www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ၀န်ဆောင်မှုလုပ်ငန်း. Show all posts
Showing posts with label ၀န်ဆောင်မှုလုပ်ငန်း. Show all posts

Wednesday, September 20, 2017

မြန်မာ့စာတိုက်လုပ်ငန်းမှ ဝန်ဆောင်မှု လုပ်ငန်းအသစ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိ



ရန်ကုန် ၂၀-၉-၂၀၁၇

မြန်မာ့စာတိုက်လုပ်ငန်းမှ ဝန်ဆောင်မှုလုပ်ငန်း အသစ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ သတင်းများအရ သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ချမှတ်ဆောင်ရွက်နေသည့် မူဝါဒရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ မြန်မာ့စာတိုက်လုပ်ငန်း၏ Vision ဖြစ်သည့်လူတိုင်းအတွက် မြန်မာ့စာတိုက် (Myanmar Post For Everyone) နှင့်အညီ အများပြည်သူကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာစာတိုက် လုပ်ငန်းအနေဖြင့် မူလဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပြည်တွင်းပြည်ပစာ၊ ပါဆယ်ပို့ဆောင်ခြင်း လုပ်ငန်းများ၊ ပြည်တွင်းပြည်ပ အမြန်ချောပို့လုပ်ငန်းများ၊ ပြည်တွင်း ငွေလွှဲလုပ်ငန်းများနှင့် စာပို့တံဆိပ်ခေါင်းရောင်းချခြင်း လုပ်ငန်းများအပြင် ခေတ်စနစ်အလိုက် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက် ရှိသည့်အပြင် ဝန်ဆောင်မှုလုပ်ငန်း အသစ်များဖြစ်သော Online Shopping လုပ်ငန်းဆောင်ရွက် နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝယ်ယူသူများကြား လိုအပ်နေသော အိမ်တိုင်ရာရောက် ပေးဝေမှုလုပ်ငန်းများ၊ Mobile ဖုန်း၊ Top-up ငွေဖြည့်ခြင်းလုပ်ငန်းများ၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ်များကို Online မှ ရောင်းချပေးခြင်း လုပ်ငန်းများ စသည့် ဝန်ဆောင်မှုလုပ်ငန်း အသစ်များကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထို့ပြင် အထူးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပြည်တွင်း အမြန်ချောပို့လုပ်ငန်း၊ ပြည်တွင်းရိုးရိုး ငွေပို့လွှာလုပ်ငန်း၊ ပြည်တွင်း အမြန်ငွေပို့လွှာလုပ်ငန်း၊ ယနေ့ပို့မနက်ဖြန်ရောက် အိမ်တိုင်ရာရောက် ပေးဝေခြင်းလုပ်ငန်း၊ နေ့ချင်းရောက်စာ ဝေစနစ်လုပ်ငန်း၊ HomeTown Product Delivery လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ အမြန်အချောပို့လုပ်ငန်း၊ ပြည်ပချောထုပ်ထွက် ကောင်တာလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ အမြန်အချောပို့ လုပ်ငန်းနှင့် @Post (ကိုယ်စားငွေကောက်ခံ ခြင်းလုပ်ငန်း) များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

Monday, February 20, 2017

ပြည်သူအတွက် ပြည်သူ့ဝန်ဆောင်မှုရုံးများ


ပြည်သူအတွက် ပြည်သူ့ဝန်ဆောင်မှုရုံးများ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ၂ဝ၁၁ ခုနှစ်မှစ၍ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက် ခဲ့ရာတွင် ပြည်သူအတွက် ပြည်သူ့ဝန်ဆောင်မှု ရုံးများကို မြို့နယ်များ၌ ဖွင့်လှစ်ခဲ့သည့် လုပ်ငန်းလည်း ပါဝင်သည်။ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း ရှေ့ပြေးစီမံချက် အရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့ဖြင့် စတင်ဆောင်ရွက် ခဲ့သည်။

ယခုအခါ ပြည်သူတို့၏ လိုအပ်ချက်အရ တောင်းဆိုမှု များကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတို့ကို ထပ်မံ ဖွင့်လှစ်ပေး  လိုက်ပြီး ဖြစ်သဖြင့် မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး ၁၅ ရုံးအထိ တိုးချဲ့ ဆောင်ရွက်ပေးလျက် ရှိသည်။ မြို့နယ်များ၌ ဖွင့်လှစ်ထားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများက ဝန်ဆောင်မှု ပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လုပ်ငန်းလိုအပ်ချက် အပေါ် မူတည်၍ ဌာနဆိုင်ရာ လိုအပ်မှု ကွာခြား နိုင်ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး များတွင် ဌာနအလိုက် ဖွဲ့စည်းပုံ အမှန်မရှိသေး သော်လည်း သက်ဆိုင်ရာ ဌာနမှ ဝန်ထမ်းများအား အလှည့်ကျ ဆောင်ရွက်စေခြင်း၊ လုပ်ငန်း ကျွမ်းကျင်၍ ဆက်ဆံရေး ကောင်းမွန်သူ များအား ရွေးချယ်စေလွှတ် တာဝန်ပေးခြင်း၊ ပြည်သူ့ ဝန်ဆောင်မှုရုံး၌ ပါဝင်သည့် သက်ဆိုင်ရာ ဦးစီးဌာနများက လုပ်ငန်း ဆောင်ရွက်ရာတွင် အချိန်တို အတွင်းမှာပင် ကုန်ကျစရိတ် သက်သာစွာ ဆောင်ရွက်ပေး နိုင်မည့် နည်းလမ်းများဖြင့် လုပ်ထုံးလုပ်နည်း အချို့ကို ဖြေလျှော့သွား နိုင်ရေး၊ တစ်ရက်တည်းဖြင့် ဆောင်ရွက်ပေး နိုင်မည့် လုပ်ငန်းများ ရွေးချယ် သတ်မှတ်၍ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများ အတွက် တာဝန် ပေးအပ်မည့် ဝန်ထမ်းများ ပုံမှန် ထားရှိနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက် နေကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ရှင်းလင်း ပြောကြားချက် အရ သိရသည်။

မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး များမှ ဆောင်ရွက်ပေး နိုင်သော လုပ်ငန်းများမှာ အခွန်လေးမျိုး အပါအဝင် မြေငှားဂရန်ပုံစံ (၁ဝ၅)၊ ဘိလိယက်ခုံ လိုင်စင်၊ ပွဲမိန့် လျှောက်ထားခြင်း၊ အိမ်ထောင်စုဇယား မှတ်တမ်းများ၊ နိုင်ငံသား စိစစ်ရေးကတ် လျှောက်လွှာ၊ သေဆုံး မှတ်ပုံတင်၊ ပထမသတင်းပေး တိုင်ကြားမှု၊ မီးဘေး လုံခြုံရေး ကိစ္စများ၊ စည်ပင် သာယာရေးနှင့် သက်ဆိုင်သည့် ကိစ္စများ၊ အလုပ်သမား ကိစ္စများ၊ မွေးမြူရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ၂ဝ၁၆ ခုနှစ်အတွင်း ဆောင်ရွက်ပေး ခဲ့သည့် လုပ်ငန်းပေါင်း ၁၅၅၈၇၆၁ ရှိသည်။

ယခင်အချိန် ကာလက နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးသူ တစ်ဦးသည် အစားထိုး ကတ်တစ်ခု ပြုလုပ်ရန် ပထမဦးစွာ မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနသို့ သွားရသည်။ ၄င်းရုံးမှ လိုအပ်သော စာရွက်စာတမ်းများ ရယူပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ထောက်ခံချက်၊ ဒေသန္တရ ကျန်းမာရေး ဌာန ထောက်ခံချက်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူး ထောက်ခံချက်တို့ကို ရယူပြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနသို့ ပြန်လည် သတင်းပို့ ဆောင်ရွက်ရသည်။ နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးကြောင်း ထောက်ခံချက်သည် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး ကိုယ်တိုင် လက်မှတ်ရေးထိုး ရသော ကိစ္စဖြစ်သဖြင့် အချိန်ပေး စောင့်ဆိုင်းရသည်။ တစ်နေရာမှ တစ်နေရာ သွားရသည် ကလည်း အချိန်ကုန် ငွေကုန်သည်။ ယခု အချိန်တွင် မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး များ၌ ဌာနဆိုင်ရာများ စုပေါင်းရုံး ဖွင့်ထားခြင်းကြောင့် အချိန်တို အတွင်း စရိတ်စက သက်သာစွာ လုပ်ငန်းပြီးစီး အောင် ဆောင်ရွက်နိုင် ကြသည်မှာ ပြည်သူများ ဝမ်းမြောက်ဖွယ် ဖြစ်သည်။

ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းပြီးစီး အောင်မြင်သော အခါ မိမိတာဝန် ကျေပွန်မှု အတွက် ဂုဏ်ယူဖွယ် ဖြစ်သကဲ့သို့ ပြည်သူများ အနေဖြင့်လည်း ဝမ်းမြောက် ဝမ်းသာကြမည် ဖြစ်သည်။ အလုပ်ကိစ္စ အောင်မြင်ပြီးစီး လျှင် အကျိုးကို ညီတူညီမျှရ၏ဆိုသည့်သဘောဖြစ်သည်။ အလုပ်ကိစ္စ ချွတ်ယွင်းပျက်စီး သွားလျှင် ရှေ့ဆောင်သူ ကိုသာ ဝိုင်းဝန်း၍ အပြစ်တင်ကြ၏ ဆိုစကားကိုလည်း အလေးထား ကြရပေမည်။ မည်သည့်လုပ်ငန်း ဖြစ်စေ ရှေ့ဆောင်သူတို့၏ အမြော်အမြင် ရှိမှု၊ လက်တွေ့ ဖော်ဆောင်မှု၊ ဖွဲ့စည်းမှုနှင့် အဆင့်ဆင့် တာဝန်ယူတတ်မှု တို့ရှိကြရမည် ဖြစ်ရကား သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ပီပြင်ရေးသည် ဆိုခဲ့သော အချက်များနှင့် ပြည့်စုံရန် လိုအပ်ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Tuesday, February 7, 2017

ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၆ ခု၌ ကျန်းမာရေးစောင့်ရှောက်မှုကို သုတေသနပြုမည်



ရန်ကုန် ၊ ၇-၂-၂၀၁၇

ရန်ကုန်မြို့ရှိ အဓိကဆေးရုံကြီး ခြောက်ခု၌ ဆေးရုံလုပ်ငန်း တာဝန်များနှင့် ဆေးရုံတက်လူနာ များ၏ ကျန်းမာရေး စောင့်ရှောက်မှု အပေါ် စိတ်ကျေနပ်မှု အခြေအနေများနှင့် ပတ်သက်၍ သုတေသီပညာရှင် ၆ဝ ဦးက လေ့လာမှု သုတေသနစစ်တမ်း ပြုလုပ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ သုတေသန ပြုလုပ်မည့် ဆေးရုံကြီးများမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၊ ရန်ကုန် ကလေးဆေးရုံကြီး၊ ခုတင်-၅ဝဝ ဆံ့ ဆေးရုံသစ်ကြီး၊ အရိုးရောဂါကု ဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီး တို့ဖြစ်ကြောင်း၊ ဆေးရုံ Reception Services ကို လူနာနှင့်ဝန်ထမ်း များကြား ဆက်ဆံရေး အဆင်ပြေ ချောမွေ့စေရေး ပေါင်းကူးဆက်သွယ် ဆောင်ရွက်ပေးရန်၊ လူနာစောင့်များ၏ စိတ်ဖိစီးမှုများကို အတိုင်းအတာ တစ်ခုအထိ လျှော့ချ ပေးနိုင်ရန်နှင့် ကုသရေးဦးစီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပေး နိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခုတင်-၂ဝဝ နှင့်အထက် ပြည်သူ့ဆေးရုံကြီး များတွင် လူနာများ စိတ်ကျေနပ်မှု ရရှိစေရန်နှင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် ဆေးလူမှု ဆက်ဆံရေး ဌာနမှ ဦးဆောင်၍ ဆေးရုံကြိုဆို လမ်းညွှန်ရေး ဝန်ဆောင်မှု လုပ်ငန်းကို ခုတင်-၁ဝဝ ဆံ့၊ ခုတင်-၅ဝဝ ဆံ့ ဆေးရုံများ၌ပါ တိုးချဲ့လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ရက် ၁ဝဝ စီမံချက် လုပ်ငန်းစဉ် တွင်လည်း မူလ ဆောင်ရွက်နေသည့် ဆေးလူမှု ဆက်ဆံရေး လုပ်ငန်းများအပြင် လူနာ၊ မိသားစုဝင်များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့ဝင် များကို အကူအညီ ပေးရန်နှင့် ဆေးရုံအတွင်း ကြိုဆိုလမ်းညွှန် ကူညီပေးရန် အထက်ပါ ဝန်ဆောင်မှု လုပ်ငန်းကို စတင်လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Thursday, January 19, 2017

ပြည်တွင်း၌ အရည်အသွေးမြင့် ဆန်များထုတ်လုပ်ရန် အဆင့်မြင့်ဆန်စက်များ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး


ကျိုက်လတ် ၊ ၁၉-၁-၂၀၁၇

ပြည်တွင်း၌ အရည်အသွေးမြင့် ဆန်များ ထုတ်လုပ်ရန် လိုအပ်နေသော အဆင့်မြင့် ဆန်စက်များကို ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့၌ တည်ဆောက်လျက် ရှိရာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အဆင့်မြင့် ဆန်စက်များ တည်ဆောက်နေမှု ပြီးစီးပါက မြန်မာနိုင်ငံအတွင်း ထိပ်တန်းဆန်စက် လုပ်ငန်းစုများကို တစည်းတလုံးတည်း တွေ့မြင်ရမည် ဖြစ်ပြီး စီမံကိန်း Phase-1 ကို မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါဆန်စက် များမှ တစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၆ဝဝဝဝ ခန့်တင်ပို့မည် ဖြစ်၍ ပြည်တွင်း စားသုံးရန် အဆင့်မြင့် ပေါ်ဆန်းနှင့် တန်းမြင့်ဆန် တန်ချိန် ၁၅ဝဝဝ ခန့် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စပါးခွံလောင်စာ သုံး၍ ဘွိုင်လာမှ ရေနွေးငွေ့ ထုတ်လုပ်ပြီး တာဘိုင်ကို လည်ပတ်စေကာ 440 V.2.2 MW လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်သည် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းတွင် ပထမဆုံးနှင့် အကြီးဆုံး စပါးခွံသုံး လျှပ်စစ်ထုတ်လုပ်သည့် စက်ဖြစ်ပြီး ယင်းစက်ကို အိန္ဒိယနိုင်ငံ Lucky Export ကုမ္ပဏီမှ မှာယူ တင်သွင်း၍ တည်ဆောက် နေခြင်းဖြစ်ရာ ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။ တစ်နေ့လျှင် တန် ၂ဝဝ ထုတ်လုပ်နိုင်သော စပါးပေါင်းစက် အပါအဝင် တစ်နေ့လျှင် တန် ၂၅ဝ ထွက် ဆန်စက်များ ကိုလည်းကောင်း၊ ၁၅ တန်ထွက် စပါးအခြောက်ခံ စက် နှစ်လုံး၊ ၁၇ တန်ထွက် စပါးအခြောက်ခံ စက်နှစ်လုံးကို တောင်ကိုရီးယား နိုင်ငံမှ မှာယူတည်ဆောက် နေမှုသည်လည်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် မှ ၅၅ ရာခိုင်နှုန်း၊ Golden Lace Co.,Ltd. မှ ၄၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

ပြည်တွင်း၌ အရည်အသွေးမြင့် ဆန်များထုတ်လုပ်ရန် အဆင့်မြင့်ဆန်စက်များ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး


ကျိုက်လတ် ၊ ၁၉-၁-၂၀၁၇

ပြည်တွင်း၌ အရည်အသွေးမြင့် ဆန်များ ထုတ်လုပ်ရန် လိုအပ်နေသော အဆင့်မြင့် ဆန်စက်များကို ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့၌ တည်ဆောက်လျက် ရှိရာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အဆင့်မြင့် ဆန်စက်များ တည်ဆောက်နေမှု ပြီးစီးပါက မြန်မာနိုင်ငံအတွင်း ထိပ်တန်းဆန်စက် လုပ်ငန်းစုများကို တစည်းတလုံးတည်း တွေ့မြင်ရမည် ဖြစ်ပြီး စီမံကိန်း Phase-1 ကို မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါဆန်စက် များမှ တစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၆ဝဝဝဝ ခန့်တင်ပို့မည် ဖြစ်၍ ပြည်တွင်း စားသုံးရန် အဆင့်မြင့် ပေါ်ဆန်းနှင့် တန်းမြင့်ဆန် တန်ချိန် ၁၅ဝဝဝ ခန့် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စပါးခွံလောင်စာ သုံး၍ ဘွိုင်လာမှ ရေနွေးငွေ့ ထုတ်လုပ်ပြီး တာဘိုင်ကို လည်ပတ်စေကာ 440 V.2.2 MW လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်သည် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းတွင် ပထမဆုံးနှင့် အကြီးဆုံး စပါးခွံသုံး လျှပ်စစ်ထုတ်လုပ်သည့် စက်ဖြစ်ပြီး ယင်းစက်ကို အိန္ဒိယနိုင်ငံ Lucky Export ကုမ္ပဏီမှ မှာယူ တင်သွင်း၍ တည်ဆောက် နေခြင်းဖြစ်ရာ ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။ တစ်နေ့လျှင် တန် ၂ဝဝ ထုတ်လုပ်နိုင်သော စပါးပေါင်းစက် အပါအဝင် တစ်နေ့လျှင် တန် ၂၅ဝ ထွက် ဆန်စက်များ ကိုလည်းကောင်း၊ ၁၅ တန်ထွက် စပါးအခြောက်ခံ စက် နှစ်လုံး၊ ၁၇ တန်ထွက် စပါးအခြောက်ခံ စက်နှစ်လုံးကို တောင်ကိုရီးယား နိုင်ငံမှ မှာယူတည်ဆောက် နေမှုသည်လည်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် မှ ၅၅ ရာခိုင်နှုန်း၊ Golden Lace Co.,Ltd. မှ ၄၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Thursday, July 28, 2016

အင်းလေးရေပြင် သဘာဝအလှကို ကြည့်ရှုခံစားရင်း လှေပေါ်၌နေ့လယ်စာ သုံးဆောင်နိုင်မည့် ၀န်ဆောင်မှု ဆောင်ရွက်



ညောင်ရွှေ ၊ ၂၈-၇-၂၀၁၆

ညောင်ရွှေမြို့နယ် အင်းလေးကန် အတွင်း အင်းလေးရေပြင် သဘာဝ အလှကို ကြည့်ရှု ခံစားရင်း ကုန်တင်လှေ ပေါ်၌  နေ့လယ်စာ သုံးဆောင်နိုင်မည့် Floating Lunch on Boat ဝန်ဆောင်မှုကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သော တောင်ချွန်း စားသောက်ဆိုင် က ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကုန်တင်လှေ တစ်စင်းပေါ်၌ စားပွဲတစ်ဝိုင်းလျှင် လေးဦးနှုန်းဖြင့် ၁၆ ဦး သုံးဆောင်နိုင်မည် ဖြစ်ပြီး စားပွဲဝိုင်း တစ်ဝိုင်းလျှင် အမေရိကန် ဒေါ်လာ ၂ဝဝ ကျသင့်ကြောင်း သိရသည်။

''အရင်တုန်းက အင်းလေးကနေ ညောင်ရွှေကို လှေနဲ့လာရင်း လမ်းမှာ စားစရာ ချက်စားရတာကို အခြေခံပြီး စီမံထားတာပါ။ စားစရာတွေ ပြင်ထားတဲ့ လှေကြီးရဲ့ဘေးမှာ စားဖိုဆောင်လှေ ရှိပါတယ်။ စားဖိုဆောင်လှေ ကနေ ယွန်းအုပ်နဲ့ လှေကြီးဆီကို ကနူးလှေလေး တွေနဲ့ ပို့ပါတယ်'' ဟု တောင်ချွန်း စားသောက်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စားသုံးနိုင်သည့် အစားအစာ များမှာ ရိုးရာ အစားအစာများ ဖြစ်ပြီး စားသုံးသူများ အနေဖြင့် မိမိတို့ ကြိုက်နှစ်သက် ရာကို ထပ်မံမှာယူ သုံးဆောင် နိုင်ကြောင်း သိရသည်။

ထို့ပြင် ပွင့်လင်းရာသီ ခရီးသွား များပြားချိန်တွင် တစ်ရက်လျှင် ၁၆ ဦးစီး လှေ ၁ဝ စင်းဖြင့် ဝန်ဆောင်မှု ပေးပြီး နေဝင်ချိန်တွင် သုံးဆောင် လိုပါက စီစဉ်ပေးသည့် အပြင် အမှတ်တရ နေ့များအတွက် ဧည့်ခံပွဲ လုပ်လို ပါကလည်း  ဆောင်ရွက် ပေးကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, July 15, 2016

သတ်မှတ်စည်းကမ်း မလိုက်နာသည့် ဟိုတယ်များကို လုပ်ငန်းလိုင်စင် ပေးမည်မဟုတ်


Royal Taunggyi Hotel, Taunggyi

ရန်ကုန် ၊ ၁၅-၇-၂၀၁၆

ပြည်တွင်းရှိ ဟိုတယ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သတ်မှတ် ထားသော စည်းကမ်းချက်၊ မူဝါဒများနှင့် ကိုက်ညီမှု မရှိပါက လုပ်ငန်း လိုင်စင်ချထား ပေးမည် မဟုတ်ဘဲ စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

''သူ့ဒေသအလိုက် ဟိုတယ်တွေကို သတ်မှတ်ထား တာတွေ ရှိပါတယ်။ အခန်း အရေအတွက် ကန့်သတ်ချက်၊ အမြင့်ပေ သတ်မှတ်ချက် နဲ့ အကျယ်အဝန်း နေရာ သတ်မှတ်ချက်တွေ သတ်မှတ် ထားပါတယ်။ ဒါတွေကို ကျော်လွန် ဆောက်လုပ် ထားတာ တွေ့ရင်တော့ လုပ်ငန်း လုပ်ကိုင်ခွင့် မပေးသလို လိုင်စင်လည်း မပေးပါဘူး'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေး က ပြောသည်။

ပြည်တွင်း၌ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၏ သတ်မှတ်ချက် များနှင့်အညီ ဆောက်လုပ်ရမည် ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့်လည်း လုပ်ငန်း လုပ်ကိုင်မည့် နေရာဒေသကို ကြည့်ကာ အထပ်မြင့်၊ မြေနေရာ နှင့် အခန်း အရေအတွက် ကို သတ်မှတ် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''တချို့နေရာ တွေက ခရီးသည် ဝင်ရောက်မှု များပြီး ဟိုတယ်တွေ လိုအပ်ချက် များနေရင် အခန်း အရေအတွက် များများ ခွင့်ပြုပေး ပါတယ်။ တချို့နေရာ တွေကျတော့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက် အခန်း အရေအတွက် ကို အများကြီး ခွင့်ပြုလို့ မရပါဘူး။ ဒါကြောင့် တစ်နေရာနဲ့ တစ်နေရာ သတ်မှတ်ချက် မတူနိုင်ပါဘူး'' ဟု ၄င်းက ဆက်လက် ပြောသည်။

ဆက်လက်ပြီး သဘာဝ အခြေပြု ခရီးသွား လုပ်ငန်းများ လုပ်ဆောင်သူ Nature Lovers ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဦးအောင်ဒင် က ''ဝန်ကြီးဌာန အနေနဲ့ ခရီးသွား ဧည့်သည်များပြီး ဟိုတယ် အရေအတွက် များလို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မယ့် နေရာဒေသ မျိုးတွေမှာ Home Stay ကို ပိုမိုခွင့်ပြုပေး စေချင်ပါတယ်။ ရပ်ရွာလူထု အခြေပြုတဲ့ ခရီးသွား လုပ်ငန်း တွေဆိုရင် ဒေသခံ ပြည်သူတွေ ဝင်ငွေရ တာပေါ့'' ဟုပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန က လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ခွင့်ပြုထားသော ဟိုတယ် ၁၃၅၁ လုံးရှိပြီး အခန်း အရေအတွက် ၅၂၆၈၁ ခန်း ရှိကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Thursday, January 28, 2016

ထီဆုငွေလာရောက် မထုတ်ယူသည်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ၀န်းကျင်ရှိနေ



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

လွန်ခဲ့သည့် ငါးနှစ်အတွင်း မှစ၍ အောင်ဘာလေ သိန်းဆုဌာနခွဲ၌ ထီဆုငွေ လာရောက် မထုတ်ယူသည့် ဆုအရေအတွက်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဝန်းကျင်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင် ၏ ပြောကြားချက် အရ သိရသည်။

''ထီဆု လာမထုတ်တဲ့ သူတွေက အမျိုးမျိုး ရှိပါတယ်။ ထီထိုးပြီး ထီလက်မှတ်ကို သေချာ မသိမ်းလို့ရယ် အောင်ဘာလေ ထီဖွင့်ပြီး ထီပေါက်စဉ် ထွက်လာတဲ့အခါမှာ ထီမတိုက် တာတွေရှိပါတယ်။ ထီဆုက ဥပမာ - ဇန်နဝါရီလ ကနေ ဒီဇင်ဘာလ အထိ တစ်နှစ်တိတိ စောင့်ပြီး ထုတ်ပေးပါတယ်။ အဲဒီ နောက်ပိုင်းမှသာ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းတာပါ။ ဒီဇင်ဘာလ မတိုင်မီ နိုဝင်ဘာလမှာလည်း ဒီထီလက်မှတ် နံပါတ်တွေက ထီပေါက်ထား ပါတယ်။

လာရောက် ထုတ်ယူမှု မရှိသေးပါဘူး ဆိုတာတွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်း ကြေညာတာတွေ ဆောင်ရွက် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

နောင်အနာဂတ်တွင် အောင်ဘာလေ ထီစနစ်ကို အွန်လိုင်း e-Lottery စနစ်အသုံးပြု၍ ဆောင်ရွက်ရန် ရှိကာ အဆိုပါစနစ်ကြီး ပေါ်ထွန်း လာစေရန် အောင်ဘာလေ ထီဥပဒေကြမ်း ကိုရေးဆွဲ၍ လွှတ်တော်သို့ တင်ပြ ထားကြောင်း၊ ယင်းဥပဒေ ပေါ်ထွက်မှသာ အွန်လိုင်း စနစ်ကို ဖော်ဆောင်နိုင်မည် ဖြစ်၍ အွန်လိုင်း e-Lottery စနစ်ကို မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် စနစ်အား ရွေးချယ်၍ ပြည်ပ ပညာရှင်များကို ငှားရမ်းကာ တိုင်ပင်ညှိနှိုင်းပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အွန်လိုင်းထီ လုပ်ငန်းဆောင်ရွက် လိုသော လုပ်ငန်းရှင် ကုမ္ပဏီများကို တင်ဒါခေါ်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထီစနစ်သည် paper lottery ခေါ်ဆိုသော စနစ်ဖြင့် လုပ်ဆောင်နေကာ ခြောက်လတစ်ကြိမ် ပုံနှိပ်ရပြီး စစ်ဆေး စီထပ်ထုပ်ပိုး ရကာ သက်ဆိုင်ရာ ကိုယ်စားလှယ် ဌာနခွဲများသို့ ဖြန့်ခွဲပေးခြင်း စသည်ဖြင့် အဆင့်များစွာ ဆောင်ရွက် ရကြောင်း အွန်လိုင်းစနစ်တွင် ထိုလုပ်ငန်းစဉ်များ များစွာ သက်သာ လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ထီလုပ်ငန်းသည် ၁၉၃၈ ခုနှစ်တွင် စတင်ပေါ်ပေါက် ခဲ့ကာ ယခင်က သသမေဓအခွန် နှင့် လူခွန် ကောက်ခံမှု အစား အောင်ဘာလေထီ ဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၆)

Tuesday, January 12, 2016

မြို့ပြနှင့် ကျေးလက်ဒေသများအထိ Mobile Phone ဖြင့်ငွေကြေးဝန်ဆောင်မှု ပေးသွားမည် ရွှေဘဏ် ဖွင့်ပွဲကျင်းပ



ရန်ကုန် ၊ ၁၂-၁-၂၀၁၆

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပြနှင့် ကျေးလက်ဒေသများ အထိ မိုဘိုင်လ်းဖုန်း ဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု များအား ဆောင်ရွက်ပေး သွားမည့် ရွှေဘဏ် (ရွှေကျေးလက် နှင့်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဘဏ် လီမိတက်) ရုံးချုပ်နှင့် ရုံးချုပ်ဘဏ်ခွဲ ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း နှင့် ကုန်သည် လမ်းထောင့်ရှိ အဆိုပါဘဏ် အဆောက်အအုံ ရှေ့၌ ကျင်းပသည်။

ရွှေဘဏ်ဖွင့်ပွဲတွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ UMFCCI နာယက ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ သမဝါယမဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် ရွှေဘဏ်နာယက ဒေါ်နီနီ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း က ရွှေဘဏ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် မြန်မာနိုင်ငံတောf ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် က မော်ကွန်းကမ္ပည်း ကြေးပြားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။

ရွှေဘဏ်သည် ကျေးလက်နှင့် မြို့ပြများ၊ ပြည်ပနိုင်ငံများသို့ အီလက်ထရွန်နစ် နည်းပညာကို အခြေခံကာ ဈေးရောင်းဝယ်မှု စနစ်၊ နိုင်ငံတကာ ငွေကြေးဈေးကွက် နှင့် အရင်းအနှီး ဈေးကွက်များသို့ ဝင်ရောက် ရောင်းဝယ်ခြင်း၊ ထပ်ဆင့်ချေးငွေနှင့် ပူးပေါင်းချေးငွေ လုပ်ငန်းများ ဘဏ်လုပ်ငန်း ဈေးကွက်တွင် ထိုးဖောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ပရွှေ့ပြောင်း လုပ်သားများအား မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲပို့လုပ်နိုင်ရန် နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်သွားမည် ဖြစ်ပြီး ငွေကတ်စနစ်များ ရှိကြောင်း သိရသည်။ တစ်နှစ်လျှင် ဘဏ်ခွဲငါးခု နှုန်းဖြင့် ငါးနှစ်အတွင်းမြို့ကြီးများ၌ ဘဏ်ခွဲပေါင်း ၂၅ ခု ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရွှေဘဏ်ရုံးချုပ်မှ သိရသည်။

ပြည်တွင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ ငွေလွှဲခြင်း၊ ငွေပေးအမိန့် (P.O) ထုတ်ပေးခြင်း၊ ဘဏ်အာမခံ အမျိုးမျိုး ထုတ်ပေးခြင်း၊ လက်ဆောင်မွန် ချက်လက်မှတ်များထုတ်ပေးခြင်း၊ DEBIT CARD ၊ CREDIT CARD များထုတ်ပေးခြင်း၊ ATM စက်များ၊ POS စက်များချထား၍ ဝန်ဆောင်မှုပေးခြင်း၊ Mobile BANKING, INTERNET BANKING ဝန်ဆောင်မှုစနစ်များ ပေးခြင်းတို့ကို ရွှေဘဏ်မှ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် နိုင်ငံခြားငွေ စာရင်းများဖွင့်လှစ်ပေးခြင်း၊ သွင်းကုန်/ ထုတ်ကုန် လုပ်ငန်းရှင်များ အတွက် LC/TT များဖွင့်ပေးခြင်း၊ Money Changer များဖွင့်လှစ်၍ နိုင်ငံခြားငွေ ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ Master Card , Visa Card များထုတ်ပေးခြင်း တို့ကိုလည်း ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ရွှေဘဏ်ရုံးချုပ်မှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

Thursday, December 24, 2015

ပြည်တွင်းခရီးသွား ၀န်ဆောင်မှုလုပ်ငန်း တချို့မှ အာဆီယံလေးနိုင်ငံကို မော်တော်ယာဉ်ဖြင့် ခရီးသွားလာမှု ပြုလုပ်နိုင်ရန် ၀န်ဆောင်မှုပေးမည်


ရန်ကုန် ၊ ၂၄-၁၂-၂၀၁၅

၂ဝ၁၆ ခုနှစ်တွင် ပြည်တွင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတချို့မှ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာဆီယံ နိုင်ငံလေးနိုင်ငံ သို့ မော်တော်ယာဉ်ဖြင့် ခရီးသွားလာ နိုင်ရန် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်းခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

လက်ရှိတွင် ယင်း အစီအစဉ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လေးခုရှိပြီး အဆိုပါခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ ၂ဝ၁၆ ခုနှစ် ဧပြီ လဆန်းပိုင်းမှ စ၍ မြန်မာ နိုင်ငံသားများ ကိုယ်ပိုင် မော်တော်ယာဉ်များ အသုံးပြုကာ ယင်းနိုင်ငံ လေးနိုင်ငံသို့ ခရီး သွားလာနိုင်ရန် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများသည် မြန်မာနိုင်ငံသား များအား ဝန်ဆောင်မှု ပေးရာတွင် ယင်းနိုင်ငံများကို သွားရောက် လည်ပတ်ခွင့် ဗီဇာရရှိရန် ယင်း နိုင်ငံများသို့ ရောက်ရှိလျှင် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်နိုင်ရန် စီစဉ်၍ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။

ယင်း ဝန်ဆောင်မှု အတွက် ဝန်ဆောင်ခ နှုန်းထားများကို မကြာမီ ထုတ်ပြန်ကြေညာ မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

Tuesday, December 15, 2015

ဒေသထွက်စားသောက်ကုန်များ ၀န်ဆောင်မှုလုပ်ငန်း မြန်မာ့စာတိုက်လုပ်ငန်းက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေ



ရန်ကုန် ၊ ၁၅-၁၂-၂၀၁၅

တောင်ကြီးနှင့် ပခုက္ကူမြို့တို့မှ ရန်ကုန် သို့လည်းကောင်း၊ ရန်ကုန်မှ တောင်ကြီးနှင့် ပခုက္ကူမြို့တို့သို့ လည်းကောင်း ဒေသထွက် စားသောက်ကုန် ပစ္စည်းများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်း (Hometown Product Delivery) အား မြန်မာ့စာတိုက် လုပ်ငန်းမှ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

''တောင်ကြီးဒေသထွက် စားသောက်ကုန်ကို စားချင်လို့ မှာမယ်ဆိုရင် တောင်ကြီးစာတိုက်က သွားဝယ်ပေးတယ်။ ပြီးရင် ရန်ကုန်ကို ပြန်ပို့ပေးတယ်။ ဝယ်ပေးခ ပေးစရာမလိုဘူး။ ပစ္စည်းသွားယူခ လုံးဝ ထည့်မထားပါဘူး။ ဝယ်ယူမယ့် သူကို ကိုယ့်ရဲ့ဒေသထွက် ပစ္စည်းတွေ စားစေချင်တဲ့ သဘောနဲ့ ဆောင်ရွက်ပေး တာပါ။ အခု တစ်နိုင်ငံလုံးကို လည်း စာထုတ်ပေးထား ပါတယ်။ ဒီလုပ်ငန်းကို လုပ်ချင်တဲ့ မြို့နယ်တိုင်း လုပ်ဖို့ အဲဒီ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေရဲ့ မန်နေဂျာတွေ ကိုလည်း ပြောထားတယ်။ သူတို့နဲ့ ရန်ကုန် စာတိုက်ကြီး ချိတ်ဆက်ပြီးတော့ လိုချင်တဲ့ ပစ္စည်းတွေကို မှာလို့ရတယ်။ ကျွန်တော်တို့က သွားဝယ်ပေးမယ်၊ ပြန်ပို့ပေးမယ်။ အခု ပခုက္ကူနဲ့လည်း ဆောင်ရွက်နေပြီ။ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာလည်း တဖြည်းဖြည်း ဒီဝန်ဆောင်မှုကို ဆောင်ရွက် သွားမှာ ပါ'' ဟု မြန်မာ့စာတိုက်လုပ်ငန်း ဒုတိယ အထွေထွေ မန်နေဂျာ ဒေါ်ငုသီတာ က ပြောသည်။

အဆိုပါ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်း သည် တောင်ကြီး ဒေသထွက် ဖြစ်သည့် ပဲပုပ်၊ ခေါပုတ်၊ မုန်ညင်းချဉ်၊ ကြက်သွန်ချဉ်၊ ဆီတို့ဟူး၊ ကြက်သွန်ဖြူ (ဥတစ်လုံး)၊ လက်ဖက်ခြောက်၊ ပဲလိပ်ပြား၊ နေကြာစေ့လှော်၊ ပဲပုပ်စေ့၊ စွန်တန် (ခြောက်)တို့အား မှာယူပေးပြီး ရန်ကုန်မြို့မှ ပုစွန်ခြောက်၊ ငါးနှပ်ခြောက်၊ ငါးနီတူခြောက်၊ မုန့်ဟင်းခါးခြောက်၊ ငါးရံ့ခြောက်၊ အုန်းနို့ ခေါက်ဆွဲခြောက်၊ ကြာဆံချက် ခြောက်ထုပ်၊ ပုစွန်ချဉ်၊ ငါးဖယ်ချဉ်၊ သရက်သီးသနပ်၊ ငါးမုန့်၊ ငါးပိစိမ်း စားထောင်းနှင့် ငါးပိရည်ကျို တို့ကို ဝယ်ယူပို့ဆောင် ပေးရသည်။ အလားတူ ပခုက္ကူဒေသမှ လက်ဖက်အသား၊ ပဲကြော်နှင့် ဆီးထုပ်တို့အား အများဆုံး ဝယ်ယူ ပို့ဆောင်ပေး ရကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger