www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label နှစ်သစ်ဆုတောင်း. Show all posts
Showing posts with label နှစ်သစ်ဆုတောင်း. Show all posts

Monday, April 3, 2017

နှစ်သစ်ကူးသည့် တန်ခူးလ


နှစ်သစ်ကူးသည့် တန်ခူးလ

မြန်မာပြက္ခဒိန် (၁၂)လတွင် တန်ခူးလသည် နွေဥတုအလယ် နေပူရှိန် ပြင်းထန်သည့် အခါဖြစ်သည်။ တန်ခူးလကို နက္ခတ္တဗေဒ အလိုအားဖြင့် မိဿရာသီ ဟု ခေါ်၍ ထိုလတွင် စိတြနက္ခတ္တစန်း နှင့်ယှဉ်၍ မွန်းတည့်သည်။

ရာသီရုပ်မှာ ဆိတ်ရုပ်ဖြစ်၍- ရာသီပန်းမှာ ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ရင်ခတ်ပန်း၊ ဇလပ်ပန်း၊ စွယ်တော်ပန်း တို့ဖြစ်သည်။ နေ့တာ၊ ညတာ ညီမျှသော လဖြစ်သည်။ တန်ခူးလသည် ရက်မစုံလကွယ် သဖြင့် ရက်ပေါင်း ၂၉ ရက်သာ ရှိသည်။ တန်ခူးလတွင် မြန်မာတို့က နှစ်သစ်ကူး၊ သင်္ကြန် ရေသဘင်ပွဲတော် ဆင်နွှဲလေ့ ရှိသည်။

နှစ်သစ်ကူးချိန်သည် လူတစ်မျိုးနှင့် တစ်မျိုး မတူကြ သကဲ့သို့ပင် နှစ်ကူးပွဲတော် ကျင်းပပုံချင်းလည်း မတူကြချေ။ မြန်မာတို့၏ နှစ်သစ်ကူးပွဲကို ''သင်္ကြန်''ဟု ခေါ်သည်။ သင်္ကြန်သည်၊ သင်္ကန္တ ဟူသော၊ ပါဠိမှလာ၏။ ''နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည်'' ဟူသော အနက်အဓိပ္ပာယ် ရသည်။ နှစ်သစ်ကို ကြိုဆိုသည့် သဘောဖြင့် မြန်မာတို့သည် ရေပက်ကစား ကြသည်။

လာမည့်နှစ်သစ်တွင် အညစ်အကြေး ဘေးဘယာ ကင်းစင်၍ ကြည်လင်အေးမြ စေရန် ရည်သန်သည့် သဘောဖြစ်၏။ လူကြီးမိဘ ဆရာသမားတို့အား ပူဇော် ကန်တော့ခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ အညစ်အကြေး အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ဦးခေါင်းဆေးခြင်း၊ စေတီပုထိုး ကျောင်းကန်များတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါနပြုခြင်း၊ ဘုရားပုထိုး၊ ရုပ်ပွားတော်များကို ရေသပ္ပာယ်ခြင်းများ ပြုလုပ်ကြသည်။ မြန်မာတို့၏ကျင်းပမြဲဖြစ်သော ဆယ့်နှစ်ရာသီ ပွဲတော်များတွင် ''သင်္ကြန် ရေသဘင်ပွဲတော်'' သည် အလွန်ကြီးကျယ် စည်ကားသော အမျိုးသားပွဲတော် တစ်ခုဖြစ်သည်။ မြန်မာလူမျိုး တို့သည် သင်္ကြန်ချိန်၌ နတ်ပြည်မှ သိကြားမင်း လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြ၏။

ပကတိရေစင်သည် အညစ်အကြေး တို့ကို စင်ကြယ်သန့်ရှင်း စေရန် ဆေးကြောနိုင်၏။ ထို့အတူ ဒုစရိုက် အညစ်အကြေး တို့ကို ကိုယ်ကျင့် သိက္ခာဖြင့် ဆေးကြောသင့် ပေသည်။ မသင့်လျော်သော၊ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို မပြုတော့ဟူသော အဓိဋ္ဌာန်ဖြင့် စိတ်ကိုထိန်းသိမ်း သွားရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း စဉ်လာများကို မြန်မာပြည်သူများ ဆက်ခံကျင့်သုံးပြီး နှစ်သစ်မင်္ဂလာ အခါသမယတွင် ကမ္ဘာသူ၊ ကမ္ဘာသားများ အနိဋ္ဌာရ ပပျောက်ပြီး ဣဋ္ဌာရုံ အပေါင်းနှင့် ပြည့်စုံပါစေ၊ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းကြပါစေ၊ မကောင်းသော စိတ်ဓာတ်များ ပယ်ရှားပြီး ကောင်းသော စိတ်ဓာတ်များ မွေးမြူနိုင်ကြပါစေ၊ အရှက်နှင့် အကြောက် လောကပါလ တရားနှစ်ပါး ထွန်းကားကြပါစေ၊ ဗြဟ္မာ့ဝိဟာရ တရားလေးပါး ထွန်းကားပြန့်ပွား ကြပါစေ၊ မင်္ဂလာ တရားတော်များ ထွန်းကားပြန့်ပွား ကြပါစေ ဟု ဆန္ဒပြု ရေးသားတင်ပြ လိုက်ရပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

Monday, April 11, 2016

ယဉ်ကျေးသိမ်မွေ့စွာဆင်နွှဲ နှစ်သစ်ကူးသင်္ကြန်ပွဲ


ယဉ်ကျေးသိမ်မွေ့စွာဆင်နွှဲ နှစ်သစ်ကူးသင်္ကြန်ပွဲ

မြန်မာပြက္ခဒိန် ဆယ့်နှစ်လရာသီတွင် တန်ခူးလသည် နှစ်သစ်၏ ပထမလဖြစ်ပြီး တန်ခူးလ၌ ကျင်းပသည့် နှစ်သစ်ကူးသင်္ကြန် ပွဲတော်သည် ရက်အရှည်ကြာ ဆုံးနှင့် အစည်ကားဆုံး ပွဲတော်ဖြစ်သည်။

သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကြန္တ ဟူသော သက္ကတစကားနှင့် သင်္ကန္တ ဟူသော ပါဠိစကားတို့မှ ဆင်းသက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာအလို အားဖြင့် ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပာယ် ရသဖြင့် နှစ်ဟောင်း မှ နှစ်သစ်သို့ ကူးပြောင်းခြင်း ပင် ဖြစ်သည်။ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်သည် ပျော်ပွဲရွှင်ပွဲ သက်သက်သာ မဟုတ်ဘဲ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု နှင့် သိမ်မွေ့သော စရိုက်လက္ခဏာတို့ လွှမ်းခြုံသော ပွဲတော်ဖြစ်သည်။

မြန်မာ့နှစ်သစ်ကူး တန်ခူးလ အတာသင်္ကြန် ပွဲတော်သည် ပူအိုက်သော ရာသီဖြစ် သဖြင့် ရေစင် အေးအေးဖြင့် ပက်ဖျန်းကြ ရာတွင် မိသားစု စိတ်ဓာတ်ဖြင့် ယဉ်ကျေးစွာ ပက်ဖျန်းကြရန် ဂီတ ပညာရှင်များက ''လောင်းလောင်း လောင်းလိုက်ပါ၊ ရွှဲအောင် လောင်း လိုက်ပါ၊ ပက်ပက် ပက်လိုက်ပါ၊ ညီမလေး တွေလည်းပါ'' ဆိုသော တေးသံဖြင့် ဖျော်ဖြေ တင်ဆက် သတိပေး ကြခြင်း ဖြစ်သည်။ ဤသို့ မိသားစု စိတ်ဓာတ်ဖြင့် ယဉ်ကျေး ပျူငှာစွာ ရေပက်ကစား ကြသည်မှာ ယခုနှစ် အတွက်သာ မဟုတ်ဘဲ နောင်နှစ်များမှာ ဆက်လက်၍ ခင်မင်ရင်းနှီးစွာ ဆုံတွေ့လိုသော ဆန္ဒဖြင့်''နောင်နှစ်ခါလည်း ဒီနှစ်လိုပဲ ဆုံတွေ့ကြရမှာ'' ဟူ၍ ဖိတ်ခေါ်သံမှာ မြန်မာတို့၏ နှစ်သက်ဖွယ် ဓလေ့စရိုက်ပင် ဖြစ်သည်။

ဤသို့ နှစ်သက်ဖွယ်ရာ ယဉ်ကျေးမှု အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းကြ ရန်မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင် ဖြစ်ပြီး မြန်မာတို့ အမြင်မတင့်သည့် ဝတ်စားဆင်ယင် မှုနှင့် ပြောဆိုပြုမှုများ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အဆုံးအမနှင့် ဆန့်ကျင်သည့် ပြုမူပြောဆိုမှုများ၊ အချင်းချင်း ဒဏ်ရာ အနာတရ ဖြစ်စေပြီး အန္တရာယ်ဖြစ် စေသည့် ကြမ်းတမ်းသော ရေကစားခြင်းများ၊ လူ့အဖွဲ့အစည်း အချင်းချင်း သော်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို သော်လည်းကောင်း ပျက်ပြားစေပြီး ဆူပူမှုကို ဖြစ်စေနိုင်သည့် လှုံ့ဆော်မှု၊ ဖန်တီးမှုနှင့် ကြိုးပမ်းမှု၊ မူးယစ် သောက်စား ရမ်းကားမှု စသည်တို့ကို မပြုလုပ်မိကြ စေရန် ရှောင်ကြဉ်ကြ ရမည်ဖြစ်သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန် ကာလအတွင်း ယာဉ်မောင်းသူများ အနေဖြင့် လိုက်နာရမည့် အချက်များကို သတိပြုလိုက်နာ ကြရမည် ဖြစ်သည်။ မော်တော် ယာဉ် မောင်းနေစဉ် မူးယစ် သောက်စားခြင်း၊ အပျော် လွန်ကြူး၍ စည်းကမ်းမဲ့ ပြိုင်မောင်းခြင်းနှင့် လမ်းလုမောင်းခြင်း တို့ကို ရှောင်ကြဉ်၍ သတ်မှတ်ထားသော လမ်းကြောင်းမှသာ မောင်းနှင်ကြရန် နှင့် တားမြစ်ထားသော လမ်းများတွင် မောင်းနှင်ခြင်း ကိုလည်း ရှောင်ကြဉ်ကြ ရမည်ဖြစ်သည်။

မော်တော်ဆိုင်ကယ် စီးနင်းသူများ အနေဖြင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း တို့ကို လိုက်နာရမည့် အပြင် ဦးထုပ်ဆောင်းခြင်း၊ မေးသိုင်းကြိုး တပ်ခြင်း၊ လူနှစ်ဦးအထိသာ စီးနင်းခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာခြင်းဖြင့် အန္တရာယ် ကာကွယ် နိုင်မည်ကို သတိရှိကြ ရမည်ဖြစ်သည်။ မြန်မာတို့၏ ယဉ်ကျေးမှု အတာသင်္ကြန် ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာနှင့် အညီ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်း၍ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့စွာ၊ ရေသဘင် ပွဲတော်တွင် ယဉ်ကျေး သိမ်မွေ့စွာ ပါဝင်ဆင်နွှဲ ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရ ပါသည်။


Tuesday, January 12, 2016

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် မိန့်ခွန်း ပြောကြားစဉ်


နေပြည်တော်၊ ၁၂-၁-၂၀၁၆

၂၀၁၆ ခုနှစ်ရဲ့ နှစ်ဦးအစ အခါသမယမှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အေးအတူ၊ ပူအမျှ စုစည်းတည်ထောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမိပြည်ထောင်စု နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး အတွက် အမျှော်အမြင် ကြီးမားစွာ ယခုလိုတွေ့ဆုံ ဆွေးနွေးကြတဲ့ သမိုင်းဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ကျွန်တော့်အနေနဲ့ စကားပြောကြားခွင့် ရတာကို ၀မ်းမြောက်ဂုဏ်ယူ ပါကြောင်း ဦးစွာ ပြောကြား လိုပါတယ်။ 

တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဖွဲ့ ခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ တိုင်းရင်းသား သွေးချင်းများ၊ ညီလာခံကြီး ဖြစ်မြောက်အောင် အဖက်ဖက်မှ ၀ိုင်းဝန်းကြိုးပမ်း ခဲ့ကြသူ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ ပြည်ထောင်စုသား အားလုံး “ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ” လို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

နိုင်ငံတော်ရဲ့ သမိုင်းကြောင်းနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ တွေ့ကြုံမှုများအရ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာနဲ့အညီ၊ ခေတ်နဲ့အမီ ဖွံ့ဖြိုးတိုးတက် လာစေဖို့ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အခြေခံ လိုအပ်ချက်အဖြစ် အစဉ်တစိုက် တည်ကြည် လေးနက်စွာ ခံယူကျင့်သုံးလျက် ရှိပါတယ်။ ဒီအချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက်လည်း တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ပြည်သူ အပေါ်မှာ မယိမ်းယိုင်တဲ့ သစ္စာတရားနဲ့ ခေတ်အဆက်ဆက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အတွက် ကျွန်တော်တို့ နိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အရေးကြီးဆုံး လိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေး ပဲ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေလိုသော စိတ်ရင်းအမှန်ဖြင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်လျက် ရှိပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ နေရာမှာလည်း ယခင်အတွေ့အကြုံများ အရ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ချက်ကို ချမှတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ညီအစ်ကိုများအားလုံး ပြန်လည်သင့်မြတ်ရေး အတွက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ ရာမှာလည်း တန်းတူအခွင့်အရေး ပေးပြီး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ စာနာထောက်ထားမှု များနဲ့ ကိုယ့်ရဲ့ဆန္ဒကို ရှေ့တန်းမတင်ဘဲ နိုင်ငံတော်ရဲ့အကျိုးကို သယ်ပိုး ထမ်းဆောင်လိုတဲ့ စိတ်နဲ့ စိတ်ရှည်သည်းခံစွာ ဆွေးနွေးညှိနှိုင်း ခဲ့တဲ့အတွက် NCA (တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး အတည်ပြု ခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးမှု မရှိသေးတဲ့ အဖွဲ့များအပေါ် တပ်မတော်အနေနဲ့ သံသယစိတ် မထားဘဲ မိမိတို့စိတ်ဆန္ဒ အတိုင်း အချိန်မရွေး လက်မှတ်ရေးထိုး နိုင်ဖို့ တံခါးဖွင့်ထားသလို နိုင်ငံတော် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေး လိုလားတဲ့၊ ပြင်းပြတဲ့ဆန္ဒအမှန် ကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးဟာ နှစ်ပေါင်း ၆၀ ကျော် ကြာရှည်နေပြီ ဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့အတွက် ကဏ္ဍအသီးသီး ကနေ ပါဝင်ပတ်သက် နေတဲ့ Stakeholder တွေရဲ့ စိတ်ရင်းစေတနာကောင်း တွေနဲ့ မဆုတ်မနစ် ကြိုးပမ်းခဲ့ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒီရလဒ် အခွင့်ကောင်းကို လက်မလွတ်တမ်း ဆုပ်ကိုင်ပြီး တိုင်းရင်းသား ပြည်သူတွေရဲ့ လိုလားချက် ဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော် ဖြစ်ပေါ်ရေး ကြိုးပမ်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြရာမှာ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ သမိုင်းကြောင်း၊ စရိုက်လက္ခဏာနဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာ ကိုက်ညှိပြီးမှသာ ဆောင်ရွက် အောင်မြင်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အားလုံးနဲ့ကိုက်ညီတဲ့ Fit for All ပုံစံ၊ ပုံသေနည်း ဆန်ဆန် သီအိုရီပုံစံတွေ မရှိတဲ့အတွက် မြန်မာနဲ့ ကိုက်ညီတဲ့ ပုံစံကို ပုံဖော်ယူနိုင်မှ မိမိတို့ ကြိုးစား တည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ် ခိုင်မြဲမှာ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေး ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင် ပါဝင်သင့် ပါဝင်ထိုက်သူများ စုံညီစွာ ပါဝင်ဆွေးနွေး ကြမှာဖြစ်လို့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ငြိမ်းချမ်းရေးညီလာခံ ဖြစ်တယ်ဆိုတာ အထင်အရှား တွေ့ရမှာဖြစ်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးဟာ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ နိုင်ငံတော်အတွက် သမိုင်းသစ်တစ်ခု၊ ဆက်လက် ဆောင်ရွက်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲ များအတွက် ခြေလှမ်းသစ် တစ်ရပ် စတင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အပြည့်အ၀ မျှော်လင့်ပါတယ်။ ထာဝရငြိမ်းချမ်းရေးနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် ဆောင်ရွက်ပေးနိုင်မယ့် ညီလာခံကြီး အဖြစ်လည်း ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီနဲ့ Federal ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့အခါ လက်နက် ကိုင်ဆောင်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်လို့ မရနိုင်တဲ့အတွက် ယနေ့နိုင်ငံတကာ ပဋိပက္ခ အပစ်အခတ် ရပ်စဲရေး ဖြေရှင်း ဆောင်ရွက်ရာမှာ အသုံးပြုနေတဲ့ DDR/SSR လုပ်ငန်းစဉ်များ အတိုင်း သင့်တင့်တဲ့ Time Line သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မိမိနိုင်ငံမိမိ ကာကွယ်ရေးအတွက် တပ်မတော် တစ်ရပ်သာ ထားရှိကြတာကို တွေ့ကြ ရမှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံ အနေနဲ့လည်း ယင်းမူဝါဒ အတိုင်း ကျင့်သုံး ဆောင်ရွက်ပြီး မြန်မာ့ တပ်မတော်ကို Standard Army အဖြစ် အဖက်ဖက်က တည်ဆောက် လျက်ရှိပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆို ပါကြောင်း ပြောကြား လိုပါတယ်။

ယနေ့ ပြည်ထောင်စု  ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပေါ်လာရေး အတွက် ၀ိုင်းဝန်းဆောင်ရွက် ခဲ့ကြသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင် များနှင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြ သူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြား လိုပါတယ်။

ကျွန်တော်တို့ နိုင်ငံတော်ဟာ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ စုစည်းထားတဲ့ ပြည်ထောင်စု နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်းပဲ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/တိုင်း ဒေသကြီးတို့ အတွက် အာဏာသုံးရပ် ခွဲဝေခြင်းကဏ္ဍ၊ အခွန်အခခွဲဝေသုံးစွဲခြင်းကဏ္ဍ၊ သယံဇာတခွဲဝေသုံးစွဲခြင်းကဏ္ဍတို့ကို ရသင့်ရထိုက်သည်များ ရရှိရေး နှစ်ဦးနှစ်ဖက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်။ ရသင့်ရထိုက်တဲ့ ပြဋ္ဌာန်းခွင့်များ ရရှိအောင်လည်း ညှိနှိုင်း ဆောင်ရွက်မှုတွေကို ထောက်ခံရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ နှစ်ကာလ ကြာရှည်စွာ ရင်ဆိုင်ဖြတ်သန်း ခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ် စေရေးအတွက် အရေးကြီးဆုံး မဖြစ်မနေ ကျင့်သုံးဆောင်ရွက်ရမယ့် မဟာဗျူဟာ ဟာ “ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ” ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ ဒီနေ့ တွေ့ဆုံကြိုးပမ်း ဆောင်ရွက်နေမှု တွေဟာ အနာဂတ် နိုင်ငံတော်အတွက်၊ အနာဂတ် ကျွန်တော်တို့ မြန်မာ့ မျိုးဆက်တွေ အတွက် ဆိုတာ လေးလေးနက်နက် ခံယူပြီး စိတ်ရင်းစေတနာ မှန်မှန်နဲ့ အောင်မြင် ပြီးမြောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့နဲ့ တပ်မတော်အနေ နဲ့လည်း အဖြစ်နိုင်ဆုံး/ အကောင်းဆုံး ဖြစ်အောင် အားပေးထောက်ခံ ပူးပေါင်း ဆောင်ရွက်သွား ပါမယ်လို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။



မြ၀တီနေ့စဉ်

Thursday, December 31, 2015

နှစ်သစ်သို့ ကူးပြောင်းချိန် အကြောင်းကောင်း အကျိုးလှစေရေး စင်ကြယ်စွာ အသက်မွေး


ယနေ့ ဒီဇင်ဘာ ၃၁ ရက်သည် ၂ဝ၁၅ ခုနှစ် ကုန်ဆုံးသောနေ့ ဖြစ်သည်။ ပြက္ခဒိန်နှစ် တစ်နှစ်ကုန်၍ တစ်နှစ်ဆန်းတိုင်း နှစ်ဟောင်းက ဖြစ်ပျက်ခဲ့သမျှ အခြေအနေ အကောင်းအဆိုး အကြောင်းအကျိုး တို့ကို ပြန်လည်သုံးသပ် ၍ နှစ်သစ်အတွက် ဆက်လက် ဆောင်ရွက်ကြရမည့် အစီအစဉ်များကို အကောင်းဆုံး ဖြစ်အောင် ချမှတ်ကြလေ့ ရှိကြသည်။

ကမ္ဘာ့ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိက လိုအပ်ချက်ဖြစ်သော စားနပ်ရိက္ခာ ဖူလုံရေးအတွက် နိုင်ငံတိုင်းက ကြိုးစားနေကြ ရသည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လကုန်တွင် ကမ္ဘာ့လူဦးရေ သန်း ၇ဝဝဝ ပြည့်ခဲ့ပြီး ဖြစ်ရာ များပြားလှသော လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံရေးသည် အဓိကဦးစားပေး လုပ်ငန်းတစ်ရပ် ဖြစ်သည်။

ရှေးယခင်က လူသားတို့သည် စိုက်ပျိုးမြေ ဧရိယာချဲ့ထွင်ခြင်း၊ မျိုးကောင်း မျိုးသန့်ရွေးချယ် စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးနည်း စနစ်သစ်များ တီထွင်ခြင်း တို့ဖြင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုကို မြှင့်တင် နိုင်ခဲ့ကြသည်။

ဤသို့ ဆောင်ရွက်နေစဉ် မှာပင် မြေဆီလွှာ ပျက်စီးခြင်းနှင့် ညစ်ညမ်းခြင်း၊ မြို့ပြများတိုးချဲ့ခြင်း၊ ဆည်ရေသောက် လယ်မြေများတွင် ဆားပေါက်ခြင်း တို့ကြောင့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု အဟန့်အတား ဖြစ်ခဲ့ရသည် များကို သင်ခန်းစာယူ၍ ပတ်ဝန်းကျင် ပျက်စီးမှုနည်းပါးပြီး ရေရှည် တည်တံ့သော စိုက်ပျိုးရေးစနစ် တီထွင်စိုက်ပျိုး လာကြစဉ်မှာပင် ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် ကြီးမားသော အခက်အခဲ ဖြစ်ကြရ ပြန်သည်။

ကမ္ဘာ့ပြည်သူများ အတွက် စားနပ်ရိက္ခာ ဖူလုံရေး ကြိုးပမ်းသူများက ကြိုးပမ်းနေကြ သကဲ့သို့ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ အလား ကူးလူး ယှက်နွှယ်၍ ပြည်သူအချင်းချင်း ဆက်သွယ်မှု လွယ်ကူစေရန် သိပ္ပံနှင့် နည်းပညာရှင် တို့ကလည်း တီထွင် ဆန်းသစ်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြ ရာတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့သို့ မိနစ် ၃ဝ အချိန်အတွင်း ရောက်အောင် ပျံသန်းနိုင်သည့် အသံထက် မြန်သော ဂျက်လေယာဉ်ကို တီထွင်ခဲ့ကြပြီး ဖြစ်သည်။

စားနပ်ရိက္ခာ ဖူလုံရေး ကြိုးပမ်းနေကြသော ပညာရှင်များက စိုက်ပျိုးမြေ ဧရိယာနှင့် ရေအရင်းအမြစ် တို့ကို ထိရောက်စွာ အသုံးချနိုင်ရေး အတွက် အစိမ်းရောင် အပင်များ၏ လိုအပ်ချက်နှင့် မြေဆီလွှာ၏ အရေးပါမှု တို့ကို ကမ္ဘာ့ပြည်သူများ သိရှိနားလည်ရန် လိုအပ်သည်ဟု ဆိုကြသည်။ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကလည်း နည်းပညာ ဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကို ဆောလျင်စွာ ဆောင်ရွက်ကြရမည် ဟု ဆိုကြသည်။ စားနပ်ရိက္ခာ ဖူလုံရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးတို့ လိုအပ်သည်ကို အငြင်းပွားဖွယ် မရှိသော်လည်း လူ့အဖွဲ့အစည်း ၏ ကြီးမားသော မျှော်လင့်ချက်သည် လူပုဂ္ဂိုလ်တိုင်း၏ အကျင့်စာရိတ္တ ကောင်းမွန်မှု ရှိရေးကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်း ကြရမည်ဟု ဆိုထားကြသည်။

လူ့အဖွဲ့အစည်း ဆိုခြင်းကြောင့် လူအချင်းချင်း ဆက်ဆံရေး သည် အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိပေရာ မိမိကိုယ်မိမိ သိဖို့နှင့် မိမိနေရာမိမိ သိသူများ အတွက် ပေါင်းသင်း ဆက်ဆံရေးအတွက် အခက်အခဲ မရှိသော်လည်း မသိသူများ အတွက်မှာမူ အံဝင်ခွင်ကျ ရှိမည် မဟုတ်သည်ကို သတိပြုမိကြ ရပေမည်။ သံထည်မှ ဖြစ်လာသော သံချေးသည် ထိုသံကိုပင် ဖျက်ဆီး သကဲ့သို့ မိမိပြုသော မကောင်းမှု သည်လျှင် မကောင်းမှု ကျူးလွန်သူကို မကောင်းသော ဘဝသို့ ရောက်စေခြင်းကြောင့် သံကိုသံဖျက် သံချေးတက် ဟု ဆိုကြခြင်း ဖြစ်သည်။

သို့ဖြစ်၍ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်မှ စ၍ အကြောင်းကောင်း အကျိုးလှ စေရန် မိမိတို့၏ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးကို စောင့်ထိန်း၍ စင်ကြယ်သော အသက်မွေးမှု ပြုနိုင်ကြ ပါစေကြောင်း မြဝတီ က တိုက်တွန်း နှိုးဆော်လိုက်ရ ပါသည်။

( အယ်ဒီတာ့အာဘော် )

Monday, April 20, 2015

နှစ်သစ်မင်္ဂလာအတွက် မြ၀တီ၏ ဆုတောင်းမေတ္တာ


နှစ်သစ်မင်္ဂလာအတွက် မြ၀တီ၏ ဆုတောင်းမေတ္တာ

ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် ကဆုန်လဆန်း ၃ ရက်(၂ဝ-၄-၂ဝ၁၅) သည် နှစ်သစ်ကူး အခါသမယသို့ ကူးပြောင်း ရောက်ရှိ လာသည့် သုံးရက်မြောက်နေ့ ဖြစ်သည်။ ၁၃၇၆ ခုနှစ် ကုန်လွန်၍ ၁၃၇၇ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိခဲ့ပြီ ဖြစ်ရာ နှစ်ဟောင်းမှ အညစ်အကြေး များကို အတာရေဖြင့် ဆေးကြော သန့်စင်ကာ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ အားမာန်သစ် ဖြင့် ဘဝခရီးကို ဆက်လက် လျှောက်လှမ်း ကြရမည် ဖြစ်သည်။

မြန်မာတို့၏ ဆယ့်နှစ်လ ရာသီပွဲတော် များတွင် အတာသင်္ကြန် ပွဲတော်သည် လူကြီးလူငယ် မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြလျက် တစ်နှစ်ပတ်လုံး လုပ်ငန်းခွင် အသီးသီး၌ ရုန်းကန် လှုပ်ရှားခဲ့ကြ သူများသည် မိမိတို့၏ ကာယ၊ ဉာဏစွမ်းအား များကို အတာရေ ပက်ဖျန်းကာ အားမာန်သစ်ကို ရခဲ့ကြပြီး ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် များသည် နှစ်ဆန်းတစ်ရက် အခါသမယတွင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး များသို့ သွားရောက်၍ ဥပုသ်သီလ ဆောက်တည် ကြသည်။ အဘိုးအဘွား တို့ကို ခေါင်းလျှော် ရေချိုး၍ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆောင်ရွက် ပေးခြင်းဖြင့် အရိုအသေပြု ကုသိုလ်ယူ ကြသည်။ ကုသိုလ်ဒါန ပြုခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ အလွန် မွန်မြတ်သော ဇီဝိတဒါန ပြုခြင်းစသည်ဖြင့် ကောင်းမြတ်သော ကုသိုလ်တို့ကို ပြုခဲ့ကြပြီး ဖြစ်သည်။

လူတိုင်းသည် နှစ်ဟောင်းကုန်သော နေ့တွင် သော်လည်းကောင်း၊ နှစ်သစ်ကူးသော နှစ်ဆန်း တစ်ရက်နေ့တွင် သော်လည်းကောင်း ကောင်းမြတ်သော စိတ်တို့ကို သန့်ရှင်း ကြည်လင်စွာ ထားလျက် မင်္ဂလာရှိသော ကောင်းမှု ကုသိုလ်တို့ကို ပြုခဲ့ကြပြီး ဖြစ်သည်။ ထိုသို့ ကောင်းမြတ်သော စိတ်နှင့် မင်္ဂလာရှိသော ကုသိုလ်တရား တို့ကို ဘဝ တစ်သက်တာ ဆက်လက် ကျင့်ကြံ အားထုတ်ကြ ရမည် ဖြစ်သည်။

ကောင်းမြတ်သော စိတ်နှင့် ယှဉ်သည့် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းကြရန် အင်းဝခေတ် က ပေလေးပင် ရှင်လေးပါး စာရင်းဝင် ရှင်မဟာ သီလဝံသ စာဆိုရှင်သည် ပါရမီတော်ခန်း ပျို့၌ ဖွဲ့ဆို လမ်းညွှန် ခဲ့သည်။ စာမရီ သားကောင်သည် ချုံနှင့် ငြိတွယ်မိသော မြီးဆံခြည် တစ်မျှင်ကိုပင် လျှင် အကျွတ်မခံ အသက်သာ အသေခံ သကဲ့သို့ သီလ ဆောက်တည် ရာ၌လည်း အခြားသူ တစ်ပါးတို့က မည်သို့ပင် ဖျက်စေကာမူ မပျက်စေရန် စောင့်ထိန်း ရမည့် အကြောင်းကို ဘာသာရေး အမြင်၊ လူမှုရေး အမြင်နှင့် လောကအမြင် တို့ဖြင့် ဖွဲ့ဆိုခဲ့သည်။

စာဆိုရှင်က ''ပမာသွေးသီ၊ စာမရီဟူ၊ နောက်ချီပွပွ၊ မြီးဆံလှလျက်၊ တောမထိပ်ခေါင်၊ သရေဆောင်သည်၊ ရွှေရောင်ဖြိုးဖြိုး၊ သားအမျိုးကား၊ ကျင့်ရိုးအစဉ်၊ ချင်းတို့ဉာဉ်ဖြင့်၊ ရှောင်ကြဉ်လျက်ပင်၊ မြီးဆံခင်၏။ အကြင်သရော်၊ မသွားတော်၍၊ ထော်လော် ကန့်လန့်၊ ချုံနွယ်ညွန့်၌၊ အတွန့် ရှောက်ရှောက်၊ ငြိလေမြောက်အံ့၊ မျှလောက် မွေးသက်၊ တစ်မျှင်ရွက်ကို၊ စုံမက်ချစ်စိုး၊ နှမြောနိုး၍၊ သားမျိုးတိရစ္ဆာန်၊ အားကုန် သွန်လျက်၊ လည်လန်မူးမော်၊ ရုန်းချေသော်လည်း၊ ထိုရော်မြီးဖျား၊ ပြတ်ခံ့ညား၍၊ မသွားတဆွေ့၊ ထိုရွေ့ဝပ်တန့်၊ အသက် စွန့်လျက်'' ဟူ၍ ရဲရင့် ပြတ်သားသော စိတ်ဓာတ် အားမာန်ကို ဖွဲ့ဆို၍ လူတို့ ကိုယ်ကျင့်သီလ စောင့်ထိန်း ကြရန် လမ်းညွှန်ခဲ့သည်။

သို့ဖြစ်၍ ၁၃၇၇ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့က ပြုခဲ့သော ဒါန၊ သီလ၊ ဘာဝနာ တို့ကို ဘဝ တစ်သက်တာ ကျင့်ကြံ အားထုတ်လျက် ပစ္စုပ္ပန်နှင့် သံသရာ တို့၌ ကောင်းကျိုး မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြ ပါစေကြောင်း မြဝတီ က ဆုတောင်းမေတ္တာ ပို့သအပ် ပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

Saturday, April 11, 2015

သင်္ကြန်အလှမြင်ကွင်းများ


သင်္ကြန်အလှမြင်ကွင်းများ

ခင်သီတာမိုးပုလဲသွယ်

မေဘရဏီသော် ( ဓာတ်ပုံ- ဘုန်းမြတ်ထူး )
အဟောင်း ပယ်ဖျောက်၍ အသစ်အသစ်ကို ကြိုဆိုရန် အတွက် မကြာမီ သင်္ကြန်အခါ သမယသို့ ရောက်ပါ တော့မည်။ မြန်မာလူမျိုး မှန်လျှင် အမျိုးသား၊ အမျိုးသမီး မရွေး ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ်၊ ကလေးသူငယ် မကျန် သင်္ကြန်ကို မျှော်ကြသည်။ ရှေးရိုးရာ အစဉ်အလာ မပျက် ယဉ်ကျေးစွာ ကျင်းပခဲ့ သဖြင့်လည်း အရှေ့တောင် အာရှတွင် သာမက ကမ္ဘာ့ပွဲတော်များ အနက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် က ကျော်ကြား ထင်ရှား လှသည်။

သင်္ကြန်ပန်း ဖြစ်သော ပိတောက်ပွင့်ဖို့ အခါမလွန်တဲ့ သင်္ကြန်မိုးကို မျှော်နေ ကြသည်မှာ မြန်မာ တစ်ပြည်လုံး ပင် ဖြစ်ပါလိမ့်မည်။ ငု များကတော့ ခပ်တည်တည်ပင် မျှော်သူရှိရှိ၊ မရှိရှိ သင်္ကြန်မိုး ရွာရွာ၊ မရွာရွာ တွဲရဝေဆာ စွာဖူးပွင့် နေကြပါပြီ။ ပိတောက်နှင့် ငု တို့၏ စိမ်းမြဖား ဝေနေသော အစိမ်းရောင် သစ်ရွက်၊ သစ်ခက်၊ အဖူး၊ အညွန့်တို့ နှင့် ပိတောက်၊ ငု ပန်းတို့၏ ဝင်းလက် တောက်ပသော ရွှေဝါရောင် တို့က လိုက်ဖက် တင့်တယ်လှသည်။ အစိမ်းနှင့်အဝါ တွဲဖက်မှုက သဟဇာတ ရှိသဖြင့် ပြင်းထန်သည့် တန်ခူးနွေ၏ အပူဒဏ် ကိုပင် လျော့ပါး သက်သာ စေသကဲ့သို့ ခံစားရသည်။ ပိတောက်စစ် လေးများကို မမြင်ရသေးတော့ အလွမ်းပြေ စက္ကူ ပိတောက်ပန်းလေး များကို သင်္ကြန်အကြို အဖြစ် တခုတ်တရ မြတ်မြတ်နိုးနိုး ချိတ်ဆွဲဆင်မြန်း နေကြသည်ကို အများအပြား တွေ့မြင် ရသဖြင့် ပိတောက်ရနံ့ လေးများ ကြိုင်လှိုင် လာသကဲ့သို့ပင်။

အခြေခံပညာ ကျောင်းများ အားလုံး စာမေးပွဲများ အပြီး သင်္ကြန်အကြို ကာလ မတိုင်မီပင် တူးပို့ တူးပို့ သံများက ဟိုနားသဲ့သဲ့၊ ဒီနားသဲ့သဲ့။ ကားတစ်စီး ဖြတ်သွားတိုင်း ဖြတ်သွားတိုင်း မြနန္ဒာ မြနန္ဒာ....။ အိုး ကြည်နူးဖွယ် ကောင်းလေစွ။ သင်္ကြန်ဆိုသော အငွေ့အသက် က မြန်မာတိုင်းကို လွှမ်းမိုးမြဲ ဖြစ်သည်။

အတိတ်ကာလက ပျော်ရွှင် ဝမ်းမြောက်ဖွယ်ရာ၊ လွမ်းမော တမ်းတစရာ များကို နှိုးဆွသူမှာ သင်္ကြန်ဖြစ် သကဲ့သို့ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ် ကူးပြောင်းရန် စေ့ဆော်သူ မှာလည်း သင်္ကြန်လှိုင်းများပင် ဖြစ်သည်။

မြန်မာ့ ယဉ်ကျေးမှုသင်္ကြန်ကာလ အတွင်း အလှူဒါန ပြုရန် ပြင်ဆင်လာကြ သူများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာပြီး အုန်းအုန်း ကျွက်ကျွက်ပင် ဖြစ်လာသေး တော့သည်။ မြန်မာ့ရိုးရာ သင်္ကြန်မုန့် စတုဒိသာ
များအဖြစ် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာဂူ အစရှိသည်တို့ အပြင် သင်္ကြန် ထမင်းဟင်းများ ပြင်ဆင် ချက်ပြုတ် လှူဒါန်းရန် လမ်းအလိုက်၊ ရပ်ကွက်အလိုက် ဟန်တပြင်ပြင် မြိုင်ဆိုင် နေကြပါပြီ။ သင်္ကြန်ရေစိုရက် ဘယ်နှစ်ရက်ဟု တွက်ချက်၍ ကြိုတင် ပျော်ရွှင်နေကြ သူများ၊ ဝန်ထမ်းများ အဖို့ကတော့ နှစ်သစ်ကူး ရုံးပိတ်ရက်တွင် သွားလာရေး၊ မိသားစုအရေး၊ လှူရေးတန်းရေး၊ စိတ်လက် အပန်းဖြေရေး စသည်ဖြင့် ကိစ္စများမြောင် လူတို့ဘောင် ဆိုသည့်အတိုင်း ပြင်ဆင်လှုပ်ရှား စိုင်းပြင်း နေကြသည်။

သင်္ကြန်အကြို တရားဓမ္မ အလှူပွဲများ ကိုလည်း နေရာအနှံ့ တွေ့မြင်နေသည်။ ယနေ့ လူငယ်လူရွယ် အများစုတို့သည် ကုသိုလ်ကောင်းမှု ဒါနပြုပွဲ များတွင် အင်တိုက် အားတိုက် ပါဝင်လာကြ သည်ကို ပီတိဖြစ်ဖွယ် တွေ့မြင် ရပါသည်။ သင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက် အလိုတွင် နေ့နံခုနစ်ရက် ပါအတိုင်း ဖူးသစ်နုစ သစ်ရွက် သစ်ခက်များ၊ သန့်ရှင်း စင်ကြယ်သော ရေတို့နှင့် အတူ ပေါင်းစပ်ထားသည့် အတာကြိုအိုး များကိုလည်း ပြင်ဆင် ရပါတော့မည်။ သင်္ကြန်ကာလ ဖျော်ဖြေရေး တင်ဆက်မှု များတွင် ခေတ်အဆက်ဆက် မရိုးနိုင်သော သံချပ်များသည် လူမှု ပတ်ဝန်းကျင်တွင် တွေ့ရတတ်သည့် အမြီးအမောက် မတည့်မှု အလွဲများကို ရယ်စရာ ဟာသဖြစ်အောင် ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် ရေးစပ် တင်ဆက်ကြ သည်မှာ ပရိသတ်များ အတွက် ဘဝ အမောပြေ စေသည်က အမှန်ပင်။ သံချပ်များနှင့် အတူ မန်းတောင်ရိပ် ခိုမည့် ယိမ်းအက များစွာကို မျှော်လင့် စောင့်စား နေကြပါပြီ။

သင်္ကြန်အပြီး နှစ်ဆန်း ၁ ရက်တွင် အဘိုးအဘွား များကို ရေချိုးသန့်စင် ပေးခြင်း၊ ခြေသည်း လက်သည်းများ ညှပ်ဖြတ် သန့်ရှင်းစေခြင်း ဟူသော ကုသိုလ် ကောင်းမှုများ၊ သက်ကြီး ကန်တော့ပွဲများ၊ တစ်နှစ်တာလုံး
ဘေးအန္တရာယ် ခပ်သိမ်း ကင်းငြိမ်းစေရန် ပရိတ်ရွတ်ဖတ် ပွဲများ၊ ငါးလွှတ်ပွဲများ၊ ဘေးမဲ့ ပွဲတော်များ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည့် သင်္ကြန်မြင်ကွင်း များက တွေ့မြင် ရသူများကို အပျော်ဓာတ် ကူးစက်မြဲ ဖြစ်သည်။ ထို့ကြောင့် မည်သည့် တိုင်းပြည်တွင်မှ ရှာဖွေ မတွေ့နိုင်သော ချစ်စရာ ရိုးရာပွဲတော် အဖြစ် အစဉ် ထာဝရ တည်ရှိအောင် ဆက်လက် ထိန်းသိမ်း သွားကြရမည်။

သင်္ကြန်ဖက်ရှင် ဟူ၍ ဆန်းပြား ပွေလီသော ဝတ်စား ဆင်ယင်မှုမျိုး မှသည် ကာယိနြေ္ဒ ပျက်ပြားစေမည့် ပြစ်မှုမျိုး မဖြစ်ပေါ် စေရန်အတွက် အသိ ဉာဏ်ပညာဖြင့် ချွန်းအုပ် ထိန်းသိမ်း ဝတ်ဆင်ကြဖို့ သင်္ကြန်မယ် လေးများကို တိုက်တွန်း လိုပါသည်။ သင်္ကြန်ကာလ အတွင်း အရက်၊ ဘီယာ စသည့် မူးယစ် စေတတ်သော အရာတို့ကို ပုံစံ အမျိုးမျိုးဖြင့် ပြုပြင်ရောင်းချ နေမှုများ သာမက သဘာဝ တရားထက် လွန်ကဲသော အာရုံ ခံစားမှုများ ဖြစ်လာစေသော မူးယစ်ဆေးဝါးနှင့် စိတ်ကြွ ဆေးပြားများ အန္တရာယ် ကိုလည်း မိဘပြည်သူ များမှ ဝိုင်းဝန်း သတိပေးကြရန် လိုအပ်သည်။ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့် ကလည်း မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ် များကို ရပ်ကွက်များ အထိ ကွင်းဆင်းစိစစ် ဆောင်ရွက်လျက် ရှိနေပါသည်။ မြန်မာ့ ရေသဘင်ပွဲ ကျင်းပမှုကို အခွင့်ကောင်း ယူလိုသော ဝိသမ လောဘရှင် စီးပွားရေး သမားများ၏ စက်ကွင်း မမိရလေအောင် သင်္ကြန်ပျော် မောင်/မယ် များက အထူးဂရုပြု ရမည်ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဒုစရိုက်မှုများ ကျူးလွန်ရန် လှုံ့ဆော်တတ်သော သဘောတရား ရှိတတ်မှုကို ဆင်ခြင်ကြ ရမည်။

သပြေခက်နှင့် ရေပက်ခြင်းမှ သည် မီးသတ်ပိုက်နှင့် ရေပက်သော အဆင့်သို့ ရောက်နေပါပြီ။ ခေတ်မီစွာ ကျင်းပခြင်းသာ ဖြစ်သင့်ပြီး ခေတ်ကို ဆန်တက်သော အပြုအမူများ ဖော်ဆောင်၍ ရေသဘင်ပွဲ ဆင်နွှဲခြင်းဖြင့် ဂုဏ် ကျက်သရေကို မလျော့ပါး စေလိုပါ။ သင်္ကြန်ကို အကျည်းတန် မှုများနှင့် မလိမ်းခြယ်ဘဲ ပျော်ရွှင်မှု နံ့သာများဖြင့်သာ လိမ်းခြယ် ကျင်းပ စေလိုသည်။

ထို့ကြောင့် အတိတ်၏ ခါးသီးမှုများကို ခဝါချ၍ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်သစ်ကို ကြည်သာ ရွှင်လန်းစွာ ကြိုဆိုကြဖို့နှင့် မြန်မာပြည်သူ ပြည်သားအပေါင်း နှစ်သစ်တွင် ငြိမ်းချမ်း အေးမြစွာ ရှိကြပါစေကြောင်း 
ဆုမွန်ကောင်းနှင့် အတူ ရေးသား တင်ပြလိုက်ရ ပေသည်။

#Themyawadydaily

Monday, January 5, 2015

မြန်မာပြည်သူအပေါင်း တို့၏ နှစ်ဦးမင်္ဂလာ မုဒိတာ


မြန်မာပြည်သူအပေါင်း တို့၏ နှစ်ဦးမင်္ဂလာ မုဒိတာ

(၃၈)ဖြာ မင်္ဂလာ တရားတော်၌ အသေဝနာစ ဗာလနံ၊ ပဏ္ဍိတနဉ္စ သေဝနာ၊ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ ဟူသော ပါဠိတော်အရ လူမိုက်တို့ကို ရှောင်ကြဉ်၍ ပညာရှိ လူလိမ္မာတို့အား မှီဝဲပေါင်းသင်း ရခြင်းနှင့်
ပူဇော်ထိုက်သော သူကို ပူဇော်ရခြင်း တို့သည် လူ့အဖွဲ့အစည်း အတွက် မင်္ဂလာတရားနှင့် ပြည့်စုံစေသော ပေါင်းသင်း ဆက်ဆံရေး မင်္ဂလာ ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်တွင် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် ချမှတ်ခဲ့သည်။ စီမံချက်ပါ လုပ်ငန်းစဉ် များမှာ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် နှစ်နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ခြင်း၊ မသန်စွမ်း သူများအား ထောက်ပံ့ပေးခြင်း၊ အသက်သုံးနှစ်မှ ၁၅ နှစ်အထိ ကလေးသူငယ် များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများ အတွက် လူမှုရေး ပင်စင် ပေးအပ်ခြင်း၊ ကျောင်းတွင် အာဟာရ ကျွေးမွေးခြင်း၊ အများပြည်သူ အလုပ်အကိုင် ရရှိရေးနှင့် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ သင်တန်းများ ပေးခြင်း၊ အသက်ကြီး သူချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့များအား ထောက်ပံ့ ကူညီခြင်း၊ ဘက်စုံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော (၆၇)နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲ အထိမ်းအမှတ် အဖြစ်
ပြည်ထောင်စုကြီး အတွင်းမှ အသက် ၁ဝဝ နှစ်နှင့်အထက် အဘိုး ၁၆၉ ဦးနှင့် အဘွား ၄ဝဝ ဦးတို့အား နိုင်ငံတော်၏ သက်ကြီးဝါကြီး ဂုဏ်ပြုခံ ပုဂ္ဂိုလ်များ အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။ နောင်နှစ်များ တွင်လည်း အသက် ၁ဝဝ ပြည့်မြောက် သူများအား ဆက်လက် ပံ့ပိုးထောက်ပံ့ ပေးအပ် သွားမည် ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြောင်းလဲလာသော ခေတ်သစ် စနစ်သစ် တို့နှင့်အညီ ၂ဝ၁၂ ခုနှစ် ဇွန်လက ကျင်းပခဲ့သော လူမှုကာကွယ် စောင့်ရှောက်ရေး ညီလာခံ၌ အားလုံး ပါဝင်သော လူမှုကာကွယ် စောင့်ရှောက်ရေး စနစ်တစ်ရပ် ပေါ်ထွက် လာရေးကို လမ်းညွှန် ခဲ့သည်။ ထို့အပြင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သော ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်မှ နေပြည်တော် သဘောတူညီချက် အရ ထွက်ပေါ်လာသော လုပ်ငန်းအဖွဲ့များ အနက် လူမှုကာကွယ် စောင့်ရှောက်ရေး နှင့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းအဖွဲ့ ပါဝင်ခဲ့သည်။ ထို့ကြောင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှင့် ဆက်စပ်လျက် ရှိသော ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီတွင် စတင်ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

အခွင့်ကြုံ၍ လူ့ဘုံခန်းဝါသို့ အလည် လာခိုက်ဝယ် ဤရွာဤမြေ မြန်မာ့မြေမှ ဆွေမျိုးသားချင်း များပင် ဖြစ်ရကား (၃၈)ဖြာ မင်္ဂလာ တရားတော်လာ ပေါင်းသင်း ဆက်ဆံရေး မင်္ဂလာတရား နှင့်အညီ အဘိုးအဘွား တို့အား ဂါရဝတရား နှင့် ထောက်ပံ့ချီးမြှင့် ခြင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ ၂ဝ၁၅ ခုနှစ်အတွက် နှစ်ဦး မင်္ဂလာအဖြစ် မြန်မာပြည်သူ များကိုယ်စား မြဝတီက အလေးအမြတ် ထားကာ မုဒိတာပွားများ အပ်ပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, January 1, 2015

ဆန္ဒ ၊ ၀ီရိယ ၊ ပညာတို့ဖြင့် အောင်မြင်မှုကို ရယူ


ဆန္ဒ ၊ ၀ီရိယ ၊ ပညာတို့ဖြင့် အောင်မြင်မှုကို ရယူ

ယနေ့သည် ၂ဝ၁၅ ခုနှစ်ကို ဦးစွာပထမ ကန့်လန့်ကာ ဖွင့်သည့် ဇန်နဝါရီ ၁ ရက်နေ့ ဖြစ်သည်။ နှစ်သစ်တွင် မြန်မာပြည်သူ ပြည်သား အပေါင်းနှင့် ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်းတို့ ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံ၍ ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့ ပါစေကြောင်း ရတနာပုံ က နှစ်သစ်ကူး မင်္ဂလာစကားဖြင့် နှုတ်ခွန်းဆက် လိုက်ပါသည်။

၂ဝ၁၄ ခုနှစ်သည် ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ နှစ်ဟောင်းကို ပြန်ပြောင်း ကြည့်၍ အောင်မြင်မှု များအတွက် ဂုဏ်ယူစိတ် များနှင့်အတူ အောင်မြင်မှု သရဖူ ဆက်လက် ထိန်းသိမ်း နိုင်ရေး ၂ဝ၁၅ ခုနှစ်တွင် အားသစ်မွေး ဆောင်ရွက် သွားကြ ရမည်။

ဆုံးရှုံးမှုများ အတွက် လိုအပ်ချက် များကို မြင်အောင် ကြည့်၍ ဖြည့်စွက် အကောင် အထည်ဖော် ဆောင်ရွက် သွားကြရမည်။ လုပ်ငန်းကိစ္စ တိုင်းတွင် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဟူ၍ နှစ်မျိုး သာရှိသည်။ အောင်မြင်ခြင်း အတွက် ဝမ်းသာ ပျော်ရွှင်ကြ မည် ဖြစ်သော်လည်း အောင်မြင်မှု၌ ယစ်မူးနေသည့် အပြုအမူမျိုး မဖြစ်စေဘဲ အမြဲတမ်း တက်ကြွနေသည့် အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း နိုင်သည့် ကြိုးစားမှုမျိုး ရှိနေရမည် ဖြစ်သည်။

တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက် အချိန်တိုင်း အချိန်တိုင်း တွင် မိမိ၏စံနှုန်း တိုးတက်ရေးကို ကြိုးစားနေသည့် အားကစား သမားတစ်ဦး ကဲ့သို့ ကြိုးစား နေကြရမည် ဖြစ်သည်။

ဆုံးရှုံးမှုကို မအောင်မြင်မှု ကို ရင်ဆိုင်ကြုံတွေ့ ကြရသည့်အခါ ဝမ်းနည်းမှုကို ခံစားကြ ရမည် ဖြစ်သော်လည်း ဝမ်းနည်း ပူဆွေး စိတ်ပျက် အားလျှော့မှုမျိုး မဖြစ်စေရပေ။ တစ်ခါလဲရုံဖြင့် အပြီး ထိုင် နေသည့် အဖြစ်မျိုး မဟုတ်ဘဲ အကြိမ်ကြိမ် ထ၍ ခရီးဆက်သည့် စိတ်မျိုးထားကာ မိမိကိုယ်တိုင် တိုးတက်အောင် အားသစ် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရယူနိုင်သည်။ ရည်မှန်းချက် လမ်းကြောင်း မပျောက်စေဘဲ ''တစ်နေ့တစ်လံ ပုဂံဘယ်ပြေး မလဲ'' ''ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက်'' စိတ်မျိုးဖြင့် အားပျော့စိတ်၊ အားငယ်စိတ် ကိုပယ်ကာ ရည်မှန်းချက် ပန်းတိုင်ကို လှမ်းကိုင်၍ အောင်မြင်မှုကို ရယူကြ ရမည်။

ရည်မှန်းချက်၊ ယုံကြည်ချက် ပြင်းပြ သူတို့သည် လုံ့လ၊ ဝီရိယ စိုက်ထုတ်၍ အောင်မြင်မှုကို ရယူနိုင်သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သည် ဆန္ဒ အားကြီးသော သူတို့သည် မအောင်မြင် သောအရာ ဟူ၍ မရှိ၊ ဝီရိယ အားကြီးသော သူတို့သည် မအောင်မြင်သော အရာဟူ၍ မရှိ၊ ပညာ အားကြီးသော သူတို့သည် မအောင်မြင်သော အရာဟူ၍ မရှိဟု လူသားတို့ဘဝ အောင်မြင်မှု အတွက် လမ်းညွှန် မြွက်ကြား ခဲ့သည်။

သို့ဖြစ်ရာ မြတ်ဗုဒ္ဓ၏ လမ်းညွှန် ဟောကြားချက် နှင့်အညီ မိမိတို့၏ ဆန္ဒများကို အခိုင်မာဆုံး ဖြစ်အောင်၊ မိမိတို့၏ ဝီရိယများကို အတိုးတက်ဆုံး ဖြစ်အောင်၊ မိမိတို့၏ ပညာ အရည်အသွေး ကို ပိုမို တိုးတက် ပြည့်ဝအောင် ကြိုးစား၍ ဘဝ ရည်မှန်းချက် အောင်မြင်မှု များကို ရယူပိုင်ဆိုင် သွားကြရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ် နှစ်ဆန်း တစ်ရက် မင်္ဂလာ အခါသမယတွင် မြန်မာပြည်သူ ပြည်သား အပေါင်းကို ရတနာပုံသတင်းစာ က အကြံပြု တိုက်တွန်း ရေးသား လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#ရတနာပုံနေ့စဉ်

Sunday, December 28, 2014

နှစ်သစ်ကို အားသစ်ဖြင့် စည်ပင်စေ


နှစ်သစ်ကို အားသစ်ဖြင့် စည်ပင်စေ

၂ဝ၁၄ ခုနှစ်ဆိုသည့် ခရစ်နှစ် တစ်နှစ်သည် မကြာမီ ကုန်ဆုံးတော့မည် ဖြစ်သည်။ ကုန်ဆုံးသွားသော နှစ်တစ်နှစ် အတွင်း လုပ်ကိုင် ဆောင်ရွက် ခဲ့သော လုပ်ငန်း အဖြာဖြာ တို့သည် မည်ရွေ့မည်မျှ တိုးတက်ခဲ့ ပါသနည်း ဆိုသည်ကို လူတိုင်း စဉ်းစား သင့်သည်။ နှစ်တစ်နှစ် ကူးပြောင်း သွားလျှင် အသက်တစ်နှစ် ကြီးသွားရုံမျိုး မဟုတ်ဘဲ ဘဝ တိုးတက်မှု တစ်ဆင့်တိုး သွားမှုမျိုး ဖြစ်သင့်သည်။

နှစ်တစ်နှစ် ကုန်တိုင်း လူသည် အသက်ကြီး လာသကဲ့သို့ တိုးတက် ပြောင်းလဲမှု များလည်း ရှိရန် လိုသည်။ အသက် တစ်နှစ်ပြီး တစ်နှစ် ကြီးသွားပြီး ဘာတစ်ခုမျှ တိုးတက်မှု မရှိလျှင် ''အသက်ကြီး ပြီး အချိန် မစီးဘူး'' ဟူသော စကားသည် ကိုယ့်အတွက် ဖြစ်လာမည်ကို စဉ်းစားရန် လိုသည်။

လူတစ်ဦး တစ်ယောက် အနေဖြင့် နှစ်တစ်နှစ် ကုန်တိုင်း တိုးတက်မှု တစ်ခုခု ရရန်လိုသည်။ တစ်နှစ်တာ အတွင်း မည်သည့် အလုပ်တို့ကို မည်သည့် အဆင့်ထိ ရောက်အောင် လုပ်နိုင် ခဲ့သည်။ မည်သည့် ပညာရပ်များ သင်ယူ တတ်မြောက် ခဲ့သည်။ မည်သည့် အကျိုး စီးပွားများ ရရှိခဲ့သည်။ စသည်ဖြင့် မိမိကိုယ် မိမိ ဝေဖန်သုံးသပ် သင့်သည်။ အားနည်းချက် များကို ပြုပြင်ပြီး အားသာချက် များကို မြှင့်တင် ဆောင်ရွက်၍ ဘဝတိုးတက်မှုကို ဖန်တီးကြ ရမည် ဖြစ်သည်။

အချို့သူ များက တစ်နှစ်အတွင်း မည်မျှ အောင်မြင်အောင် လုပ်မည်ဟု ဆုံးဖြတ်၍ အမှန်တကယ် အောင်မြင်အောင် လုပ်ကြသည်။ ထိုလူမျိုးသည် ဘဝ၌ ထိပ်တန်း နေရာများ၌ ရှိနေသည် ကို မည်သူမျှ ငြင်း၍ မရပေ။ အချို့ကား လုပ်မည်ဟုသာ ပြောနေပြီး အမှန်တကယ် အောင်မြင် ပြီးမြောက်အောင် မဆောင်ရွက် ကြ၍ အောင်မြင်မှု မရကြဘဲ ရှိနေသည်။

လူ့ဘဝ သက်တမ်းသည် နှစ်တစ်ရာဟု ဆိုသည်။ မိမိဘဝ၊ မိမိ မိသားစု၏ အကျိုး၊ အများအကျိုး တစ်ခုခု အကျိုးရှိစွာ တိုးတက် အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိလျှင် အသက်ရှည် ခြင်းမှာ အချည်းနှီးသာ ဖြစ်ပေမည်။

နှစ်သစ် တစ်နှစ်သို့ ကူးပြောင်းတိုင်း နှစ်သစ်ကူးပွဲ များကို တခမ်းတနား ပြုလုပ်ကြသည်။ ထို နှစ်သစ်ကူးပွဲ များသည် ပျော်ပွဲရွှင်ပွဲများ အဖြစ်သာ လမ်းဆုံးနေသည် ကိုတွေ့ရသည်။ အမှန်မှာ ထိုသို့မဟုတ် အသိတရား၊ သတိတရား နှင့် လာမည့်နှစ်သစ် ကို ပျော်ရွှင်မှု များဖြင့် ဖြတ်သန်းနိုင်ရန် အားသစ်မွေးသည့် ပွဲသာ ဖြစ်သည်။

သို့ဖြစ်ရာ နှစ်တစ်နှစ် ကုန်တိုင်း၊ နှစ်တစ်နှစ် ကူးတိုင်း အောင်မြင်မှု၊ တိုးတက်မှု၊ ကြိုးစား လုံ့လပြု အားထုတ်မှု တို့ဖြင့် မိမိနှင့်မိမိ ပတ်ဝန်းကျင်ကို ကောင်းကျိုး များဖြင့် စည်ပင်သာယာ ဝပြောစေရန် အားသစ်ဖြင့် ကြိုးပမ်း ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း အသိပေး တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Sunday, April 13, 2014

နှစ်သစ်ကူး အတာသင်္ကြန်



နှစ်သစ်ကူး အတာသင်္ကြန်

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး ပေတော့မည်။ မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ်သို့ ကူးပြောင်းခြင်း ဖြစ်သည်။ ခရစ်ယာန် ဘာသာဝင် တို့တွင် ခရစ္စမတ်ပွဲ ၊ တရုတ် တို့သည် နှစ်သစ်ကူးပွဲ ၊ မွန်ဂိုတို့သည် ကောက်သစ် စားပွဲ စသည့်ပုံစံ အမျိုးမျိုးဖြင့် နှစ်သစ်ကို ကြိုဆို ကြသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည်ကား အတာသင်္ကြန်ပွဲ ဖြင့် နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆို ကြသည်။

တစ်ဦးနှင့်တစ်ဦး သင်္ကြန် ရေပက်ဖျန်း ရာတွင် နှစ်ဟောင်းမှ အညစ်အကြေး များကို ဆေးကြော သန့်စင်ခြင်း ၊ နှစ်သစ်တွင် အေးချမ်း သာယာပြီး ရွှင်လန်း ချမ်းမြေ့ ပါစေကြောင်း မွန်မြတ်သော စေတနာ ထားရှိခြင်း စသည့် ရည်ရွယ်ချက် များဖြင့် သွန်းဖျန်းကြခြင်း ဖြစ်သည်။ သင်္ကြန်တွင်း ကာလတွင် သက်ငယ်ပိုင်း ၊ သက်လတ်ပိုင်း လူငယ်လူရွယ် တို့သည် ရေကစားလေ့ ရှိကြပြီး သက်ကြီးပိုင်း ဗုဒ္ဓဘာသာဝင် တို့မှာမူ ကျောင်းကန် ဘုရားရိပ် တွင် ဥပုသ် သီတင်းသီလ ဆောက်တည် ကြသည်။ မြန်မာနိုင်ငံ တစ်ဝန်း မြို့တိုင်း ၊ ရွာတိုင်း ၊ ရပ်ကွက်တိုင်း ၊ လမ်းတိုင်းတွင် စတုဒိသာ အလှူမဏ္ဍပ် များထိုးကာ အယုတ် ၊ အလတ် ၊ အမြတ် မရွေး လှူဒါန်း ကျွေးမွေး နေသည်ကို ကြည်နူးဖွယ် မြင်တွေ့ရမည် ဖြစ်သည်။ ထိုမြင်ကွင်းကို ဆရာ ဇော်ဂျီက " အတာကူးသည် ၊ တန်ခူးခါမှာ ၊ ဒါနက တဝေေ၀ ၊ ရေတွေက တရွှဲရွှဲ ၊ ပျော်ပွဲက တ၀င့်ဝင့် ၊ ကဲလို့သာ ဆင့်ရော့ ၊ အရွယ်သင့် အရွယ်ငယ် ၊ မြန်မာတွေ ထည်လိုက်ကြ " ဟု စာပန်းချီ ရေးသီခဲ့သည်။

နှစ်ဟောင်း ကုန်၍ နှစ်သစ်ကူးသည့် တန်ခူးလတွင် စိတြနက္ခတ် သည် စန်းနှင့်ယှဉ်၍ ထွန်းလင်း ပါသည်။ နှစ်ကူး အတာ ရေသဘင်ပွဲကို ခြိမ့်ခြိမ့်သဲ နွှဲပျော် ကြပါသည်။ တန်ခူးလ အခါသမယ နှင့် ပတ်သက်၍ ဖိုးသူတော် ဦးမင်း က ...

" ဟောင်းရွက်ညှာ ခါလှစ်လို့ ၊ တာသစ်ကယ်တဲ့ နံ့ကြိုင် ။
သုတ်မြူး လေဆော်က ၊ ပန်းကံ့ကော် ၀တ်မှုန်ကျင်း
သင့်းပျံ့လို့လှိုင် ။
ကြယ်နှစ်ပြိုင် သွယ်ဆိုင်ပ၀င်း။
စိတြငယ် နှင့် ငွေလသော်တာ တို့ ၊ ယုဂန်ချာ တောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း ။ ။ " 

ဟု ဖွဲ့ဆို မှတ်တမ်းတင် ခဲ့သည်။

နှစ်ကူး အခါသမယ သင်္ကြန်ကာလ တွင် ရိုင်းစိုင်း ကြမ်းတမ်းစွာ ရေကစားခြင်း ၊ မူးယစ် ရမ်းကားခြင်း များ ရှောင်ကြဉ်ရန် လိုအပ်ပါသည်။ မြန်မာတို့၏ မြတ်နိုး ဂုဏ်ယူဖွယ်ရာ ရိုးရာ ယဉ်ကျေးမှု အလှကို မပျက်စီး ရအောင် ၀ိုင်းဝန်း စောင့်ထိန်း ကြရန် လိုအပ်ပါသည်။ နှစ်ကူး အတာသင်္ကြန် တွင် ယဉ်ကျေးစွာ ရေကစားရင်း ကုသို့ ကောင်းမှုများ ပြုလုပ်ကာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကို ပုံဖော်ကြပါစို့ ဟု ရေးသား လိုက်ရ ပါသည်။

စာတည်းမှူးချုပ်
ငွေတာရီမဂ္ဂဇင်း

နှစ်သစ်ချိန်အခါ မင်္ဂလာ


နှစ်သစ်ချိန်အခါ မင်္ဂလာ

မြန်မာ သက္ကရာဇ် ၁၃၇၅ - ၁၃၇၆ ခုနှစ် ၊ တန်ခူး လပြည့်နေ့ ( ၂၀၁၄ ခုနှစ် ၊ ဧပြီလ ၁၄ ရက် ) သည် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ အတွက် နှစ်သစ်ကူးသည့် အခါသမယ နေ့ထူး ရက်မြတ်ပင် ဖြစ်သည်။ တစ်နည်း အားဖြင့် တန်ခူးလ သည် မြန်မာလ များ၏ အစဖြစ် သကဲ့သို့ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်ကူး သင်္ကြန် ကျသောလ ဖြစ်သည်။ ထို့ပြင် မြန်မာ နှစ်သစ်ကူး သင်္ကြန် ပွဲတော်သည် မြန်မာလူမျိုး တို့၏ စေတနာ အလှကို ဖော်ပြခွင့် ရသောလလည်း ဖြစ်သည်။

တန်ခူးလ ကို မြန်မာစာ ၊ မြန်မာ့မူ ၊ မြန်မာ့ ယဉ်ကျေးမှု အရ မိဿရာသီ ဟု ခေါ်သည်။ ထိုလတွင် လမင်းနှင့် ယှဉ်ပြိုင် ထွန်းလင်း နေသော စန်းပြည့် နက္ခတ်သည် စိတြနက္ခတ် ဖြစ်သည်။ တံငါတာရာ ကလည်း တောက်ပ နေသည်။ ရာသီ အမှတ်အသားရုပ် မှ ဆိတ်ကုလား ( သိုး ) ရုပ် ဖြစ်သည်။ နက္ခတ်တာရာ ဆိုသည်မှာ ကောင်းကင်တွင် တောက်ပသော ကြယ်များပင် ဖြစ်သည်။ ထိုလတွင် အချိန်မှန်မှန် ပွင့်သောပန်း သည် ကံ့ကော်ပန်း ဖြစ်သည်။ ပိတောက်ပန်း သည် အများအားဖြင့် တန်ခူးလ တွင် ပွင့်တတ် သော်လည်း ရာသီ အခြေအနေ အရ တစ်ပေါင်းလတွင် စော၍ ပွင့်တတ်ပြီး ကဆုန်လ ရောက်မှ နောက်ကျ၍လည်း ပွင့်တတ် သည်။

မြန်မာ နှစ်သစ်ကူး သင်္ကြန် ပွဲတော်သည် ပူအိုက်သော နွေရာသီတွင် ကျင်းပခြင်း ဖြစ်သဖြင့် ပူလောင်းခြင်း မှ သက်သာစေရန် ရေစင် အေးအေးဖြင့် ရေပက်ဖျန်းခြင်းသာ ဖြစ်သည်။ တစ်ဖက်သား အား ကာယိနြေ္ဒမဲ့ စေရန် ၊ အရှက်တကွဲ အကျိုးနည်း ဖြစ်စေရန် မဟုတ်ခြင်း ကို သတိပြု ရပေမည်။ မြန်မာတို့သည် နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကာလအတွင်း ရေသဘင်ပွဲ ဆင်နွှဲရုံသာ မဟုတ်ဘဲ ကုသိုလ် ကောင်းမှုများ ပြုလုပ်ခြင်း ၊ သက်ကြီး ရွယ်အို အဘိုး အဘွား များအား ခေါင်းလျှော် ပေးခြင်း ၊ ခြေသည်း လက်သည်း ညှပ် ပေးခြင်း ၊ စတုဒိတာများ ကျွေးမွေး လှူဒါန်းခြင်း များအပြင် ဇီဝိတဒါန အဖြစ် တိရစ္ဆာန် များကို ဘေးမဲ့ လွှတ်ကြခြင်း ဖြင့် မြန်မာ့ နှစ်သစ်ကူး ကာလကို ကောင်းမှုဒါန မျိုးစေ့များ ချလျက် ရှိသည်မှာလည်း မြန်မာတို့၏ ချစ်စရာ ကောင်းသော ဓလေ့စရိုက် များပင် ဖြစ်သည်။

မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကာလအတွင်း ကုသိုလ် ကောင်းမှုများ ရှာဖွေ ပြုလုပ် ကြသလို တစ်ဖက်တွင်လည်း မြန်မာ့ ယဉ်ကျေးမှု နှင့် ဆီလျော်မှု မရှိသည့် ၀တ်စား ဆင်ယင်မှု ၊ ကြမ်းတမ်းစွာ ရေကစားမှု ၊ မူးယစ် သောက်စား ရမ်းကားမှု နှင့် ယာဉ်မတော်တဆ ဖြစ်မှုများ ဖြစ်ပွားလျက် ရှိသည်ကို တွေ့ရှိရ ပေသည်။ တစ်နည်း အားဖြင့် နှစ်သစ်ကူး သင်္ကြန် ပွဲတော် ကာလအတွင်း မြန်မာမှု ၊ မြန်မာ့ဟန် ၊ မြန်မာ့ ဓလေ့စရိုက် တို့ဖြင့် မြန်မာတို့၏ သရုပ်ဖော် ယဉ်ကျေးမှု ကို ထိန်းသိမ်း စောင့်ရှောက်ရန်လည်း အထူး လိုအပ် လှပေသည်။ ထို့ကြောင့် မြန်မာ့ နှစ်သစ်ကူး ကာလ သင်္ကြန်ပွဲတော် အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့်အညီ နိုင်ငံတော် အဆင့် မြန်မာမူ ၊ မြန်မာ့ဓလေ့ များဖြင့်သာ နှစ်သစ်ကို အတာရေစင် ဖြင့် ကြိုဆို ကြပါစို့ ဟု တိုက်တွန်း ရေးသား လိုက်ရပေသည်။

စာတည်းမှူးချုပ်
မြ၀တီစာပေတိုက်


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger