www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 29, 2013

WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


ပြည်သူ့စစ် အယောင်ဆောင် မောင်မျိုးဇော်လတ် နှင့် မောင်အိုက်ကောင်ခမ်း တို့အား 
သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ ၊ ထိုင်းဘတ်ငွေ ၊ လက်ကိုင်ဖုန်း နှစ်လုံး ၊ မော်တော်ယာဉ် နှင့်
အတူ တွေ့ရစဉ်



တာချီလိတ် ၊ ၂၉-၁၀-၂၀၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တာလေ မြို့နယ်ခွဲ ပါလျှိုးကျေးရွာ အုပ်စု နမ့်ခင်းကျေးရွာ အနီး လုံခြုံရေး တပ်ဖွဲ့ဝင်များ က အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် မသင်္ကာဖွယ် ယာဉ်ငယ် တစ်စီး ဖြတ်သန်း သဖြင့် ရပ်တန့် စစ်ဆေးရာ ပြည့်သူ့စစ် ယူနီဖောင်း အား အယောင်ဆောင် ၀တ်ဆင် ထားသော ယာဉ်မောင်း မောင်မျိုးဇော်လတ် ၂၈ နှစ် (ဘ) ဦးသန်းစိန် နှင့်အတူ လိုက်ပါလာသူ မောင်အိုက်ကောင်ခမ်း ၂၁ နှစ် (ဘ) ဦးနွဲ့ပင်း တို့အား လိုင်စင်မဲ့ မော်တော်ယာဉ် ဖြင့် ဖမ်းဆီး ရမိပြီး မော်တော်ယာဉ် ပေါ်မှ ဒဗလျူဝိုင် စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၂၀၀၀ ပြားပါ ၁၀ ထုတ် နှင့် ၁၈၀၀ ပြားပါ တစ်ထုပ် စုစုပေါင်း ၂၁၈၀၀ ပြား ၊ ဒေသတန်ဖိုး ၄၃၆ သိန်းခန့် ၊ ဘတ်ငွေ ၁၀၀၀၀ ဘတ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်း ရမိသည်။


ပြည်သူ့စစ် အယောင်ဆောင် မောင်မျိုးဇော်လတ် မှာ မူးယစ်ဆေးဝါး နှင့် ဘတ်ငွေ အတု လုပ်မှုဖြင့် တရားခံပြေး တစ်ဦး ဖြစ်ကြောင်း နှင့် မူးယစ် ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ တရားခံ ၂ ဦးအား တာချီလိတ် ရဲစခန်း သို့ စနစ်တကျ လွှဲပြောင်း၍ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

(၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲ တက်ရောက်ရန် အတွက် အာဆီယံနိုင်ငံ များမှ ဒုတိယ(ကြည်း)တပ် ဦးစီးချုပ်များ ရောက်ရှိ


နေပြည်တော် ၊ ၂၉-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် ကျင်းပ ပြုလုပ်မည့် (၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲ တက်ရောက်ရန် အတွက် ဘရူနိုင်း နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဗိုလ်မှူးကြီး Haji Zainal Ariffin Bin Dato Paduka Haji Ahmad ခေါင်းဆောင်သော အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် ညနေပိုင်း တွင် မန္တလေးမြို့ သို့ ရောက်ရှိလာရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး အန့်ဇော် နှင့် တာဝန်ရှိ သူများက မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံမှ ဒုတိယ(ကြည်း)တပ် ဦးစီးချုပ် 
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်


အလားတူ ထိုင်းနိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Udomdej Sitabutr ခေါင်းဆောင်သော အဖွဲ့ ၊ အင်ဒိုနီးရှား နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Muhamad Munir ခေါင်းဆောင်သော အဖွဲ့ ၊ ဖိလစ်ပိုင် နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဗိုလ်ချုပ် ESSEL C SORIANO ခေါင်းဆောင်သော အဖွဲ့နှင့် လာအို နိုင်ငံမှ လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်မှူးကြီး Khampeiw PHIMMASONE ခေါင်းဆောင်သော အဖွဲ့တို့သည် ယမန်နေ့ နံနက်ပိုင်း တွင် Thai Smile လေကြောင်းလိုင်း ဖြင့် လည်းကောင်း ၊ ကမ္ဘောဒီးယား နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Chan Sopheaktra ခေါင်းဆောင်သော အဖွဲ့ ၊ စင်ကာပူ နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဗိုလ်မှူးချုပ် Lim Cheng Yeow Perry ခေါင်းဆောင်သော အဖွဲ့နှင့် မလေးရှား နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Dato' Seri Panglima Haji Ahmad Hasbullah Bin Haji Mohd Nawawi ခေါင်းဆောင်သော အဖွဲ့များသည် နေ့လယ် ပိုင်းတွင် ဘန်ကောက် လေကြောင်းလိုင်း ဖြင့် လည်းကောင်း မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး အန့်ဇော် နှင့် တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

ထိုင်းနိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ ၊ ဖိလစ်ပိုင် နိုင်ငံများမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ်များ နှင့် 
လာအို နိုင်ငံမှ လေ့ကျင့်ရေး အရာရှိချုပ် တို့ 
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်

ကမ္ဘောဒီးယားနိုင်ငံ ၊ စင်ကာပူနိုင်ငံ နှင့် မလေးရှား နိုင်ငံတို့မှ 
ဒုတိယ(ကြည်း)တပ် ဦးစီးချုပ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်


မြ၀တီနေ့စဉ်သတင်းစာ (၂၉-၁၀-၂၀၁၃) အင်္ဂါနေ့



Download Links


Monday, October 28, 2013

Soyuz-2 ဒုံးပျံပစ်လွှတ်စင် ပါဝင်သည့် ဒုံးပစ်စခန်းကို အမေရိကန် ဒေါ်လာ ၂၂ သန်း အကုန်ကျခံကာ ရုရှား တည်ဆောက်သွားမည်


Vostochny အာကာသ ဒုံးပျံလွှတ်တင်ရေး စခန်း တည်ဆောက်ရေးမြင်ကွင်း

မော်စကို ၊ ၂၈-၁၀-၂၀၁၃

ရုရှား အာကာသ အေဂျင်စီ Roscosmos သည် Soyuz-2 ဒုံးပျံများ လွှတ်တင်ရန် အတွက် Vostochny အမည်ရှိ အာကာသ ဒုံးပျံလွှတ်တင်ရေး စခန်းကို ရုရှားနိုင်ငံ အရှေ့စွန်း ဒေသတွင် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက် အပြီး တည်ဆောက် နိုင်ရေး ရူဘယ်လ် ၆၉၅ သန်း ( အမေရိကန် ဒေါ်လာ ၂၂ သန်း ) တန်ဖိုးရှိ တင်ဒါ တစ်ခုကို ထုတ်ပြန် ကြေညာ ခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက် NEWSnow သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ Vostochny အာကာသ ဒုံးပစ်စခန်း စီမံကိန်းတွင် Soyuz-2 ဒုံးပျံ ပစ်လွှတ်စင် နှင့် Angara - Family ဒုံးပျံ ပစ်လွှတ်စင် တို့ပါဝင် မည်ဖြစ်သည်ဟု Roscosmos အေဂျင်စီ အကြီးအကဲ Oleg Ostapenko က ပြောကြား ခဲ့ကြောင်း သိရသည်။ ၄င်း Vostochny ဒုံးပစ် စခန်းကို ၂ဝ၁၅ ခုနှစ်တွင် ကနဦး ပစ်လွှတ်မှုများ ပြုလုပ်နိုင်ရေး သတ်မှတ် ထားသော်လည်း လုပ်ငန်း အားလုံး ပြီးစီးမှုကို ၂ဝ၂ဝ ခုနှစ်တွင် အလုံးစုံ ပြီးစီးရန် စီစဉ်ရေးဆွဲ ထားကြောင်း နှင့် ၄င်းဒုံးပစ် စခန်းကို ရုရှားနိုင်ငံ အနေဖြင့် လတ်တလော ဒုံးပျံ ပစ်လွှတ်မှုများ ပြုလုပ်ခဲ့သည့် ကာဇက်စတန် တောင်ပိုင်း ဒေသရှိ Baikonur ဒုံးပစ်စခန်း အပေါ်မှီခို အားထား နေရမှုကို လျှော့ချရန် ရည်ရွယ် တည်ဆောက် သွားခြင်း ဖြစ်ကြောင်း သိရသည်။


Roscosmos အေဂျင်စီ၏ ထုတ်ပြန် ပြောဆိုမှုအရ ၂ဝ၂ဝ ခုနှစ်မှစ၍ ရုရှားနိုင်ငံ၏ ဒုံးပျံ ပစ်လွှတ်မှု အားလုံး၏ ၄၅ ရာခိုင်နှုန်း ခန့်ကို Vostochny ဒုံးပစ်စခန်းမှ ပစ်လွှတ် သွားနိုင်ရန် မျှော်မှန်းထားပြီး ကျန်ဒုံးပျံများကို ရုရှားနိုင်ငံ မြောက်ပိုင်းစွန်း ရှိ Plesetsk ဒုံးပစ်စခန်းမှ ပစ်လွှတ် သွားမည်ဖြစ်၍ Baikonur ၏ လုပ်ငန်းရှယ်ယာ သည်လည်း ၆၅ ရာခိုင်နှုန်း မှ ၁၁ ရာခိုင်နှုန်း အထိ ကျဆင်း သွားမည် ဖြစ်ကြောင်း သိရသည်။ Vostochny ဒုံးပစ် စခန်းနယ်မြေ သည် ရုရှားနိုင်ငံ အရှေ့စွန်း Amur ဒေသအတွင်း ဧရိယာ ၁ဝဝဝ စတုရန်း ကီလိုမီတာ ( ၃၈၆ စတုရန်းမိုင် ) ကျယ်ဝန်းကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger