www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 30, 2016

မိမိလိုချင်သည့် အကြောင်းအရာ တစ်ခုအပေါ် တရားသေမရပ်တည်ဘဲ ပြည်ထောင်စုစိတ်ဓာတ် ၊ တစ်နည်းအားဖြင့် မြန်မာစိတ်ဓာတ်ဖြင့် လုပ်ဆောင်သွားပါက မိမိတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်းတွင် အရှိန်အဟုန် မြန်ဆန်ပြီး အေးအေးချမ်းချမ်း နှင့် အောင်မြင်မှုကို ရရှိနိုင်မည်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်စဉ် 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( Peace Process Steering Team - PPST ) အား လက်ခံ တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ စောမူတူးဆေးဖိုး တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၀-၆-၂၀၁၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) လုပ်ငန်းများ အောင်မြင်စေရန် တပ်မတော် အနေဖြင့် အပြည့်အ၀ ဆန္ဒရှိကြောင်း ၊ လွတ်လပ်ခြင်း ၊ ညီညွတ်ခြင်း ၊ မျှတခြင်း ဆိုသည့် လောကပါလ တရားနှင့်အညီ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ကို လျှောက်လှမ်း ကြရာတွင် တစ်ဦးပေါ် တစ်ဦး ယုံကြည်မှု ရှိရန်လိုကြောင်း ၊ မိမိလိုချင်သည့် အကြောင်းအရာ တစ်ခုအပေါ် တရားသေ မရပ်တည်ဘဲ ပြည်ထောင်စု စိတ်ဓာတ် ၊ တစ်နည်း အားဖြင့် မြန်မာစိတ်ဓာတ် ဖြင့် လုပ်ဆောင် သွားပါက မိမိတို့ လျှောက်လှမ်း နေသည့် လမ်းကြောင်းတွင် အရှိန်အဟုန် မြန်ဆန်ပြီး အေးအေးချမ်းချမ်း နှင့် အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team - PPST) အား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Peace Process Steering Team - PPST အဖွဲ့ဝင်များ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) မှ ဘောင်ခေး၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ချင်းအမျိုးသား တပ်ဦး (cNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/ KNLA (PC) မှ နော်ကပေါ်ထူး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (KKO) မှ စောမိုရှေး နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ၊ ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ငြိမ်းချမ်းစွာ လျှောက်လှမ်း နိုင်ရေးအတွက် အဓိက လိုအပ်ချက် မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင် ပြီးစီးရေး ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ ပထမ သက်တမ်း ကာလ တစ်ပြည်လုံး ငြိမ်းချမ်းရေး ရရှိရန် ကမ်းလှမ်းချက် အပေါ် မူတည်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက ကောင်းမွန်သည့် အပြုသဘော တုံ့ပြန်ချက် များဖြင့် ပူးပေါင်း ဆောင်ရွက်မှု ကြောင့် ခရီးလမ်းတစ်ခု အထိ ရောက်ရှိပြီး NCA လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုး ခဲ့သည့် အဖွဲ့အစည်း များသည် ထူးခြားသော ဝိသေသ ရှိသည်ဟု ပြောရမည် ဖြစ်ကြောင်း၊ လက်ရှိအစိုးရ ကဦးဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ကျင်းပရန် လုပ်ဆောင် နေကြောင်း၊ ၆ နှစ်တာ ကာလ ဖြတ်သန်းခဲ့ ရမှု အတွေ့အကြုံ အရ နိုင်ငံသူ နိုင်ငံသား အားလုံး၏ ရပ်တည်မှုနှင့် နိုင်ငံသားများ၏ အခွင့်အရေး အတွက် ဥပဒေအရ ပေးထားသည် များရှိကြောင်း ၊ တချို့နေရာ များတွင်  လိုအပ်ချက် အရ တောင်းဆိုပိုင်ခွင့် ရှိသော်လည်း ပြန်လည် ပေးရမည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပိုင်း များတွင် လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိရ၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း ၊ တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါး ကို ခိုင်ခိုင်မာမာ ရပ်တည် ထားကြောင်း ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆွေးနွေး ရာတွင်လည်း CNA အပေါ်တွင်သာ ရပ်တည် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ အရေးကြီး သည်မှာ တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုပင် ဖြစ်ကြောင်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့် တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်မှု အတွက် ညီညွတ်သော စိတ်ဖြင့် ၀ိုင်းဝန်း လုပ်ဆောင် ခြင်းဖြင့် အရှိန်အဟုန် မြန်ဆန်မည်ဟု ယုံကြည်ကြောင်း ၊ တပ်မတော် အနေဖြင့်လည်း ၄င်းစိတ်ဓာတ်ဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုး နှင့်အဖွဲ့ဝင် များက PPST ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် နှင့် ဖွဲ့စည်းထားရှိမှု အခြေအနေ များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ PPST အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တွင်လည်း CNA အပေါ်တွင်သာ ရပ်တည် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် CNA ၌ လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ ပါဝင်နိုင်ရေး ဆွေးနွေးနေမှု အခြေအနေများ ၊ UPDJC နှင့် JICM ကော်မတီ အစည်းအဝေးများ ဆက်လက် လုပ်ဆောင် သွားမည့် အခြေအနေ များကို ရှင်းလင်း တင်ပြပြီး တစ်ဖွဲ့ချင်း အနေဖြင့်လည်း ဆက်ဆံရေး ရုံးများ တိုးချဲ့ ထားရှိရေး၊ JMC အနေဖြင့် အဆင့်ဆင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရေး၊ နှစ်ဖက်တပ်များ တပ်နေရာ ချထားရေး စသည်ဖြင့် အသီးသီး ဆွေးနွေး ကြသည်။

ယင်း ဆွေးနွေးချက် များအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က CNA တွင် ပါဝင် လက်မှတ်ရေးထိုး ရန်အတွက် မည်သည့် အဖွဲ့ကိုမဆို တပ်မတော်က ဖိတ်ခေါ် ထားကြောင်း၊ လက်ရှိ လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို သွားလိုစိတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ခိုင်မာ သော စိတ်ရှိပါက လက်မှတ် မထိုးနိုင်စရာ မရှိကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှု ရှိရန်လို သကဲ့သို့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည် အပေါ် ယုံကြည် အားကိုးစိတ် ရှိရန်လည်း လိုအပ်ကြောင်း ၊  မိမိတို့ အနေဖြင့် တိုင်းပြည် အားသည် ပြည်တွင်း မှာသာ ရှိသည်ဆိုသည့်စိတ် ထား၍ ပါဝင် လက်မှတ် ရေးထိုးရန် စောင့်ဆိုင်း ကြိုဆိုနေကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပါဝင် တက်ရောက်ခြင်း၊ ပါဝင် ဆွေးနွေးခြင်း တို့သည် တပ်မတော်၏ သဘောထား တစ်ခုတည်း ဖြင့်မရဘဲ နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လူမျိုးများ၏ သဘောဆန္ဒ များကိုပါ ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအတွက် နိုင်ငံရေး ၊  နိုင်ငံ့အရေးများ လုပ်ဆောင် နိုင်ရန် နိုင်ငံရေး လမ်းကြောင်း ဖွင့်ပေးထား ခြင်းဖြစ်၍ မိမိ လုပ်ဆောင် လိုသည်ကို နိုင်ငံရေး နည်းလမ်းဖြင့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာ တွင်လည်း နေရာ (Place) နှင့် မြေ (Land) တို့သည် အရေးမကြီးဘဲ ပြည်သူက ထောက်ခံပြီး မိမိတို့ လုပ်ဆောင်သည့် နိုင်ငံရေး လမ်းကြောင်းကို မှန်မှန်ကန်ကန် လုပ်ဆောင် ပေးနိုင်ရန်သာ အရေးကြီး ကြောင်း၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ မထားရှိဘဲ တိုင်းပြည်အတွက် ကြည့်စေလိုကြောင်း ၊ မိမိတို့လည်း ထိုစိတ်ဓာတ်မျိုး မွေး၍ လုပ်ဆောင် နေကြောင်း ၊ ဒီမိုကရေစီ ခေတ်တွင် နိုင်ငံရေးအရ လွတ်လပ်စွာ သဘောကွဲလွဲမှု ရှိသော်လည်း တိုင်းရင်းသား အရေးတွင် သဘော ကွဲလွဲမှုများ မရှိစေလိုကြောင်း၊ ရိုးသားစွာ ပြောဆိုရပါက တပ်မတော် အနေဖြင့် တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်မှုကို လုံးဝ မလိုလားကြောင်း ၊ သက်ဆိုင်ရာ အစိုးရ အုပ်ချုပ်မှု ယန္တရားများ၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို နှောင့်ယှက် ထိခိုက်မှုများ မရှိစေရန် ကာကွယ်ရခြင်းသာ ဖြစ်ကြောင်း၊ တချို့လည်း စိုးရိမ်စိတ် ဖြင့် နယ်မြေ တည်ဆောက်မှု၊ အင်အား တည်ဆောက်မှုများ လုပ်ဆောင် နေသည်ကို တွေ့ရှိရကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပါက ယင်းသို့ လုပ်ဆောင်ရန် မလိုဘဲ ငြိမ်းချမ်းသည့် နည်းလမ်း ဖြင့်သာ လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ အလားတူ နေရာနှင့် မြေမှာ အရေးမကြီးဘဲ လူထု ယုံကြည်မှု ရရှိရန် လိုကြောင်း ၊ တပ်မတော် အနေဖြင့် လူထု ယုံကြည်မှု ရရှိအောင် ကြိုးစား တည်ဆောက် နေကြောင်း ရှင်းလင်း ပြောကြား၍ တစ်ဖွဲ့ချင်း၏ ဆွေးနွေးချက် များအပေါ် ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက် လာကြသည့် တိုင်းရင်းသား အဖွဲ့ ကိုယ်စားလှယ် များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger