အရည်အသွေး ရှိသည့် မူဘောင် လုပ်ငန်းစဉ်များ စတင်ချမှတ်ပြီး နိုင်ငံတကာ တက္ကသိုလ် အဖွဲ့အစည်းများ၊ ပညာရေး အဖွဲ့အစည်း များနှင့် ပူးပေါင်း တိုးချဲ့ခြင်း၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်၊ ဥပဒေ ဘာသာရပ်၊ စီးပွားရေး ဘာသာရပ် သင်ကြားမှု မြှင့်တင်ရေးနှင့် တက္ကသိုလ်ဝင်ခွင့် ပြောင်းလဲရေး အစရှိသည့် ပညာရေး မူဝါဒများကို ပြောင်းလဲရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘွဲ့ ကြိုတန်း တက္ကသိုလ် ကျောင်းသားများ နိုင်ငံတကာ ပညာရေးနှင့် ချိတ်ဆက်ရာတွင် အသိအမှတ်ပြု မခံရခြင်း၊ နိုင်ငံတကာ၌ သွားရောက် သင်ကြား လိုသော်လည်း အရည်အသွေး အကဲဖြတ်မှု ပုံစံကွာခြား နေခြင်းတို့ကြောင့် အခက်အခဲ ဖြစ်ပေါ် နေခြင်းနှင့် ကျောင်းဝင်ခွင့် ကွဲလွဲနေခြင်း စသည် တို့ကို ပြုပြင်ပြောင်းလဲ သင့်ကြောင်း ပုသိမ် တက္ကသိုလ် သမိုင်းဌာနက ကထိက ဦးသန်းထိုက်အောင် က ပြောသည်။

ထို့ပြင် တက္ကသိုလ်တိုင်း ၌ ဘဏ္ဍာရေး လွတ်လပ်ခွင့်၊ ဘာသာရပ် ဆိုင်ရာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်၊ ဆရာ၊ ဆရာမ ခန့်ထားရေး စီမံခန့်ခွဲခွင့် များဖြင့် အကောင်အထည် ဖော်ခြင်း၊ မိမိတက္ကသိုလ် ၏ လိုအပ်ချက်နှင့် အညီ သင်ကြားရေး မဟာဌာန များကိုဖွဲ့စည်း နိုင်ခြင်း၊ လိုအပ်ချက်နှင့် အညီ ဆရာ၊ ဆရာမများကို လိုအပ်သလို ခန့်ထား ခွင့်ပြုခြင်း တို့အပါအဝင် ရန်ပုံငွေ ရှာဖွေနိုင်သည့် အခွင့်အရေး များကိုလည်း ပေးအပ်သွားရန် လိုကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၄)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger