www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အာဆီယံ စစ်ရေးသတင်း. Show all posts
Showing posts with label အာဆီယံ စစ်ရေးသတင်း. Show all posts

Friday, January 13, 2017

နိုင်ငံကာကွယ်နိုင်ရေးအတွက် အိန္ဒိယမှ ဒုံးကျည်များကို ၀ယ်ယူတော့မည့် ဗီယက်နမ်




( ရှိန်းထက် )

အိန္ဒိယသည် စီးပွားရေးဖွံ့ဖြိုး တိုးတက် လာသည်နှင့်အမျှ ၄င်း၏စစ်ရေး စွမ်းအားကိုပါ ထပ်တူတိုးမြှင့် လာခဲ့သည်။ ထို့နောက် တရုတ်တို့ လမ်းစဉ်အတိုင်း ဒေသတွင်း စစ်ရေးသြဇာ လွှမ်းမိုးနိုင်ရန် ကြိုးစား လာပြန်သည်။ ယခု အိန္ဒိယ၏ ရည်ရွယ်ချက်မှာ အာဆီယံ၏ ကာကွယ်ရေး မဏ္ဍိုင်အဖြစ် ရပ်တည်နိုင်ရန် ဖြစ်သည်။

ယခု ဗီယက်နမ်က အိန္ဒိယ၏ ဒုံးကျည်များကို ဝယ်ယူကာ ၄င်း၏နိုင်ငံ ကာကွယ်ရေး အင်အား မြှင့်တင်ရန် စိတ်ဝင်စားလျက် ရှိသည်။ စစ်လက်နက် ဝယ်ယူရန်ကိစ္စကို ၂ဝ၁၆ ခုနှစ်ကတည်းက ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယင်းတို့ အထဲတွင် တော်ပီဒိုနှင့် စစ်ဘက်သုံး ရဟတ်ယာဉ် များလည်း ပါဝင်သည်။ အိန္ဒိယ သည် ၂ဝ၁၆ ခုနှစ်မှစ၍ ကာကွယ်ရေး ကဏ္ဍတွင် နေရာတစ်နေရာ ရခဲ့သည်။ အထူးသဖြင့် ဒုံးကျည်ကဏ္ဍတွင် ဖြစ်သည်။

အိန္ဒိယအစိုးရ အနေဖြင့် ၁၉၈၃ ခုနှစ်မှ စ၍ ၂ဝဝ၇ ခုနှစ်အထိ ဒုံးကျည် သုတေသနကို အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံ ခဲ့ပြီး Akash အပါအဝင် Nag ၊ Angi ၊ Trishul နှင့် Prithvi တို့ကို အောင်မြင်စွာ ထုတ်လုပ်နိုင် ခဲ့သည်။ တာတို၊ တာလတ်နှင့် တာဝေးပစ် အထိ အတိကျဆုံး ပုံစံများဖြင့် ထုတ်လုပ်ခဲ့ပြီး ယခု အိန္ဒိယဒုံးကျည် ဈေးကွက်သည် ကမ္ဘာပေါ်၌ အသစ်စက်စက် ပေါ်ထွက်လာသည့် ကာကွယ်ရေး ဈေးကွက် ဖြစ်သည်။

ထိုအထဲတွင် အအောင်မြင်ဆုံး နှင့် အကောင်းဆုံးမှာ Angi အမျိုးအစား တာဝေးပစ်ဒုံးကျည် ဖြစ်သည်။ တာဝေးပစ် ဒုံးအင်ဂျင် အသုံးပြုထားသည့် တိုက်ချင်းပစ် ဒုံးကျည် IC BM အမျိုးအစားဖြစ်ကာ ကီလိုမီတာ သောင်းချီ ပစ်ခတ်နိုင်သည့် အမျိုးအစား ဖြစ်သည်။ ယခု ဗီယက်နမ်တို့ ဝယ်ယူမည့် အမျိုးအစားမှာ Akash အမျိုးအစား တာလတ်ပစ် ဒုံးကျည်ဖြစ်သည်။

၆ဝဝ ကီလိုမီတာ အထိ အရောက်ပစ်နိုင်ပြီး မြေပြင်မှ ဝေဟင်ပစ် အမျိုးအစား ဖြစ်ကာ ကာကွယ်ရေးစနစ် အတွက်လည်း အသုံးပြုနိုင်သည်။ အိန္ဒိယ စစ်တပ်သည် ရာသီမရွေး အသုံးပြုနိုင်သည့် Akash အမျိုးအစား ဒုံးကျည်များကို အစင်းရေ ၃ဝဝဝ အထိ ထုတ်လုပ်ထားသည်။ အိန္ဒိယတို့သည် ရုရှားနည်းပညာ အကူအညီဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ် များကပင် စစ်ဘက်တွင် ပူးတွဲ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အာကာသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် တွင်လည်း ဆယ်စုနှစ်နှင့်ချီ အောင်မြင်မှုများ ရရှိထားသည့် နိုင်ငံဖြစ်သည်။

ထို့ပြင် အိန္ဒိယလေတပ် အတွက် အဓိက ပင်မကျောရိုး အနေဖြင့် အသုံးပြုနေသည့် ရုရှားနိုင်ငံထုတ် Su-30 ဂျက်တိုက်လေယာဉ် များဖြင့် ဗီယက်နမ် လေသူရဲများကို လေ့ကျင့် ပေးရေးအတွက် အိန္ဒိယနှင့် ဗီယက်နမ် တို့ သဘောတူညီမှု ရယူထားပြီး ဖြစ်သည်။ အိန္ဒိယလေတပ် သည် ၂ဝ၂ဝ ပြည့်နှစ်ကျော် အနာဂတ်ကာလ များအတွက် ခေတ်မီသည့် လေတပ်မတော် တစ်ခုကို ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် Su-30 ကို ဝယ်ယူနေခြင်း ဖြစ်ပြီး ယခုအချိန်ထိ ရုရှားတို့ထံမှ Su-30 မှာယူမှု အရေအတွက်သည် ၃၄၁ စင်းရှိသွားပြီ ဖြစ်သည်။

၂ဝ၁၄ ခုနှစ်အထိ ထုတ်လုပ်ပြီးသမျှ Su-30 အရေအတွက်သည် ၂ဝဝ ရှိပြီး အိန္ဒိယစစ်တပ် သည် မူပိုင်အသုံးပြုသူ ဖြစ်သည်။ ယခု အိန္ဒိယ၌ Su-30 အစင်းရေ ၂ဝဝ ကျော်ဖြင့် လေတပ်အခန်း ကဏ္ဍကို အဓိက တာဝန်ယူ ထားသည်။ တာဝေးဂျက် တိုက်လေယာဉ် မျိုးဆက်ဖြစ်ကာ တစ်နာရီ ကီလိုမီတာ ၂၁ဝဝ အထိပျံသန်း နိုင်သည်။ Su-35 မှ နည်းပညာများကို မျှဝေအသုံးပြု ထားသည့် က မျိုးဆက်ဖြစ်ကာ စွမ်းဆောင်ရည်ချင်း တူညီသည်ဟု ခန့်မှန်းခြင်း ခံထားရသည့် ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်သည်။

ဗီယက်နမ်၌ အိန္ဒိယကဲ့သို့ပင် Su-30 ကို ၄င်း လေတပ်အတွက် အသုံးပြုနေပြီး လက်ရှိအစင်းရေ ၃၆ စင်းရှိသည်။ ထို့ပြင် အိန္ဒိယ အစိုးရသည် ဗီယက်နမ် အစိုးရနှင့် အမေရိကန် ဒေါ်လာသန်း ၅ဝဝ တန် ကာကွယ်ရေး သဘောတူ ညီချက် ကလည်း ရရှိထားပြန်သည်။ ယခင်က ကာကွယ်ရေး အတွက် တရုတ်ကိုသာ အာဆီယံက မှီခိုနေရ သော်လည်း ယခုတော့ အာဆီယံ ကာကွယ်ရေး ဈေးကွက်သည် အိန္ဒိယဘက်သို့ တစ်စတစ်စနှင့် ပြောင်းလဲလာ နေသည်။

ယခုအချိန်ထိ အိန္ဒိယစစ်တပ် သည် ရုရှားနိုင်ငံထုတ် Kilo Class ရေငုပ်သင်္ဘော များတွင် တာဝန် ထမ်းဆောင်ရန် ဗီယက်နမ် စစ်သည် ၅၅ဝ ကျော်ကို လေ့ကျင့်ပေးပြီး ဖြစ်သည်။ ထို့ပြင် ရေတပ်သင်္ဘော များကိုလည်း ဗီယက်နမ်သို့ ရောင်းချနိုင်ရေး အိန္ဒိယတို့ ဆွေးနွေး နေပြန်သည်။ ကာကွယ်ရေး ဘက်တွင် ဗီယက်နမ် ကဲ့သို့ တရုတ်ထက် ပိုပြီး အိန္ဒိယနှင့် ဆက်သွယ်ရန် မျက်စိကျ လာသည့် နိုင်ငံများမှာ အင်ဒိုနီးရှား နှင့် မလေးရှား တို့ဖြစ်သည်။

ထို့ပြင် အိန္ဒိယ ရင်းနှီးမြှုပ်နှံမှု များသည် အာဆီယံထဲသို့ အလုံးအရင်းဖြင့် ဝင်လာပြန်သည်။ ဝန်ကြီးချုပ် မိုဒီ လက်ထက်ကျမှ အောင်မြင်စွာ ပြန်လည် အသက်သွင်း နိုင်ရန် ကြိုးစားလာ နေသည့် အရှေ့ကြည့် မူဝါဒကို အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ တရုတ်အတွက် အာဆီယံနိုင်ငံ များနှင့် ပဋိပက္ခ ဖြစ်နေချိန် စီးပွားရေး အရရော စစ်ရေး အရပါ အိန္ဒိယတို့ အချိန်ကိုက် ဝင်လာခဲ့သည်။

ယခု အိန္ဒိယကို အာရုံစိုက်သည့် အာဆီယံ နိုင်ငံများထဲတွင် ဗီယက်နမ်က စစ်ရေးအရရော စီးပွားရေးအရပါ အိန္ဒိယကိုမှီခိုရန် ရွေးချယ်ပြီး သလောက်ဖြစ် နေသည်။ စစ်ရေးအရ ကြည်း၊ ရေ၊ လေ ကဏ္ဍ များတွင် အိန္ဒိယနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး စီးပွားရေးအရ တွင်ပါ၂ဝ၂ဝ ပြည့်နှစ် အရောက် ကုန်သွယ်ရေး တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အထိရောက်ရန် မျှော်မှန်းထားသည်။

ယခုအချိန်ထိ အိန္ဒိယနှင့် ဗီယက်နမ်တို့ လက်မှတ်ရေးထိုး ထားသည့် သဘောတူညီမှု သည် ၁၂ ခုရှိပြီး အိန္ဒိယတို့ တည်ဆောက် ပေးမည့် အမေရိကန် ဒေါ်လာ ငါးသန်းတန် ဆော့ဖ်ဝဲလ် တက္ကသိုလ် အပါအဝင် ကာကွယ်ရေး မဟာဗျူဟာ မိတ်ဖက်အဖြစ် ပါ ရုရှား၊ တရုတ်တို့နှင့် တန်းတူ အိန္ဒိယကို ဗီယက်နမ်တို့ လက်ခံခြင်း ဖြစ်သည်။ အာကာသ အခန်းကဏ္ဍ တွင်လည်း ဗီယက်နမ်တို့ အိန္ဒိယ နည်းပညာများကို မျက်စိကျနေပြီး အာဆီယံ ၏ အမာခံ မဟာမိတ်အဖြစ် ဗီယက်နမ် သည် အိန္ဒိယအတွက် ရပ်တည်လာမည် ဖြစ်သည်။

မိုဒီ၏ စီးပွားရေးနှင့် စစ်ရေးသည် အာဆီယံတွင် အောင်မြင်မှု မှတ်တိုင်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ နောက်ထပ်လည်း မိုဒီ အတွက် အမာခံ မဟာမိတ်များ အာဆီယံ ၌ ထပ်တိုးလာရန် အလားအလာများ ရှိနေသည်။ အိန္ဒိယတို့က အာဆီယံကို ကာကွယ်ရေးအရ အဓိက အခန်းကဏ္ဍတွင် အရေးပါဆုံးနိုင်ငံ ဖြစ်လိုသည့် ၄င်းတို့ ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော် နေခြင်းဖြစ်သည်။

ယခု တာလတ်ပစ် ဒုံးကျည်ကဏ္ဍ ကို အိန္ဒိယ တို့ ဗီယက်နမ်နှင့် စတင်လိုက်ပြီး နောက်ထပ် တာဝေးပစ် ဒုံးကျည်ကဏ္ဍ တွင်လည်း အိန္ဒိယ တို့ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိလာတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Wednesday, December 21, 2016

စစ်ရေးအရ တရုတ်နှင့် ပူးပေါင်းမှု ထပ်ဆင့်တိုးမြှင့်လိုက်သည့် ထိုင်းနိုင်ငံ


စစ်ရေးအရ တရုတ်နှင့် ပူးပေါင်းမှု ထပ်ဆင့်တိုးမြှင့်လိုက်သည့် ထိုင်းနိုင်ငံ

( ရှိန်းထက် )

အရှေ့အာရှ၌ အမေရိကန်၏ သြဇာ အာဏာသည် တရုတ်ကို အရှုံးပေး နေရပြီလားဟု မေးခွန်းထုတ် နေရစဉ်တွင် ထိုင်းနှင့်တရုတ် တို့က လုံခြုံရေးနှင့် ကာကွယ်ရေး ကဏ္ဍကို ထပ်ဆင့်မြှင့်တင် လိုက်ကြပြန်သည်။

၂ဝ၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အာဏာ သိမ်းမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု ဆိုကာ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကို ခံထားရသော ထိုင်းနိုင်ငံသည် ဘုရင်အသစ် မဟာဝါဂျီရာ လောင်ကွန်း တက်လာသည့် အချိန်တွင်လည်း အမေရိကန်နှင့် ဆက်ဆံရေးက ပိုမိုဆိုးရွား လာပြန်သည်။ ကနဦးတွင် ဘုရင်အသစ် မဟာဝါဂျီရာ လောင်ကွန်း ကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲ လာမည်လား ဟူသည့် မျှော်လင့်ချက်များ ရှိသည်။

ယခုတော့ မင်းသား မဟာဝါဂျီရာ လောင်ကွန်း ဘုရင်ဖြစ်လာပြီး မကြာမီမှာပင် တော်ဝင်အကြံပေး အဖွဲ့ဝင် ၁၃ ဦးကို နောက်ထပ်သုံးဦး ထပ်ပေါင်းထည့်ကာ ၁၆ ဦးဖြစ်အောင် ဦးစွာ ပြုလုပ်သည်။ ထို ပေါင်းထည့်သည့် သုံးဦးစလုံးသည် စစ်တပ်ထိပ်ပိုင်း အကြီးအကဲများ ဖြစ်သည်။ ဘုရင်အသစ် မဟာဝါဂျီရာ လောင်ကွန်း သည် စစ်ဘက် ဆိုင်ရာကို ပိုမိုအားသန်ပြီး ပြည်တွင်းရေးကို သိပ်စိတ် မဝင်စားသည့် ဘုရင်ဟု အများစုက ဝေဖန်ကြသည်။

ထို့ကြောင့် ထိုင်းဘတ်ငွေ တန်ဖိုး လျော့ကျခဲ့ရပြီး ထိုင်းနိုင်ငံကို ယခင်ကထက် ပိုမို ကောင်းမွန်အောင် ပြုလုပ်ပေး နိုင်လေ မလောဟု ယခင်က မဝံ့မရဲ မျှော်လင့်ချက် များလည်း မှေးမှိန်ခဲ့ရသည်။ ယခု ထိုင်းနိုင်ငံခြားရေး မူဝါဒသည် တရုတ်ဆီသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ဦးတည်သွားလျက် ရှိသည်။ အမေရိကန် တို့က ၂ဝ၁၄ ခုနှစ်တွင် ထိုင်းကို စီးပွားရေးပိတ်ပြီး မကြာမီမှာပင် ထိုင်း က အမေရိကန် မရှိလည်း ဖြစ်သည်ဟူသော ၄င်း၏ သဘောထားကို တရုတ်နှင့် ၂ဝ၁၅ ခုနှစ် ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်၍ ပြသခဲ့သည်။

ထိုနောက်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံရေးသည် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိသွားပြီး ယခု ထိုင်းနှင့် တရုတ်တို့ စစ်ရေးအရ ပူးပေါင်းမှုသည် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုဆီသို့ ရောက်လာပြီ ဖြစ်သည်။ မေလက လာအိုနိုင်ငံ၌ ကျင်းပခဲ့သော အစည်းအဝေး တွင် ထိုင်းအစိုးရနှင့် တရုတ် အစိုးရတို့ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး တို့ကို ဦးစားပေး ဆွေးနွေး ကြသည်။ 

ယခင်တစ်ပတ်က ထိုင်းနိုင်ငံသို့ ရောက်ရှိသော တရုတ် ကာကွယ်ရေး ဝန်ကြီးနှင့် ထိုင်းအစိုးရတို့ တွေ့ဆုံပြီး နှစ်နိုင်ငံအစိုးရ တို့ကြား ကာကွယ်ရေး ကဏ္ဍကို ဆွေးနွေးရာ စစ်လက်နက် နည်းပညာ အပြန်အလှန် ဖလှယ်ရေး အပါအဝင် ထိုင်းစစ်တပ်ကို လက်နက် ပံ့ပိုးပေးရေး အစီအစဉ် များလည်း ပါဝင်သည်။

ယခု ထိုင်းအစိုးရက တရုတ်တို့ထံမှ တင့်ကားများကို မှာယူထားသည့် အပြင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသော ပထမဆုံး ရေငုပ်သင်္ဘော ကိုလည်း တရုတ်အစိုးရ ဆီမှ မှာယူထားသည်။ ထို့ပြင် ထိုင်းနှင့်တရုတ် တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု အကြိမ် အရေအတွက် တိုးမြှင့်ရန် အထိ ပါဝင်ဆွေးနွေး ခဲ့သည်။

ထိုင်းနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုကဏ္ဍ အတွက်လည်း တရုတ်ကို ဦးစားပေးကာ ထိုင်းအစိုးရက ဖိတ်ခေါ်ထားပြီး ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မက်လုံးကိုပင် ထိုင်းနိုင်ငံ အစိုးရက တရုတ်လောက် မက်မောမှု မရှိတော့ပေ။ ယခုအခါ ထိုင်းနိုင်ငံ၌ အမေရိကန် ဒေါ်လာ ၂ဝ ဘီလီယံခန့် တန်ကြေးရှိသည့် ဗန်ကောက် မြေအောက် အမြန်ရထား စီမံကိန်းကို တရုတ်တို့ တည်ဆောက် ပေးရန်ရှိနေပြီး ကုန်ကျစရိတ်ကို ပြန်လည် တွက်ချက်ကာ  အကျိုးအမြတ် အတွက် တရုတ်တို့ စဉ်းစားခန်း ဝင်နေပုံရသည်။

သို့သော်လည်း ထိုင်းနိုင်ငံမှ ပြန်ရမည့် ဈေးကွက်ဝေစုသည် တရုတ်တို့ အတွက် ရေရှည် အကျိုးသက်ရောက် မည်ဖြစ်သည်။ ဥပမာ- ထိုင်းနိုင်ငံ၏ ရေထွက်လုပ်ငန်း ကုန်စည်များ အားလုံးသည် အမေရိကန် နိုင်ငံနှင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့ခွင့် မရှိတော့ပေ။ ယင်းပို့ကုန် များသည် တရုတ်ဆီသို့ အများဆုံး ရောက်ရှိသွား တော့မည် ဖြစ်သည်။ ထို့ပြင် တရုတ်တို့ဆီမှ ထိုင်းအစိုးရ၏ စစ်လက်နက် ဝယ်ယူမှု တန်ဖိုးသည် နောက်ပိုင်းတွင် နှစ်စဉ် ဒေါ်လာ ဘီလီယံနှင့်ချီ ဝင်လာတော့မည် ဖြစ်သည်။

အစက ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ နှင့် ထိုင်းဘုရင် အသစ် မဟာဝါဂျီရာ လောင်ကွန်း တို့ အဆင်မှ ပြေပါ့မလား ဟူသောလေသံ များသည် ယခုတော့ ထိုမေးခွန်းကို ဖြေစရာ မလိုတော့ အောင်ပင် သူတို့နှစ်ဦးက လက်တွဲညီ နေသည်။ အာဆီယံတွင် ဖိလစ်ပိုင်နှင့် ထိုင်းသည် အမေရိကန်၏ အမာခံစစ်ဘက် မဟာမိတ်များ ဖြစ်သည်။ အမေရိကန် တို့သည် အာဆီယံ လုံခြုံရေး အတွက်လည်း ထိုနှစ်နိုင်ငံကို အခြေပြုပြီး စစ်ဆင်ရေးများ ဆောင်ရွက် နိုင်သည်။ ယခုတော့ ထိုနှစ်နိုင်ငံ စလုံးသည် အမေရိကန် ဆန့်ကျင်ရေး ဇာတ်လမ်းများ ခင်းနေကြပြီး တရုတ်ဆီသို့သာ ဦးတည်သွား နေတော့သည်။ ဖိလစ်ပိုင် ဆိုလျှင်လည်း အမေရိကန် နှင့် ဆက်ဆံရေး များကို ဖြတ်တောက်ရန် အထိ ဆုံးဖြတ်ချက် ချထားသူ ဖြစ်သည်။

ယခု အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ် တက်လာမှသာ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေ က အမေရိကန် ဘက်သို့ အနည်းငယ် ခြေဦးပြန်လှည့် လာခြင်းဖြစ်သည်။ ယခု ဖိလစ်ပိုင်က ရေတပ်သင်္ဘော များကို တရုတ်ဆီမှ ဝယ်ယူတော့မည်။ စစ်ရေးအရ နည်းပညာ ဖလှယ်ရေး ကိုလည်း ဆောင်ရွက်နေသည်။ တရုတ်တို့သည် စစ်ရေးအရ နယ်မြေသစ်ကို ရှာဖွေလာသည်မှာ နှစ်နှင့်ချီ နေပြီဖြစ်သည်။

တရုတ်တို့သည် အမေရိကန်တို့ ကဲ့သို့ပင် နိုင်ငံပြင်ပ စစ်ရေး အခြေစိုက်စခန်း များကို တည်ဆောက် လိုသည့်ဆန္ဒ ပြင်းပြနေသည်။ ယခုတော့ အာဆီယံနိုင်ငံ များ၌ တရုတ်တို့သည် ၄င်းတို့၏ စစ်အခြေစိုက် စခန်းများ တည်ဆောက်ရန် စိုင်းပြင်း နေပြန်သည်။

၂ဝ၁၆ ခုနှစ်သည် တရုတ်နှင့် ရုရှားတို့၏ စစ်ဘက်ဆိုင်ရာ နယ်မြေသစ် ရှာဖွေမှု အောင်မြင်သည့် နှစ်ဟု ဆိုနိုင်သည်။ တရုတ်ကလည်း ထိုင်းနှင့် ဖိလစ်ပိုင်တို့ကို အောင်မြင်မှု ရကာ အာဖရိကတွင် အမေရိကန်နှင့် အပြိုင် စစ်အခြေစိုက် စခန်း တည်ဆောက် နိုင်ခဲ့သည်။ ရုရှားကလည်း ကာဇက်စတန် တွင် သူတို့၏ စစ်အခြေစိုက် စခန်းကို အကြီးစား စစ်လက်နက် ဖြည့်တင်းကာ တင့်ကားအစီးရေ ၁ဝဝ နှင့်အတူ အားဖြည့်သည်။ ထို့ပြင် အရှေ့အာရှ တွင် ဗီယက်နမ်ကို စစ်ဘက် နယ်မြေသစ် တစ်ခုအဖြစ် သတ်မှတ်၍ ရသည်အထိ အောင်မြင်ခဲ့သည်။ ယခုတော့ အာဆီယံတွင် တရုတ်နှင့် စစ်ဘက်ဆိုင်ရာ အမြင့်ဆုံး ဆောင်ရွက်သည့် နိုင်ငံကို ပြပါဆိုလျှင် ဖိလစ်ပိုင်ထက် ထိုင်းကို အရင်ဆုံး ပြရတော့မည် ဖြစ်သည်။ ပူးတွဲစစ်ရေး လေ့ကျင့်မှုလည်း ရှိသည်။ စစ်လက်နက် နည်းပညာ ဖလှယ်ရေး စီမံကိန်းများလည်း ရှိသည်။ တင့်ကားများ ဝယ်ယူရေး သဘော တူညီမှုလည်း ရရှိထားသည်။ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ခန့်တန်သည့် ရေငုပ်သင်္ဘော စီမံကိန်းပင် ရရှိထားသော နိုင်ငံဖြစ်သည်။

စီးပွားရေးဘက်ကို ကြည့်မည် ဆိုလျှင်လည်း ယခုတရုတ်က ထိုင်း၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်နေပြီ ဖြစ်သည်။ ဖိလစ်ပိုင်က ယခုမှ အမေရိကန် ဒေါ်လာ ဘီလီယံ ဆယ်နှင့်ချီသည့် စီးပွားရေး သဘောတူညီချက် များကို ရယူထားသည့် နိုင်ငံဖြစ်သည်။ စစ်ဘက် ဆိုလျှင်လည်း ယခုမှ စစ်သင်္ဘော အနည်းငယ် ဝယ်ယူရေး သဘောတူထားရုံ မျှပင်ဖြစ်သည်။ ထို့ကြောင့် ထိုင်းသည် မကြာမီ အာဆီယံ တွင် အမေရိကန်၏ မဟာမိတ် အဖြစ်မှ တရုတ်၏ အင်အားအကြီးဆုံး မဟာမိတ် အဖြစ် ပြောင်းလဲလာရန် ရာခိုင်နှုန်းပိုများ နေပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Wednesday, June 25, 2014

ဂူအမ်ကျွန်း မှ ဟာဝိုင်အီကျွန်း သို့အဖွဲ့လိုက် သင်္ဘောရွက်လွှင့် မောင်းနှင်မှုတွင် စင်ကာပူရေတပ် ပါဝင်လေ့ကျင့်



စင်ကာပူ ၊ ၂၅-၆-၂၀၁၄

စင်ကာပူ ရေတပ်မှ S-70 B Seahawk ရေတပ် ရဟတ်ယာဉ် တစ်စင်း တင်ဆောင် လာသော Formidable အတန်းအစား RSS Intrepid ကိုယ်ပျောက် ဖရီးဂိတ် သင်္ဘောတစ်စီး သည် ဇွန်လ ၁၄ ရက်မှ ၂၄ ရက်အထိ
ဂူအမ်ကျွန်း မှ ဟာဝိုင်အီကျွန်း သို့ အဖွဲ့လိုက် သင်္ဘော ရွက်လွှင့် မောင်းနှင်မှု တွင် ပါဝင် လေ့ကျင့် ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။ 

ထို့အပြင် ဘရူနိုင်း၊ တရုတ်နှင့် အမေရိကန် ရေတပ်တို့မှ စစ်သင်္ဘော ၈ စီးတို့လည်း အဆိုပါ ရွက်လွှင့် မောင်းနှင်မှု တွင် ပါဝင် လေ့ကျင့် ခဲ့ကြောင်း သိရသည်။ ရွက်လွှင့် မောင်းနှင်မှု ပြုလုပ်စဉ် အမြောက် ပစ်ခတ်မှုများ နှင့် လှုပ်ရှား စစ်ကစားမှု လေ့ကျင့်ခန်း များကဲ့သို့သော ရေတပ်ဆိုင်ရာ စစ်ဆင်မှု များကို ဆက်တိုက် ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဘောများ သည် ဟာဝိုင်အီကျွန်း ကမ်းလွန်၌ ဇွန်လ ၂၆ ရက်မှ သြဂုတ်လ ၁ ရက်အထိ အမေရိကန် နိုင်ငံက ဦးစီး ပြုလုပ်မည့် Rim of the Pacific ရေတပ် စစ်ရေး လေ့ကျင့်ခန်း တွင်လည်း ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အဖွဲ့လိုက် ရွက်လွှင့် မောင်းနှင်မှုသည် စင်ကာပူ ရေတပ်အတွက် ဘရူနိုင်း၊ တရုတ်၊ အမေရိကန် နိုင်ငံ ရေတပ်တို့နှင့် လေ့ကျင့်ခန်းများ ပြုလုပ်ရန် အခွင့်အရေး တစ်ရပ် ဖြစ်စေပြီး ၄ နိုင်ငံ ရေတပ်ဖွဲ့များ အကြား အပြန်အလှန် ဆက်ဆံရေး ပိုမို တောင့်တင်း ခိုင်မာ စေခဲ့ကြောင်း နှင့် ပင်လယ်ပြင် တွင် အပြန်အလှန် အကျိုးပြုမှုများ ဆောင်ရွက် ရာ၌လည်း ရေတပ် အမျိုးမျိုးမှ တပ်ဖွဲ့ဝင်များ အကြား အပြန်အလှန် ယုံကြည်မှု နှင့် နားလည်မှု ပိုမို ခိုင်မာ စေနိုင်ကြောင်း RSS Intrepaid သင်္ဘော အကြီးအကဲ ရေတပ် ဒုတိယ ဗိုလ်မှူးကြီး Aaron Beng ကပြောကြားခဲ့ပါသည်။

#Themyawadydaily

Thursday, March 14, 2013

စင်ကာပူ နှင့် ဘရူနိုင်း ရေတပ်တို့ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိခြင်း



၁၄-၃-၂၀၁၃

စင်ကာပူ နှင့် ဘရှုနိုင်း ရေတပ်တို့သည် စင်ကာပူ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက် ရှိသည့် Exercise Pelican အမည်ရှိ ၃၂ ကြိမ်မြောက် ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ကို မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်လျက် ရှိကြောင်း စင်ကာပူ ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာ ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ Exercise Pelican ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ကို ၁၉၇၉ ခုနှစ်တွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် စစ်ရေး လေ့ကျင့်ခန်းတွင် စင်ကာပူ နိုင်ငံဘက်မှ Formidable အတန်းအစား ရေဒါရှောင်ကွင်း နိုင်သည့် ဖရီးဂိတ် စစ်သင်္ဘော RSS Tenacious နှင့် ဒုံးပျံတင် ကော်ဗက် ရေယာဉ် RSS Volour တို့ ပါဝင် လေ့ကျင့်လျက် ရှိကြောင်း နှင့် ဘရူနိုင်း နိုင်ငံဘက်မှ Darussalam အတန်းအစား ကင်းလှည့် ရေယာဉ် KDB Darulehsan နှင့် Ijhtihad အတန်းအစား အမြန်သွား ကင်းလှည့် ရေယာဉ် KDB Afiat တို့ ပါဝင် လေ့ကျင့်လျက် ရှိကြောင်း သိရသည်။



နှစ်နိုင်ငံ ရေတပ်တို့သည် စစ်သင်္ဘော တိုက်ဖျက်ရေး ၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ၊ လေကြောင်းရန် ကာကွယ်ရေး နှင့် ပင်လယ်ရေကြောင်း ဝေဟင် စစ်ဆင်ရေး ကဲ့သို့သော ရေကြောင်း စစ်ဆင်ရေး ဆိုင်ရာ သဏ္ဍာန်တူ လေ့ကျင့်ခန်း များနှင့် နည်းဗျူဟာမြောက် ဆွေးနွေး ညှိနှိုင်းခြင်းများ လေ့ကျင့် ဆောင်ရွက်လျက် ရှိသည်။ နှစ်နိုင်ငံ ရေတပ် တို့သည် အပြန်အလှန် ပုံမှန် အလည်အပတ် ခရီးများ သွားရောက်ခြင်း ၊ ကျွမ်းကျင်မှု အပြန်အလှန် ဖလှယ်ခြင်း ၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ် တပ်ဖွဲ့ဝင်များ အကြား အပြန်အလှန် နားလည်မှုကို တိုးချဲ့လျက် ရှိကြောင်း သိရှိရသည်။

ထိုင်းရေတပ်သည် နိုင်ငံတောင်ပိုင်း တွင် ရိန်းဂျားတပ်ဖွဲ့ဝင် ၂၀၀၀ ကို ထပ်မံတပ်ဖြန့် ချထားခြင်း



၁၄-၃-၂၀၁၃

ထိုင်းရေတပ်သည် နိုင်ငံ တောင်ဘက် စွန်းပိုင်းတွင် စစ်ဆင်နေသည့် မရိန်း အထူးတပ်ဖွဲ့ကို စစ်ကူ ပေးရန်အတွက် မရိန်း ရိန်းဂျား တပ်ဖွဲ့ဝင် ၂၀၀၀ ပါဝင်သည့် တပ်ဖွဲ့သစ် တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ ရိန်းဂျား တပ်ဖွဲ့သစ်သည် လုံခြုံရေး ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် အဓိက အခန်းကဏ္ဍမှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ရိန်းဂျား တပ်ဖွဲ့သစ်ကို တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ဖြင့် တပ်ခွဲ ၁၆ ခွဲ ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း ရိန်းဂျား တပ်ဖွဲ့ဝင် များသည် ဧပြီလ ၁ ရက်နေ့ စတင်၍ Muang ခရိုင် ၊ Bacho ခရိုင် ၊ Rueso ခရိုင် နှင့် Tak Bai ခရိုင် တို့တွင် တပ်ဖြန့် သွားမှာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရိန်းဂျား တပ်ဖွဲ့ဝင်သစ် ကို ပြည်တွင်း လုံခြုံမှု စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၏ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ၊ မရိန်း အထူးတပ်ဖွဲ့သည် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် Bacho ခရိုင်ရှိ မရိန်း အခြေစိုက် စခန်းတစ်ခုကို လက်နက်ကိုင် စစ်သွေးကြွ ၅၀ ခန့်က လာရောက် တိုက်ခိုက်ချိန်၌ အောင်မြင်စွာ လက်တုံ့ပြန် နိုင်ခဲ့ပြီး စစ်သွေးကြွ ၁၆ ဦးကို သုတ်သင် နိုင်ခဲ့သည့် အတွက် ချီးကျူး ဂုဏ်ပြုခံရလျက် ရှိကြောင်း နှင့် လက်ရှိ အသစ် ဖွဲ့စည်းလိုက်သည့် ရိန်းဂျား တပ်ဖွဲ့သည် အဆိုပါ အထူးတပ်ဖွဲ့၏ စစ်ဆင်ရေး များကို ပိုမို အောင်မြင်မှု ရရှိစေမည် ဖြစ်ကြောင်း သိရှိရသည်။

Monday, March 11, 2013

ကမ္ဘောဒီးယားနှင့် နယ်စပ်တွင် တွေ့ရှိရသည့် မြေမြှုပ်မိုင်းများမှာ ထိုင်းနိုင်ငံနှင့် မသက်ဆိုင်ဟုဆို


၁၁-၃-၂၀၁၃

ကမ္ဘောဒီးယား နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ထိုင်းနိုင်ငံ ၊ ဆူရင်ပြည်နယ် တွင် ထိုင်းမိုင်း ရှင်းလင်းရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Suranaree Task Force မှ ရိန်းဂျားတပ်ဖွဲ့ဝင် ၃ ဦး မြေမြှုပ်မိုင်း နင်းမိမှုကြောင့် ဒဏ်ရာ ရရှိခဲ့ ပြီးနောက် အဆိုပါ မိုင်းများမှာ ထိုင်းစစ်ဘက် နှင့် မသက်ဆိုင်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ က မတ်လ ၈ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

ထိုင်းစစ်သည် တစ်ဦးက မိုင်းတစ်လုံးကို ဖော်ထုတ် တွေ့ရှိ ခဲ့ကြောင်းနှင့် ၄င်းနှင့် အနီး ၀န်းကျင်တွင် နောက်ထပ် မိုင်း ၁၁ လုံးကို ထပ်မံ တွေ့ရှိ ခဲ့ကြောင်း ၊ အဆိုပါ မိုင်းများကို ၄င်းနေရာတွင် မည်သူတို့က ထောင်ထား ခဲ့သည်ကို စစ်ဆေး သွားမည် ဖြစ်ကြောင်း ၊ ထိုင်းစစ်ဘက်က ထောင်ထားခြင်း မဟုတ်ကြောင်း နှင့် စစ်သည်များ အနေဖြင့် မိုင်းအန္တရာယ် ကိုသတိရှိ ကြရန် တိုက်တွန်း ထားကြောင်း ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ က ပြောကြား ခဲ့သည်။ အဆိုပါ ပြဿနာကို စစ်ဆေး ဖော်ထုတ်ရန် Suranaree Task Force ကို ကြီးကြပ်သည့် အမှတ်(၂) စစ်တိုင်းကို ညွှန်ကြား ထားကြောင်း နှင့် ထိုင်းနယ်ခြား ကော်မတီ မှ တစ်ဆင့် ကမ္ဘောဒီးယား နိုင်ငံထံသို့ ကန့်ကွက်ကြောင်း စာလွှာကို ပေးပို့ရန် ညွှန်ကြား ခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ထို့အပြင် ထိုင်း ကာကွယ်ရေး ၀န်ကြီး လေတပ် ဗိုလ်ချုပ်ကြီး ဆူကန်ပို ဆူဝါနာတက် ကလည်း ပေါက်ကွဲမှု ဖြစ်စဉ် နေရာတွင် တွေ့ရှိရသည့် မြေမြှုပ်မိုင်း များမှာ ထိုင်းနိုင်ငံ နှင့် မသက်ဆိုင် ဟု မတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း နှင့် မိုင်းများကို ထိုင်းပိုင်နက် နယ်မြေ အတွင်း တစ်မီတာ ခန့်အကွာတွင် ထောင်ထားကြောင်း လေတပ် ဗိုလ်ချုပ်ကြီး က ပြောကြား ခဲ့သည်။

အဆိုပါ နယ်စပ် တစ်လျှောက် နှစ်နိုင်ငံ စလုံးသည် မြေမြှုပ်မိုင်း အသုံးပြုမှု ကို တားမြစ် ထားသည့် Ottawa သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး ထားကြကြောင်း သိရှိရသည်။

ဘန်ကောက်ပို့စ်

Thursday, March 7, 2013

ထိုင်း - မလေးရှား နယ်စပ်ဒေသတွင် လုံခြုံရေး တင်းကြပ်ထား



၇-၃-၂၀၁၃

မငြိမ်မသက် ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားလျက် ရှိသော အကြမ်းဖက် မှုများ အဆုံးသတ် စေရေး အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်ရန် လှုပ်ရှား ဆောင်ရွက်မှု အဖြစ် ထိုင်း - မလေးရှား နယ်စပ် ဒေသတစ်လျှောက် တွင် လုံခြုံရေး တင်းကြပ် ထားကြောင်း မတ်လ ၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ လုံခြုံရေး တင်းကြပ် ထားမှု၏ အဓိက ရည်ရွယ်ချက်သည် ထိုင်းနိုင်ငံ တောင်ပိုင်းမှ စစ်သွေးကြွများ မလေးရှား နိုင်ငံဘက်သို့ သွားရောက် ခိုလှုံ နေခြင်း မရှိစေရေး တားဆီး ကာကွယ်ရန် ဖြစ်ကြောင်း New Straits Times သတင်းစာက မတ်လ ၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှ သူပုန်များသည် နယ်စပ် ဒေသအား ဖြတ်ကျော်ခြင်း မရှိကြောင်း နှင့် အဆိုပါ လုံခြုံရေး တင်းကြပ်မှု သည် သီးခြား ဆောင်ရွက်မှုသာ ဖြစ်ကြောင်း မလေးရှား နိုင်ငံ Kelantan ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ Jalaluddin Abdul Rahman က ပြောကြား ခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသအတွင်း မတည်မငြိမ် ဖြစ်ပွား နေသည့် အခြေအနေမှာ အန္တရာယ် တစ်ရပ်သဖွယ် ဆက်လက် ကျန်ရှိ နေမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

နယ်စပ်တစ်လျှောက် တွင် တရားမ၀င် လှုပ်ရှား ဆောင်ရွက်လျက် ရှိသည် ဟူသော သတင်း ပေးပို့ချက် တစ်စုံတစ်ရာမျှ ရရှိခြင်း မရှိကြောင်း နှင့် မလေးရှား နိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိ သူများနှင့် သတင်း အချက်အလက် စုဆောင်းမှု ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ထိုင်း အစိုးရ နှင့် Barisan Revolusi Nasional စစ်သွေးကြွ အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆိုင်ရာ သဘော တူညီချက် နှင့် ပတ်သက်၍ အချို့သော သူပုန်အဖွဲ့ များက ကျေနပ်မှု မရှိကြောင်း သိရှိရသည်။

Wednesday, March 6, 2013

မလေးရှားတပ်ဖွဲ့ဝင်များသည် ဆာဘားပြည်နယ်ရှိ လက်နက်ကိုင် အစွန်းရောက်များကို ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိခြင်း


၆-၃-၂၀၁၃

မကြာသေးမီ ရက်များ အတွင်းက မလေးရှား နိုင်ငံ ဆာဘားပြည်နယ် တွင် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့သော ပဋိပက္ခ များဖြစ်ပွား ပြီးနောက် မလေးရှား တပ်ဖွဲ့ဝင် များသည် အဆိုပါ ပြည်နယ်ရှိ ပဋိပက္ခ များကို အဆုံးသတ်ရန် ကြိုးပမ်းသည့် အနေဖြင့် မတ်လ ၅ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၇ နာရီခန့်တွင် ဆာဘား ပြည်နယ်ရှိ ဒေသတစ်ခု တွင် ရက်သတ္တ ၃ ပတ်ကြာ သိမ်းပိုက် ထားသော လက်နက်ကိုင် ဖိလစ်ပိုင် လူမျိုး အစွန်းရောက် ၁၈၀ ဦးခန့်ကို စတင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြောင်း မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက် ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်ဟု NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

မလေးရှား အစိုးရသည် ရဲတပ်ဖွဲ့ကို အထောက်အကူ ပေးရန် အတွက် မတ်လ ၄ ရက်နေ့တွင် ဆာဘား ပြည်နယ် သို့ ကြည်းတပ် တပ်ရင်း ၇ ရင်း ကို စေလွှတ် ခဲ့သည်။ မတ်လ ၅ ရက်နေ့ အစောပိုင်းတွင် အဆိုပါ ဖိလစ်ပိုင် လူမျိုး အစွန်းရောက် များ သိမ်းပိုက် ထားသော Lahad Datu မြို့ရှိ Felda Sahabat ဒေသတွင် ပစ်ခတ်သံများ နှင့် ဗုံးပေါက်ကွဲသံ များ ကြားခဲ့ရကြောင်း နှင့် တိုက်လေယာဉ်များ အဆိုပါ ဒေသအတွင်း ပျံဝဲလျက် ရှိသည်ကို တွေ့မြင် ခဲ့ရကြောင်း မလေးရှား နိုင်ငံ၏ The Star Online သတင်းဌာနက ပြောကြား ခဲ့သည်။

အဆိုပါ ထိုးစစ်ဆင် တိုက်ခိုက်မှုသည် မလေးရှား တပ်ဖွဲ့ဝင်များ အနေဖြင့် ၄င်းဒေသသို့ အကြီးစား စစ်လက်နက် ပစ္စည်းများ ပို့ဆောင်ပြီး နောက်တစ်ရက် အကြာတွင် ပေါ်ပေါက် လာခြင်း ဖြစ်ကြောင်း နှင့် အဆိုပါ အကြီးစား စစ်လက်နက် ပစ္စည်း များတွင် သံချပ်ကာ လူသယ်ယာဉ် ၆ စင်း ပါဝင်ကြောင်း သိရှိရသည်။

Wednesday, February 27, 2013

ထိုင်းနှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ခြင်း


၂၇-၂-၂၀၁၃

ထိုင်းကာကွယ်ရေး ၀န်ကြီး လေတပ် ဗိုလ်ချုပ်ကြီး ဆူကမ်ပို ဆူဝမ်နာတက် နှင့် ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး တီးဘန့် တို့အကြား နယ်စပ် ပဋိပက္ခ များနှင့် ပတ်သက်၍ ကျင်းပ ပြုလုပ်မည့် အစည်းအဝေး ကို အကန့်အသတ် မရှိ ရွှေ့ဆိုင်း ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် Bangkok Post သတင်း အရ သိရှိရသည်။

ကနဦးတွင် အဆိုပါ အစည်းအဝေး ကို ပရဗီဟာ ဘုရားကျောင်း ပတ်ဝန်းကျင် နယ်မြေတွင် ကျင်းပရန် စီစဉ် ထားခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံက Surin ပြည်နယ်ရှိ Surin Majestic ဟိုတယ်တွင် ပြောင်းလဲ ကျင်းပရန် စီစဉ် ခဲ့ကြောင်း နှင့် ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး တီးဘန့် သည် အဆိုပါ အစည်းအဝေး ကျင်းပမည့် နေရာ ပြောင်းလဲမှု နှင့် ပတ်သက်၍ အစောပိုင်းက သဘောတူ ခဲ့သော်လည်း ထိုသို့ နေရာ ပြောင်းလဲ ခြင်းကြောင့် အစည်းအဝေး ကို ရွှေ့ဆိုင်းရေး ကမ္ဘောဒီးယား နိုင်ငံက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အဆိုပြု ခဲ့ကြောင်း ၊ ထိုင်း ကာကွယ်ရေး ၀န်ကြီး ဌာနက ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ အငြင်းပွား နေသည့် နယ်မြေတွင် အစည်းအဝေး ကျင်းပလိုက်ခြင်း သည် ထိုင်းနိုင်ငံ အတွက် အားနည်းချက် ဖြစ်စေနိုင် သောကြောင့် ထိုကဲ့သို့ အစည်းအဝေး ကျင်းပမည့် နေရာကို ရွှေ့ပြောင်း လိုက်ခြင်း ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ဌာနက ပြောကြား ခဲ့သည်။ အဆိုပါ အစည်းအဝေး ကို နိုင်ငံတကာ တရားရုံးက ပရဗီဟာ ဘုရာင်းကျောင်း ပတ်ဝန်းကျင် ဧရိယာ နှင့် ပတ်သက်၍ တရားစီရင်မှု မတိုင်မီ နှစ်နိုင်ငံ နယ်စပ် တစ်လျှောက်တွင် တင်းမာမှု လျော့ပါးစေရေး အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Bangkok Post

Monday, February 18, 2013

ဖိလစ်ပိုင်နိုင်ငံသည် W-3A Sokol ရဟတ်ယာဉ်သစ် ၂ စင်းအား နောက်ဆုံးအသုတ် အဖြစ် လက်ခံရရှိခဲ့ခြင်း



၁၈-၂-၂၀၁၃

ဖိလစ်ပိုင် နိုင်ငံသည် ပိုလန်နိုင်ငံ PZL - Swidnik ရဟတ်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီထံမှ ၀ယ်ယူထားသည့် W-3A Sokol ရဟတ်ယာဉ် သစ် ၈ စင်းအနက်မှ နောက်ဆုံး အသုတ် ၂ စင်းအား ဖေဖော်ဝါရီ ၁၇ ရက်နေ့က လက်ခံ ရရှိခဲ့ကြောင်း ဖိလစ်ပိုင် လေတပ် ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး Miguel Ernesto Okol က ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ၄င်းရဟတ်ယာဉ် ၈ စင်း ၀ယ်ယူမှု အတွက် ပီဆိုငွေ ၂ ဒသမ ၈ ဘီလီယံ ( အမေရိကန် ဒေါ်လာ သန်း ၇၀ ) သုံးစွဲ ခဲ့ရသည်။ အဆိုပါ ရဟတ်ယာဉ် သည် ခေတ်မီ အင်ဂျင် ၂ လုံးတပ် ရဟတ်ယာဉ် ဖြစ်ကြောင်း နှင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး မစ်ရှင်များ အတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် အဆိုပါ ရဟတ်ယာဉ်များ ၀ယ်ယူရေး အတွက် ကာကွယ်ရေး ၀န်ကြီး Voltaire Gazmin ၊ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Lauro Catalino Dela Cruz အပါအ၀င် ခေါင်းဆောင် အများစုက ၂၀၁၂ ခုနှစ်အတွင်း ဆုံးဖြတ်ချက် ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Miguel Ernesto Okol က ပြောကြား ခဲ့သည်။

PZL - Swidnik ကုမ္ပဏီ အနေဖြင့် အဆိုပါ လေယာဉ် ၄ စင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လအတွင်း ဖိလစ်ပိုင် နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး နောက်ထပ် ၂ စင်းကို ၂၀၁၂ နိုဝင်ဘာလတွင် လွှဲပြောင်း ပေးအပ် ခဲ့သည်။ အဆိုပါ ၆ စင်း ကို ဖိလစ်ပိုင် လေတပ်တွင် အသုံးပြု နေပြီ ဖြစ်သည်။ ၄င်း ရဟတ်ယာဉ် များသည် အလတ်စား ရဟတ်ယာဉ် များဖြစ်ပြီး အင်ဂျင် ၂ လုံးတပ် ဖြစ်ကာ ဘက်စုံ အသုံးပြု နိုင်သော ရဟတ်ယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger