www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 30, 2014

အိမ်နီးချင်းနိုင်ငံတို့နှင့် ကုန်သွယ်မှု တိုးမြင့်လာစေရန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင် သတ်မှတ်မည်


ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုရာ မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်း

ရန်ကုန် ၊ ၃၀-၁၂-၂၀၁၄

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံတို့နှင့် ကုန်သွယ်မှုများ  လုပ်ဆောင်ရာတွင် ကုန်စည် စီးဆင်းမှု ပိုမိုလျင်မြန် လာစေရေးနှင့် ကုန်သွယ်မှု လုပ်ငန်းကို ယခင်ကထက် တိုးမြှင့်ဆောင်ရွက် လာစေရေးတို့ အတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကို လက်ရှိ ခေတ်ကာလ အခြေအနေနှင့် အညီ သင့်လျော်မှု ရှိရန် ပြင်ဆင် သတ်မှတ် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသည် လက်ရှိတွင် အိမ်နီးချင်း နိုင်ငံများ သာမက အခြားသော ရေခြားမြေခြား နိုင်ငံတို့နှင့် ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ကိုက်ညီမည့် ကုန်သွယ်ရေး မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၎င်းအပြင် ပြည်တွင်းမှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ အတွက်လည်း လက်ရှိ တင်ပို့နေသော ကုန်စည် အမယ်များ အပြင် ပို့ကုန်အမယ်သစ် များကိုလည်း တင်ပို့နိုင်ရန် ကုန်သွယ်မှု လုပ်ငန်းစဉ် ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပိုင်းတွင် ဖြေလျှော့ သတ်မှတ် ပေးခဲ့ခြင်းများ ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပို့ကုန် အမယ်သစ်များ တိုးတက်တင်ပို့နိုင် စေရုံသာမက ဈေးကွက် စီးပွားရေး စနစ်အရ ကုန်သွယ်မှု မိတ်ဖက်နိုင်ငံ များနှင့် အပြန်အလှန် ကုန်သွယ် ရာတွင်လည်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရန် ပြင်ဆင် သင့်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်း များကို ပြန်လည်ပြင်ဆင် သတ်မှတ်ရန် စီစဉ်ထား ခြင်းဖြစ်သည်။

ထို့အပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်တစ်ပိုင် ကုန်သည်များနှင့် ကျေးလက်နေ စီးပွားရေး လုပ်ငန်းရှင်များ အဆင်ပြေစေရန် တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် (ITC) များ ထုတ်ပေးခြင်း၊ ကုန်သွယ်ရေး နှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ရေး အထူး လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများ အနက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းသည် ပို့ကုန်သွင်းကုန် လုပ်ငန်းများကို အများဆုံး လုပ်ဆောင်လျက် ရှိရာ ကုန်သည်ကြီးများ သာမက တစ်နိုင်တစ်ပိုင် ကုန်သည်များ နှင့် ပို့ကုန် လုပ်ငန်းရှင် အများစု မှီခိုအားထား နေရသော နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခု ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger