www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား
-
နေပြည်တော်    ဒီဇင်ဘာ    ၃ 
-
၂ဝ၁၈ ခုနှစ်  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့  အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌ ကျင်းပရာ  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ   အမျိုးသား ကော်မတီ ဥက္ကဋ္ဌ  ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
-
အခမ်းအနားသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊နိုင်သက်လွင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးကျော်မျိုးနှင့် ဦးစိုးအောင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သံတမန်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဝင်များ၊ NGO ၊  INGOများ၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်း ခံရသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ရှေးဦးစွာ  ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ထမ်းရွက်သယ်ပိုး နိုင်ငံ့အကျိုး တေးသီချင်းဖြင့်   သီဆိုဖျော်ဖြေကြသည်။
-
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက  အမှာစကား ပြောကြားရာတွင် ၁၉၉၂ခုနှစ်မှ စတင်၍ နှစ်စဉ် ဒီဇင်ဘာ ၃ ရက်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့အဖြစ် ကုလသမဂ္ဂ အဖွဲ့ကြီးက ဂုဏ်ပြု သတ်မှတ်ထားကြောင်း။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်စွမ်းများကို   လူအဖွဲ့အစည်းအတွင်း သိရှိအလေးထားလာကြစေရန်     အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်က စတင်၍ နှစ်စဉ် ဒီဇင်ဘာ ၃ ရက်တွင် အစဉ်အလာမပျက် ဂုဏ်ပြုကျင်းပခဲ့ရာ ယခု၂ဝ၁၈ ခုနှစ်ဆိုလျှင် (၂၅)ကြိမ်ပြည့်မြောက်ပြီဖြစ်ကြောင်း။
-
ကမ္ဘာ့လူဦးရေ သန်းပေါင်း  ခုနစ်ထောင်ကျော်အနက် ဆယ်ပုံတစ်ပုံခန့်သည် မသန်စွမ်းသူများ ဖြစ်ကြပြီး ၈ဝ ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  နေထိုင်လျက်ရှိကြကြောင်း။ မသန်စွမ်းသူများ ခံစားတွေ့ကြုံနေကြရသည့် အခက်အခဲ အတားအဆီးများသည် ၎င်းတို့၏ ချို့ယွင်းအားနည်းမှုကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထား အမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့်သာ ဖြစ်ကြောင်း။
-
သုတေသန တွေ့ရှိချက်များအရ မသန်စွမ်းမှုသည်  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည့်အပြင် မသန်စွမ်းမှုနှင့် ဆင်းရဲမှုတို့သည်လည်း ဆက်နွယ်မှုရှိနေကြောင်း။ ကမ္ဘာ့နိုင်ငံအချို့တွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိမှုသည်  ၎င်းနိုင်ငံရှိ မသန်စွမ်းလူဦးရေ၏ ၃ ပုံ ၁ ပုံသာရှိကြောင်း။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မသန်စွမ်း ကလေးသူငယ်များ၏ အခြေခံပညာ မူလတန်းအဆင့် တက်ရောက်သင်ကြားမှုနှုန်းနှင့် အခြား ကလေးသူငယ်များ အကြား ကွာဟမှုအနေဖြင့်လည်း  ၁ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိရှိ ကြောင်း။
-
၂၁ ရာစု နှစ်အစောပိုင်းက  စတင်၍ မသန်စွမ်းမှုနှင့် မသန်စွမ်းသူများ၏ အရေးကိစ္စများကို ကမ္ဘာတစ်ဝန်းတွင် ရှုထောင့်သစ်၊ အမြင်သစ်များဖြင့်   သိရှိနားလည်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း။   ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံများသည် မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အခြေခံကျသည့် အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်နှင့်  သာတူညီမျှခွင့်များကို  ကာကွယ်မြှင့်တင်ရန် အခိုင်အမာ  ပြောဆို ဆောင်ရွက်ခဲ့ကြသော်လည်း စိန်ခေါ်မှုများ ကျန်ရှိနေ ဆဲဖြစ်ကြောင်း။
-
မသန်စွမ်းသူများအပေါ် မသိနားမလည်ခြင်း၊   လျစ်လျူရှုခြင်း၊   အယူသီးခြင်းနှင့်  ကြောက်ရွံ့ စိုးရိမ်ခြင်းများကြောင့် အထီးကျန်ဘဝသို့ ရောက်ရှိခဲ့ရသည့် မသန်စွမ်းသူများ၏ အခွင့်အရေး ကိစ္စသည်  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အထူးအာရုံစိုက်ရသည့် ကိစ္စတစ်ရပ် ဖြစ်လာခဲ့ပါကြောင်း။ ထို့ကြောင့် (၆၁)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက မသန်စွမ်းသူများ၏  အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities - UNCRPD)ကို ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြု ချမှတ်ခဲ့ကြောင်း။
-
မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ပိုမိုအလေး ထားဆောင်ရွက်နိုင်ရေး အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂ဝ၁၁ ခုနှစ်၊  ဒီဇင်ဘာ ၇ ရက်တွင်   အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြောင်း။ ထို့နောက် ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂ဝ၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများ(၂ဝ၁၇)၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(၂ဝ၁၆-၂ဝ၂၅)ကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း။
-
အဆိုပါဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အမျိုးသားကော်မတီကို အထောက်အကူပြုနိုင်ရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော်ကောင်စီ ကော်မတီများနှင့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ကြောင်း။
-
အမျိုးသားကော်မတီ အစည်းအဝေးများကို ၂ဝ၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၈ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ကျင်းပခဲ့ပြီး၊ ယခုလအတွင်း တတိယအကြိမ် အစည်းအဝေးကို   ပြုလုပ်သွားမည်ဖြစ်ကြောင်း။ လုပ်ငန်းကော်မတီ အစည်းအဝေးကို ၂ဝ၁၈ ခုနှစ်အတွင်း နှစ်ကြိမ်၊  မသန်စွမ်းရန်ပုံငွေ တစ်ရပ်ထူထောင်ရေးအတွက် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ်အတွင်း တစ်ကြိမ်ကျင်းပခဲ့ကြောင်း။ အဆိုပါ အစည်းအဝေးများ မှ မသန်စွမ်းသူများ၏ အခွင့်အရေး၊  ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေးများနှင့်   ဆက်စပ်သည့် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက် များချမှတ်နိုင်ခဲ့ကြောင်း။
-
ရက် ၁ဝဝ လုပ်ငန်းစီမံချက်အရ ကလေးသူငယ်၊ အမျိုးသမီးနှင့် မသန်စွမ်းသူများ ဆိုင်ရာကွန်ဗင်းရှင်းများကို အမြင်အာရုံ ချို့ယွင်းမသန်စွမ်းသူများ  လက်လှမ်းမီသိရှိနိုင်ရေး အတွက် မျက်မမြင်စာဖြင့် ပုံနှိပ်ထုတ်ဝေခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း။ အကြားအာရုံ ချို့ယွင်းမသန်စွမ်းသူများအတွက်လည်း  နားမကြားသူများ  သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့် သေချာစေရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး၊
-
အကျိုးရလဒ်အဖြစ်  အမျိုးသမီးနှင့် မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဥပဒေများကို လက်သင်္ကေတပြ ဘာသာစကားဖြင့် ပြုစုထုတ်ဝေနိုင်ခဲ့ကြောင်း။လက်သင်္ကေတပြ ဘာသာစကား တတ်ကျွမ်းသည့် စကားပြန်များ မွေးထုတ်ပေးလျက်ရှိသည့်အပြင် လက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူများ သင်တန်းကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်း။
-
နည်းပညာခေတ်နှင့် အညီဉာဏ်ရည်ချို့ယွင်း မသန်စွမ်းသူအပါအဝင် မသန်စွမ်းသူ များအနေဖြင့် နည်းပညာ၏ အကူအညီဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိမှု ပိုမိုမြင့်မား စေရန်နှင့်  သတင်းအချက်အလက်များကို လက်လှမ်းမီ သိရှိနိုင်ရန်   Information, Communication, Technology Training Centerကို ဖွင့်လှစ်၍ သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း။
-
ထို့ပြင် မသန်စွမ်းသူများ အနေဖြင့် နိုင်ငံတော်အစိုးရနှင့် အခြားမိတ်ဖက် အဖွဲ့အစည်း များက ထောက်ပံ့သည့် သက်ဆိုင်ရာသင်တန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ပါဝင်၍ အများနည်းတူ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် အရေးပါသည့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့်     မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်  ပေါ်ထွက်လာစေရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း။
-
ထို့ပြင် မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ရာ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ၁၂၈၅၅ ဦး၊ ၂ဝ၁၈-၂ဝ၁၉(၆)လ ဘဏ္ဍာနှစ်အတွင်း ၁၂၁၂၉ဦး စုစုပေါင်း ၂၄၉၈၄ ဦးကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း။ မသန်စွမ်းမှုနှင့် ဆက်စပ်သည့် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး မိုင်းဒဏ်သင့်ပြည်သူများကို ၂ဝ၁၇- ၂ဝ၁၈ဘဏ္ဍာနှစ်မှ စတင်၍ ငွေကြေးထောက်ပံ့ပေးခဲ့ရာ  ကချင်ပြည်နယ်တွင် ၁၁၂ ဦး၊ ကယားပြည်နယ်တွင် ၁၆ ဦး၊ ကရင်ပြည်နယ်တွင် ၃၉ ဦး၊ ရှမ်းပြည်နယ်တွင် ၈၅  ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၆၂ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၈၆ ဦး စုစုပေါင်း ၄ဝဝ ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း။
-
အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များ ပြည့်မီစေရေးအပြင် ကော်မတီ အသီးသီး အတွက် တိကျသေချာသည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး၊    နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဆောင်ရွက်နိုင်ရေး အတွက် Department for International Developmentနှင့် ပူးပေါင်း၍  Technical Assistant Group ကို လည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတက်ရေးဖိုရမ် ၂ဝ၁၈ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း။ 
-
မသန်စွမ်းသူများ၏ ဘဝအရည်အသွေး မြင့်မားတိုးတက်လာစေရန်   သင်တန်း ကျောင်းအခြေပြုနှင့် ရပ်ရွာ အခြေပြုပြန်လည် ထူထောင်ရေး လုပ်ငန်းများအပြင် မသန်စွမ်း သူများ၏ ပညာရေး၊ ကျန်းမာရေး၊  အလုပ်အကိုင်၊   ဥပဒေရေးရာ၊ မသန်စွမ်းမှု အသိပညာနှင့် ရပ်ရွာအတွင်း ပါဝင်ဆောင်ရွက်ခွင့်စသည့်   လုပ်ငန်းအစီအစဉ်များကိုလည်း သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ထည့်သွင်း ဆောင်ရွက်လျက်ရှိကြောင်း။
-
မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေးတွင် ထုတ်ဖော်ကြေညာခဲ့သည့် ကတိကဝတ် ခုနစ်ချက်ဖြစ်သည့် မူဝါဒပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရေး၊ လူတိုင်း အကျုံးဝင်ပညာရေး၊   မသန်စွမ်းသူများ၏ စီးပွားရေး စွမ်းဆောင်ရည်မြင့်မားရေးနှင့် မသန်စွမ်း သူများအတွက် လုပ်ငန်းခွင်အတွင်း အဆင်ပြေသင့်တော်စေမည့် ပတ်ဝန်းကျင်များ ဖန်တီးရေး၊ နည်းပညာခေတ်နှင့် အညီမသန်စွမ်းသူများ သတင်းအချက်အလက်နှင့် နည်းပညာ များအသုံးပြု ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းမှု စစ်တမ်းကောက်ယူနိုင်ရေး၊ မသန်စွမ်းမှု အကျုံးဝင်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်များ ချမှတ် ဆောင်ရွက်ရေး၊  သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေများတွင် မသန်စွမ်း သူများအား ကူညီကာကွယ် စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ စွမ်းဆောင်ရည်မြင့်မားလာစေရေးကို ဦးတည်၍ အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြော ကြားသည်။
-
ယင်းနောက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
-
ထို့နောက်  ဒုတိယသမ္မတ    ဦးဟင်နရီဗန်ထီးယူက အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အား မသန်စွမ်းသူများ အလုပ်ခန့်ထားခြင်းဆိုင်ရာ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက်  လက်စွဲစာအုပ်ကို ပေးအပ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
-
ထို့နောက်  ဒုတိယသမ္မတ    ဦးဟင်နရီဗန်ထီးယူက အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အား မသန်စွမ်းသူများ အလုပ်ခန့်ထားခြင်းဆိုင်ရာ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက်  လက်စွဲစာအုပ်ကို ပေးအပ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
-
ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက    အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်   ဗဟိုအဆင့် ထူးချွန်ဆုရရှိကြသူများကို လည်းကောင်း၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စစ်တုရင်ထူးချွန်ဆု ရရှိကြသူ များကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပန်းချီထူးချွန်ဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာရှအားကစား ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများကို လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ်  Ms. June Kunugi က အာရှအားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ချီးမြှင့်ကြသည်။
-
ထို့နောက် မသန်စွမ်းသူများ၏ လှုပ်ရှားဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကို ပြသသည်။ ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ယာယီဥက္ကဋ္ဌ  ဦးသိန်းလွင်က ကျေးဇူးတင်စကား ပြောကြားသည်။
-
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှု သည်။ ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်မှာ အားလုံးတူညီ အခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများ အစွမ်းမြှင့်တင်ပေး (Empowering persons with disabilities and ensuring inclusiveness and equality) ဖြစ်ကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger