www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ရပ်ရွာအေးချမ်းရေး. Show all posts
Showing posts with label ရပ်ရွာအေးချမ်းရေး. Show all posts

Thursday, March 9, 2017

အရှေ့မြောက်တစ်ခွင် သာယာစေချင်သည်


အရှေ့မြောက်တစ်ခွင် သာယာစေချင်သည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တွင် ဈေးကွက် စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများကို ၁၉၈၈ ခုနှစ်မှ စတင် အကောင်အထည် ဖော်ခဲ့သည်။ နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် သယ်ယူ ပို့ဆောင်ရေး အတွက် လမ်းများကို အဆင့်မြှင့် တင်ချဲ့ထွင်ပေးခြင်း၊ လမ်းခရီးလုံခြုံမှု အလေးထား စောင့်ကြပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေး ခဲ့သည်။

လုပ်ငန်းများ ပို၍မြန်ဆန်စေရန် လမ်းခရီးတစ်လျှောက်ရှိ ကုန်သွယ်မှု အတားအဆီးများကို ၂ဝ၁၁ ခုနှစ်မှစ၍ ဖယ်ရှားပေးခဲ့သည့် အပြင် One Stop Service စနစ်ကိုပါ ကျင့်သုံးခဲ့ပြီး တစ်ဦးချင်း ကုန်သွယ်ခွင့် ကိုပါ သတ်မှတ်ချက် နှင့် အညီ ခွင့်ပြုပေး ထားသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု တန်ဖိုးအများဆုံးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေးစခန်း ဖြစ်သည်။ မန္တလေး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး ပေါ်တွင် သိန်းနီမြို့နယ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်က ဖွင့်လှစ်ခဲ့သော်လည်း ယနေ့အချိန်တွင် ကုန်တင်ယာဉ် များအားလုံးကို တားဆီး စစ်ဆေးခြင်းမရှိဘဲ သတင်းရရှိမှု အပေါ် မူတည်၍သာ တရားမဝင် ကုန်စည်ဝင်ထွက် သွားလာမှုကို စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းမှ ယခု မတ် ၁ ရက်တွင် ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ၁ဝ၂ဝ ကျော်ရှိသော ကျောက်စိမ်းများ သိုဝှက် သယ်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးနှင့် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄၆ သိန်းကျော် တန်ဖိုးရှိ ကျောက်စိမ်းများ သိုဝှက် သယ်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး၊ မတ် ၃ ရက်တွင် ကားဆီတိုင်ကီ နှင့် ဘန်ပါတွင် အံဝှက်ပြုလုပ်၍ ငွေကျပ်သိန်း ၂ဝဝဝ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ သယ်ဆောင် လာသည့် မော်တော်ယာဉ် တစ်စီးကို ဖမ်းဆီးရမိသည်။ ခရီးသည်တင် ယာဉ်များမှာလည်း တရားမဝင် သယ်ဆောင်လာသော တယ်လီဖုန်းနှင့် လူသုံးကုန် ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် သွားလာနေသော ကုန်သွယ်မှုယာဉ် အရေအတွက် သည် မတ် ၅ ရက်တွင် ပို့ကုန် ၇ဝ၂ စီးနှင့် သွင်းကုန် ၈၆ဝ စီးရှိပြီး ကုန်ပစ္စည်းများအား စစ်ဆေး၍ တားဆီးမှု ၁၂ မှုမှ ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂ ဒသမ ၇ သန်းရှိသည်။

ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ တို့က ကြိုးပမ်းလျက်ရှိရာ စိုက်ပျိုးရေး သီးနှံထွက်ကုန်များ ဖြစ်သော စပါး၊ နှမ်း၊ ပဲအမျိုးမျိုး၊ ပြောင်း၊ ကြက်သွန်၊ သခွားမွှေး၊ ဖရဲ စသည့် ရာသီအလိုက် စိုက်ပျိုး ထုတ်လုပ်သော သီးနှံများနှင့် ကျွဲကော၊ သရက်၊ ထောပတ် စသည့် နှစ်ရှည်ပင်များ စိုက်ပျိုး ထုတ်လုပ်ရေး အလေးထား ဆောင်ရွက် နေကြသည်။ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကုန်ထုတ် လုပ်ငန်းများမှ ထွက်ကုန်များမှာ မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပြည်ပသို့ အများဆုံး တင်ပို့၍ နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့ အတွက် အကျိုးပြုလျက် ရှိသည်။ နိုင်ငံတော်၏ ကုန်သွယ်မှု လိုငွေ စုစုပေါင်းမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၁ ဘီလီယံ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၄ ဘီလီယံ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ ၄ ဒသမ ၄၈ ဘီလီယံ ရှိကြောင်း မတ် ၁ ရက်က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။

ပြည်ပပို့ကုန် တိုးမြှင့် ထုတ်လုပ်ရေးနှင့် ဈေးကွက်ရရှိရေး နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း၍ အားကြိုးမာန်တက် ကြိုးပမ်းနေကြ ချိန်တွင် သယ်ယူပို့ဆောင်ရေး ကဏ္ဍ၌ စိုးရိမ်ဖွယ် အခြေအနေ သတင်းများ ကြားသိရသည်။ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် တပ်မတော်နှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ ပူးပေါင်း အခြေပြုလျက် ရှိသည့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ပန်လော့စခန်းကို မတ် ၄ ရက် နံနက် ၄ နာရီ မိနစ် ၄ဝ ခန့်တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အင်အား ၇ဝ ခန့်က စခန်း၏ အရှေ့ တောင်ဘက်နှင့် တောင်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အလစ်အငိုက် တိုက်ခိုက်ကြရာ တပ်မတော်သား များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်သဖြင့် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွား ကြသည်။ တစ်ချိန်တည်းမှာပင် တပ်မတော်က လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် ရင်ကွဲတောင် စခန်းနှင့် နမ့်ခိုင်တံတား လုံခြုံရေးစခန်း တို့အား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအင်အား ၁၅ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့် တပ်မတော်သား များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေး သွားကြသည်။

နိုင်ငံတော်အတွက် လိုအပ်သော ဘဏ္ဍာငွေကို ကုန်သွယ်မှု လမ်းကြောင်းမှ ရှာဖွေကြရာတွင် လမ်းခရီး လုံခြုံချောမွေ့ရေး ၊ သွင်းကုန် လျော့နည်းရေး ၊ ပို့ကုန်တိုးမြှင့်ရေး တို့သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြသည်။ တစ်ချိန်က စင်ကာပူနိုင်ငံ သည် ကုန်ထုတ်လုပ်ငန်း မဖွံ့ဖြိုးသေး သော်လည်း တစ်ဆင့်ခံ ကုန်သွယ်ရေး စနစ်ဖြင့် ပြည်သူ့ဘဏ္ဍာငွေ ရအောင်ရှာဖွေ နိုင်ခဲ့သည်မှာ တည်ငြိမ်အေးချမ်းမှု ရှိခြင်း၏ ရလဒ်ကောင်း ဖြစ်သည်ကို နမူနာယူ၍ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှု လျော့နည်းရေး အတွက် အဓိက ဖြည့်ဆည်းပေးသော မြန်မာနိုင်ငံ အရှေ့မြောက် ဒေသရှိ မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း သာယာဖြောင့်ဖြူး စေလိုသည်မှာ တိုင်းရင်းသား ပြည်သူအားလုံး၏ ဆန္ဒ ဖြစ်ပါသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Thursday, December 15, 2016

မောင်တောခရိုင်၌ ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ထပ်မံ၍ ပြင်ဆင်ထုတ်ပြန်ထား


မောင်တောမြို့အတွင်း အေးချမ်းတည်ငြိမ်စွာ သွားလာနေမှုကို တွေ့ရစဉ်

မောင်တော ၊ ၁၅-၁၂-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ဘူးသီးတောင် မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ (ကျီးကန်းပြင်)၊ ငါးခူရနယ်မြေရုံး၊ ကိုးတန်ကောက် ရဲကင်းစခန်း တို့အား အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မောင်တောခရိုင် အတွင်း ဒေသပိုမို တည်ငြိမ် အေးချမ်းရေး အတွက် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသော လူများစုဝေးခြင်း မပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ဒီဇင်ဘာ ၉ ရက်မှစ၍ နှစ်လ ပြည့်မြောက်သည့် နေ့အထိ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၁၄၄ အရ ထပ်မံ၍ ပြင်ဆင် ထုတ်ပြန် ထားကြောင်း သိရသည်။ 

အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှု မဖြစ်ခင်က ည ၁၁ နာရီမှ နံနက် ၄ နာရီအထိနှင့် ပြဿနာ ဖြစ်ပွားပြီး နောက် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိကို ညမထွက်ရ အချိန်အဖြစ် သတ်မှတ်ထား ခဲ့ကြောင်း သိရသည်။ညမထွက်ရ အမိန့်ကို ဖောက်ဖျက် ကျူးလွန်ပါက မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ စီ ဒဏ်ငွေကျခံ ရနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Wednesday, November 23, 2016

မောင်တောခရိုင်အတွင်း ရပ်ဆိုင်းထားသော စာမေးပွဲများ ပြန်လည်ဖြေဆို



မောင်တော ၊ ၂၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောဒေသ ၌ အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်ကြောင့် ပိတ်ထားသည့် အခြေခံပညာ ကျောင်းများထဲမှ ထက်ဝက်ကျော် ပြန်လည် ဖွင့်လှစ်ထားပြီး နှစ်ဝက် စာမေးပွဲများ ဖြေဆိုလျက် ရှိကြောင်း ခရိုင် ပညာရေးမှူး ဦးအုန်းမြင့် က ပြောသည်။

''မောင်တောခရိုင်မှာ အောက်တိုဘာ ၉ ရက်ကစပြီး ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။ လက်ရှိမှာ မြို့ပေါ်နဲ့ ပတ်ဝန်းကျင် မှာရှိတဲ့ ကျောင်းတွေဟာ တည်ငြိမ် အေးချမ်းမှု ရရှိ လာတဲ့အတွက် အောက်တိုဘာ ၂၄ ရက်က ပြန်လည် ဖွင့်လှစ် ခဲ့ပြီး ရပ်ဆိုင်းထားတဲ့ စာမေးပွဲတွေကို နိုဝင်ဘာ ၂၁ ရက်မှာ စတင်ဖြေဆို နေပြီ ဖြစ်ပါတယ်။ မောင်တောခရိုင်မှာ ကျောင်းပေါင်း ၄ဝဝ ကျော်ရှိတဲ့အနက် ၂ဝဝ ကျော် ပြန်ဖွင့်ပြီး စာမေးပွဲတွေ ဖြေဆိုနေကြ ပါပြီ'' ဟု ခရိုင် ပညာရေးမှူး ဦးအုန်းမြင့် က ပြောသည်။

မောင်တောခရိုင် တွင် မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ် ဟူ၍ နှစ်မြို့နယ် ပါဝင်ပြီး မောင်တောမြို့နယ် ၌ အထက်တန်း အဆင့် ၁၆ ကျောင်း၊ အလယ်တန်း အဆင့် ၁ဝ၈ ကျောင်းနှင့် မူလတန်း အဆင့် ၅၉ ကျောင်း စုစုပေါင်း ၁၈၃ ကျောင်း ရှိကြောင်း၊ ဘူးသီးတောင် မြို့နယ်၌ အထက်တန်း အဆင့် ၁ဝ ကျောင်း၊ အလယ်တန်း အဆင့် ၁ဝ၆ ကျောင်းနှင့် မူလတန်း အဆင့် ၁ဝ၃ ကျောင်း စုစုပေါင်း ၂၁၉ ကျောင်း ရှိကြောင်း သိရသည်။

နယ်မြေတည်ငြိမ် အေးချမ်း လာမှုကြောင့် မောင်တောမြို့နယ် တွင် အထက်တန်း အဆင့် ကိုးကျောင်း၊ အလယ်တန်း အဆင့် ၂၇ ကျောင်းနှင့် မူလတန်း အဆင့် ၃၂ ကျောင်း စုစုပေါင်း ၆၈ ကျောင်း ပြန်လည် ဖွင့်လှစ်ကာ စာမေးပွဲများ စတင် ဖြေဆိုလျက် ရှိကြောင်း သိရ သည်။

အလားတူ ဘူးသီးတောင် မြို့နယ်တွင်လည်း အထက်တန်းအဆင့် ၁ဝ ကျောင်း၊ အလယ်တန်း အဆင့် ၇၂ ကျောင်း၊ မူလတန်း အဆင့် ၅၃ ကျောင်း စုစုပေါင်း ၁၃၅ ကျောင်း ပြန်လည် ဖွင့်လှစ်ကာ စာမေးပွဲများ ဖြေဆိုလျက် ရှိကြောင်း သိရသည်။

မောင်တောခရိုင် တစ်ခုလုံးတွင် ပြန်လည် ဖွင့်လှစ်ရန် ကျန်ရှိသည့် ကျောင်း အရေအတွက် မှာ ၁၉၉ ကျောင်းရှိကာ နယ်မြေအေးချမ်း လာသည်နှင့် အမျှ ကျောင်းများတိုးချဲ့ ဖွင့်လှစ်ပေး သွားမည် ဖြစ်ကြောင်း ခရိုင် ပညာရေးမှူး က ဆက်လက် ပြောသည်။

မြင့်မောင်စိုး

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Friday, November 18, 2016

တစ်နေ့ထက်တစ်နေ့ ပိုမိုသက်ဝင်လှုပ်ရှား လာသည့် မောင်တောမြို့၏ မြင်ကွင်းများ



မောင်တော ၊ ၁၈-၁၁-၂၀၁၆

မောင်တောမြို့ မြို့မအနောက် ရပ်ကွက်ရှိ ဆောက်လုပ်ရေးလမ်း လက်ဖက်ရည်ဆိုင် တန်းတွင် မိမိတို့အဖွဲ့ ရောက်ကတည်းက နေ့စဉ် နံနက် ၇ နာရီကျော် လောက်မှ စတင်ပြီး နံနက် ၉ နာရီခန့်အထိ လာရောက် စားသောက်သူ များနှင့် စုစုဝေးဝေး ရှိနေသည်ကို မြင်တွေ့ရသည်။

နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမြို့ထဲ လှည့်လည်စဉ် ဦးဥတ္တမ လမ်းဘက်ရှိ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင် တို့တွင်လည်း အလားတူ စည်စည်ကားကား တွေ့ရသည်။ ပိတ်ထားဆဲ ဆိုင်များ ရှိသေးကြောင်း၊ ယခင်ကတော့ ယခုထက် ပိုမိုစည်ကား ကြောင်း နယ်မြေခံ ဦးကျော်ထူးမွန် က ပြောသည်။

မြို့မစည်ပင် သာယာဈေး က နံနက် ၆ နာရီခွဲ၊ ၇ နာရီခန့် ကတည်းက စဖွင့်သည်ဟု ဆိုသော်လည်း နံနက် ၈ နာရီကျော်မှ ဆိုင်များ စုံလင်သည်ကို ယခုရက်များ အတွင်း သတိထားမိသည်။ မောင်တော အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဈေးဝယ်များ လာရောက်မှု နည်းပါး သေးသည့်အတွက် နေ့ခင်းပိုင်း ဆိုင်ပိတ်လိုက် ကြကြောင်း၊ ဈေးပိတ်ချိန်မှာ ညနေ ၅ နာရီ ဖြစ်ကြောင်း သိရသည်။

မင်းဘာကြီး လမ်းတစ်လျှောက် ရှိ ရွှေဆိုင်များ၊ ကုန်မာဆိုင်များ၊ ရေထွက်ကုန် ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ကုန် ဆိုင်များ အပါအဝင် ဆိုင်အားလုံး ၌လည်း နံနက်ပိုင်း စည်ကားမှု ရှိပြီး နဂိုအတိုင်း မကြာမီပြန်လည် အသက်ဝင် လာမည်ဟု မျှော်လင့် နေကြသည်။

အနော်ရထာ လမ်းတွင် ကားများ၊ သုံးဘီး ဆိုင်ကယ်များ၊ ဆိုင်ကယ်၊ ဆိုက်ကားများ၊ ခြေကျင်ဖြတ်သန်း သွားလာနေသူ များဖြင့် မပြတ် လှုပ်ရှားမှုရှိနေပြီး သာမန် နေထိုင်မှု ပုံစံမျိုးသာ ရှိကာ ကြောက်ရွံ့ ထိတ်လန့်မှု၊ စိုးရိမ်မှု တစ်စုံတစ်ရာ မရှိသည်ကို တွေ့မြင် ရသည်။

အမှတ်(၄) အခြေခံပညာ အလယ်တန်း ကျောင်းခွဲရှေ့မှ ဖြတ်သန်းစဉ် ကျောင်းတက်ချိန် မရောက်သေး သဖြင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ကစားခုန်စား ပြုလုပ် နေကြသည်ကို တွေ့ရသည်။

မောင်တောမြို့ အထွက် စစ်ဆေးရေးဂိတ် ကို ယမန်နေ့ နံနက်ပိုင်း ခဏဝင်ရောက် လေ့လာရာ မောင်တောနှင့် ဘူးသီးတောင် ပြေးဆွဲသည့် ခရီးသည်တင် ကားများ၊ ကုန်ကားများ၊ ကျေးရွာများမှ ဈေးရောင်းဈေးဝယ် လာကြသည့် သုံးဘီး ဆိုင်ကယ်များ မပြတ်သွားလာ နေသည်ကို တွေ့ရပြီး ယခင်ကထက် သွားလာမှု နည်းပါး သေးကြောင်း၊ ဝင်ငွေလည်း နည်းပါး သွားကြောင်းနှင့် အမြန် တည်ငြိမ် အေးချမ်းစေရန် ဆန္ဒရှိကြောင်း ခရီးသွားများ၊ ယာဉ်မောင်း များက ပြောပြသည်။

မောင်တောမြို့ အထွက် လယ်ကွင်းများ၊ သုံးမိုင်သာစည်ရွာ နှင့် လေးမိုင်သွား လမ်းဘေးရှိ လယ်ကွင်းများ တွင်လည်း စပါးရိတ်သိမ်း သူများ၊ ကျွဲနွားများဖြင့် ရိတ်သိမ်းခြွေလှေ့သူ များကို စုစုဝေးဝေး လှမ်းတွေ့ရသည်။

မောင်တောမြို့ အထွက်ရှိ ဆောက်လုပ်ဆဲ ခရိုင်တရားရုံး၊ မြို့နယ် ပညာရေးမှူးရုံး နှင့် အခြား အဆောက်အအုံ များတွင်လည်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင် နေကြသည်ကို မြင်ရသည်။

သာစည်ကျေးရွာ ရှိ ဒေါ်မဦး က ပဲ၊ မုန်လာ၊ ငရုတ်၊ ဂေါ်ဖီ၊ ရုံးပတီ၊ ခရမ်းစသည့် အသီးအနှံများ စိုက်ပျိုးထားကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းမှုကို လိုလားကြောင်း ပြောပြသည်။

ဘူးသီးတောင် ဘက်သို့ မောင်တောမှ ဆိုင်ကယ်ကယ်ရီများ အပါအဝင် ခရီးသည်တင် ကားများလည်း တစ်နေ့ထက်တစ်နေ့ပိုမို ပြေးဆွဲနေသည်ကို ယမန်နေ့ လှည့်လည်စဉ် တွေ့မြင် ခဲ့ရသည်။

( ကိုသက်နှင့်အဖွဲ့)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Thursday, November 3, 2016

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်၍ စာသင်ကျောင်းနှင့် ဈေးများ ပြန်လည်ဖွင့်လှစ်


ပြည်ထောင်စု ၀န်ကြီးများ ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များမှ 
ကိုယ်စားလှယ် များနှင့် သံတမန် အဖွဲ့ဝင်များ ကြိမ်ချောင်းကျေးရွာ ရှိ 
ရွာသူရွာသား များနှင့် တွေ့ဆုံစဉ်

မောင်တော ၊ ၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် စခန်းနှင့် နယ်မြေရုံးတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်း များဆုံးရှုံးခဲ့ရာ မောင်တောမြို့နယ် အတွင်းရှိ ကြိမ်ချောင်းကျေးရွာ မှ ပြည်သူများလည်း ထိတ်လန့် စိုးရိမ်မှုများ ဖြစ်ပေါ်ကာ ကျောင်းများ၊ ဈေးများ ပိတ်ထားခဲ့ရာမှ ယခုအခါ နယ်မြေ တည်ငြိမ်အေးချမ်း လာပြီဖြစ်၍ စာသင်ကျောင်း နှင့် ဈေးများ ပြန်လည်ဖွင့်လှစ် ကာ ရောင်းဝယ်ဖောက်ကား မှုများနှင့် သွားလာမှုများ ပုံမှန်အတိုင်း ရှိနေပြီ ဖြစ်သည်။

ကြိမ်ချောင်းကျေးရွာ ဈေးတွင် ဆိုင်ခန်းများ အားလုံး ဖွင့်လှစ်ရောင်းချ လျက်ရှိပြီး နံနက်ပိုင်းတွင် ဈေးရောင်း ဈေးဝယ်များဖြင့် စည်ကားလျက် ရှိသည်။ ကြိမ်ချောင်း ကျေးရွာသည် အိမ်ခြေ ၁ဝဝ၁ ရှိပြီး လူဦးရေ ၈၄၉၃ ဦးရှိကာ ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ နှင့် ဟိန္ဒူ ဘာသာဝင်များ အတူတကွ ယှဉ်တွဲကာ အေးချမ်း တည်ငြိမ်စွာ နေထိုင်လျက် ရှိသည်။ ကြိမ်ချောင်းရွာ ဈေးသည် အနီးဝန်းကျင် ကျေးရွာများရှိ ဈေးများအနက် အကြီးဆုံးနှင့် အစည်ကားဆုံး သော ဈေးတစ်ခု ဖြစ်သည်။

''ကျွန်တော်တို့ ကြိမ်ချောင်းရွာဟာ တောင်ရွာ၊ မြောက်ရွာ၊ အလယ်ရွာ ဆိုပြီးတော့ ရွာသုံးရွာ စုပေါင်းထားတဲ့ ကျေးရွာ ဖြစ်ပါတယ်။ ရခိုင် တိုင်းရင်းသား တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ စုပေါင်း နေထိုင်တဲ့ရွာ ဖြစ်ပြီး တည်ငြိမ် အေးချမ်းတဲ့ရွာ ဖြစ်ပါတယ်။ အောက်တိုဘာ ၉ ရက်က အနီးဝန်းကျင် ကျေးရွာတချို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ တာကြောင့် စိုးရိမ် ထိတ်လန့်ပြီး စာသင်ကျောင်း နဲ့ ဈေးကို ပိတ်ထားခဲ့ ပေမယ့် အခုတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် နေပြီ ဖြစ်ပါတယ်။ ပြဿနာ တစ်စုံတစ်ရာလည်း မရှိခဲ့ပါဘူး '' ဟု ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် က ပြောသည်။

ကြိမ်ချောင်းကျေးရွာ ရှိ တချို့နေရာ များတွင် နယ်မြေ အေးချမ်းမှု ရရှိစေရန် ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူး နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်းကာ ရွာသူရွာသား များအနေဖြင့် စိုးရိမ်ပူပန်ပြီး ကျေးရွာမှ ထွက်မပြေး ကြရန်၊ နယ်မြေလုံခြုံရေး အတွက် ဝိုင်းဝန်း ဆောင်ရွက် ကြရန်၊ ပြစ်မှုကျူးလွန်သူ များကို သိရှိပါက ဖော်ထုတ် ကူညီပေးကြရန် လက်ကိုင် စပီကာဖြင့် ကြိုတင် အသိပေးမှုများ ပြုလုပ်ခဲ့သဖြင့် အထင်အမြင် လွဲမှားမှုများ မရှိခဲ့ဘဲ ရပ်ရွာ အုပ်ချုပ်ရေး အဖွဲ့အစည်း များနှင့် ရွာသူရွာသားများ အတူတကွ ပူးပေါင်းကာ ရပ်ရွာတည်ငြိမ် အေးချမ်းရေး အတွက် ဆောင်ရွက် နိုင်ခဲ့ကြသည်။

ကြိမ်ချောင်း ကျေးရွာသို့ နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စု ဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် သံတမန် အဖွဲ့ဝင်များ ရောက်ရှိခဲ့ ချိန်တွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာနှင့် ဟိန္ဒူဘာသာ ဝင်များ အတူတကွ အေးချမ်းစွာ ယှဉ်တွဲနေထိုင် မှုနှင့် ပတ်သက်၍ သံတမန် တစ်ဦးက မေးမြန်း ခဲ့ရာတွင် ''ကျွန်တော်တို့ အခုလို အတူတကွ ပူးတွဲပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်တာ ဟာ စီးပွားရေး ကောင်းပြီး အသိဉာဏ် ရှိကြတယ်၊ ပညာတတ် လို့လည်း ဖြစ်ပါတယ် '' ဟု အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Monday, July 7, 2014

မန္တလေးမြို့ ၌ ဖြစ်ပွားသည့်ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကျန် ခုနစ်မှုမှ ပြစ်မှုကျူးလွန်သူ များအား စုံစမ်းဆဲဖြစ် ပုဒ်မ ၁၄၄ အမိန့် လိုက်နာမှု မရှိသူများကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ


မန္တလေး ၊ ၇-၇-၂၀၁၄

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ များကို ဥပဒေအရ အမှုဖွင့် အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇူလိုင်၂ ရက်မှ ၅ ရက်အထိ စုစုပေါင်း အမှု ၁၅ မှု ရှိကြောင်း၊ ယင်းတို့အနက် လူသတ်မှု နှစ်မှု ၊ နာကျင်စေမှု သုံးမှု ၊ မီးရှို့မှု တစ်မှု ၊ ပြစ်မှုပုဒ်မ ၃၂၄/ ၁၁၄ တစ်မှု တို့မှာ တရားခံ စုံစမ်းဆဲ ဖြစ်ပြီး ကျန် အခြားအမှု သုံးမှု၊ လက်နက်ပုဒ်မ ၁၉(က)နှစ်မှု၊ ရဲအက်ပုဒ်မ ၃၅ ဃ သုံးမှု တို့မှ ပြစ်မှု ကျူးလွန်သူ ၁၆ ဦးတို့ကို ဖမ်းဆီး၍ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ထို့ပြင် ဇူလိုင်လ ၃ ရက်တွင် မန္တလေးမြို့ ၌ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော်လည်း လိုက်နာမှု မရှိသူ များအား အရေးယူ ခဲ့ရာ ဇူလိုင်လ ၃ ရက်တွင် အောင်မြေသာစံ မြို့နယ် ၊ ချမ်းအေးသာစံ မြို့နယ် ၊ မဟာအောင်မြေ မြို့နယ် ၊ ချမ်းမြသာစည် မြို့နယ် ၊ ပြည်ကြီးတံခွန် မြို့နယ် နှင့် အမရပူရ မြို့နယ် တို့မှ တွေ့ရှိသူ ၁၄၅ ဦးအား ပညာပေး ကိုယ်တိုင် ၀န်ခံချက် ဖြင့် ပြန်လည် စေလွှတ်ခဲ့ပြီး ဇူလိုင်လ ၄ ရက်တွင် မန္တလေး ခရိုင်အတွင်း ရှိ မြို့နယ် ၇ မြို့နယ်မှ လူဦးရေ ၁၀၀ ၊ ဇူလိုင်လ ၅ ရက်တွင် ၁၀၁ ဦး တို့အား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။ 

#Yadanarpondaily

Wednesday, October 2, 2013

သံတွဲမြို့နယ်၌ ဆူပူမှု အချို့ ဖြစ်ပွား ဒေသတည်ငြိမ် အေးချမ်းရေး အတွက် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ


နေပြည်တော် ၊ ၂-၁၀-၂၀၁၃

ရခိုင်ပြည်နယ် သံတွဲမြို့၌ စက်တင်ဘာ ၂၈ ရက်က ဈေးဆိုင်တစ်ဆိုင် ရှေ့၌ သုံးဘီး ဆိုင်ကယ်တစ်စီး ရပ်ထား သည်ကို ရင့်သီးစွာ ဆဲဆိုရာမှ အစပြု၍ ပြဿနာ ဖြစ်ပွားကာ စက်တင်ဘာ ၂၉ ရက် ညပိုင်းက နေအိမ်များ ဖျက်ဆီးမှု ၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် များက သေနတ် ပစ်ဖောက် လူစုခွဲခဲ့ရ ကြောင်း သိရသည်။

စက်တင်ဘာလ ၃၀ ရက် ညနေ ၈ နာရီခန့်တွင် သံတွဲမြို့ ဒွါရဝတီ မြို့သစ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင် မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား ခဲ့ပြီး မြို့နယ် မီးသတ် တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ ည ၁ဝ နာရီခန့်တွင် သံတွဲမြို့ ကျော်တောင် (၅)ရပ်ကွက် ပိတောက်ရွှေဝါ လမ်းရှိ နေအိမ် တစ်လုံးအား မီးရှို့ခံရပြီး ည ၁၁ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ အလားတူ သံတွဲမြို့နယ် ကျောက်ကြီး ကျေးရွာ ၊ မန်းကျည်းချောင် ကျေးရွာ တို့တွင် မီးရှို့မှု အချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့၌ ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက်ပိုင်း တွင်လည်း သံတွဲမြို့ နယ်အတွင်း နေရာအချို့တွင် မငြိမ်မသက် ဖြစ်မှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ဈေးဆိုင်ခန်း များလည်း ပိတ်ထားကြ ကြောင်း ၊ တာဝန်ရှိ သူများက ဒေသ တည်ငြိမ် အေးချမ်းရေး နှင့် ပြဿနာများ ဆက်လက် ကြီးထွားမှု မရှိစေရေး အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း ၊ ဒေသခံ ပြည်သူများ အနေဖြင့် ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ဒေသ ဆိုင်ရာ အာဏာပိုင်များ ၊ လုံခြုံရေးအဖွဲ့များ နှင့် တာဝန်ရှိ သူများက ထိန်းသိမ်း ဆောင်ရွက်လျက် ရှိရာ ပဋိပက္ခ များတွင် ပါဝင်မှု မရှိရေး ၊ ဆူပူမှု ဖန်တီးသူ များအား ကူညီဖော်ထုတ် သတင်းပေးပို့ရေး ဆောင်ရွက် ကြပါရန် သက်ဆိုင်ရာက တိုက်တွန်း နှိုးဆော် ထားကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger