www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Thursday, February 14, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မြိတ်ခရိုင်အတွင်းရှိ  မြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
-
မြိတ်   ဖေဖော်ဝါရီ   ၁၃
-
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်မှအထူးလေယာဉ်ဖြင့်ထွက်ခွာကြရာမွန်းလွဲ ၂နာရီတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိကြသည်။
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်   တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက မြိတ်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်မြိတ်မြို့အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည့် လွတ်လပ်ရေးဗိသုကာကြီး  ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ခရိုင်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ခရိုင်အဆင့် မူလတန်းနှင့်အထက်တန်းအဆင့်  ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်း ပြောပြိုင်ပွဲများတွင်ပထမရရှိခဲ့ကြသည့် ကျောင်းသားများ၏သရုပ်ဖော်မိန့်ခွန်း ပြောကြား မှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ခရိုင်အဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ မူလတန်းအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုဆုများပေးအပ်ချီးမြှင့်သည်။
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဒုတိယဝန်ကြီး ဦးလှမော်ဦးတို့က ခရိုင်အဆင့် ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲ၊ ကျပန်း စကား ပြောပြိုင် ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား  ဆုများပေးအပ်ချီးမြှင့်ကြ သည်။
-
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဆုရကျောင်းသား၊ကျောင်းသူများ၏ အနုပညာပြခန်းကိုကြည့်ရှုအားပေးသည်။ ယင်းနောက်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြိတ်မြို့ ပုလဲရတနာခန်းမ၌ မြိတ်ခရိုင်အတွင်းရှိမြို့နယ်များမှ ဒေသခံပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြားသည်။
-
ထို့နောက် လူထုတွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက မြစ်ရေကြီးမှုကာကွယ်ပေးရေး၊ Universal Healthcare  Law ပြဋ္ဌာန်းပေးရေး၊ မြေငှားခအခွန်များ စည်းကြပ်ပေးရေး၊ ပြည်တွင်းပြည်ပခရီးသွားများ အတွက် ပင်လယ်ပြင်ကျွန်းများတွင် သန့်စင်ခန်း များဆောင်ရွက်ခွင့်ပြုရေး၊ ငါးလေလံဈေး အမြန် ဆောင်ရွက်ပေးနိုင်ရေး၊ မောတောင်နယ်စပ် ဂိတ်ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ရေအားလျှပ်စစ်အကောင်အထည်ဖော်ဆောင် ပေးရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရေး၊ တိုင်းရင်းသား ဘာသာစကားသင်ကြား ပေးနိုင်ရေး၊ မောတောင်နှင့် ထိုင်းနိုင်ငံဘက်ခြမ်း မြို့နယ်အဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အမြဲတမ်း ဖွဲ့စည်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးရေး၊ ဒီရေတောများအား စနစ်တကျထားရှိပေးရေး၊ မြိတ် နည်းပညာတက္ကသိုလ် မြေယာကိစ္စများ အမြန် ဖြေရှင်းပေးရေး၊ ပင်လယ်ပြင်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး  ဖြေလျှော့ပေးနိုင်ရေးလိုအပ်သည့် ကိစ္စများ၊ ဆရာ၊ ဆရာမလိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ မြေယာအမှုကိစ္စကြောင့် တရားစွဲဆိုခံရသည့် အခြေအနေ ကူညီဖြေရှင်း ပေးရေး စသည့်ကိစ္စရပ်များကို  တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကချက်ချင်းဆောင်ရွက်ပေးမည့်  အစီအမံများ၊ အချိန်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားကြသည်။
-
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုတွေ့ဆုံပွဲမှ ပြည်သူများ၏တင်ပြချက်များကို အလေးထားသွား မည်ဖြစ်ကြောင်း၊  တချို့ပြဿနာများကို မဖြေရှင်းပေးနိုင်သော်လည်း မဖြေရှင်းပေးနိုင်သည့်အကြောင်းရင်းကို ပြန်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကိုအခြားအဖြေရှာပေးသွားမည်ဖြစ်ကြောင်း၊ ဖြေရှင်းပေးနိုင်သည်များကို အမြန်ဆုံး ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း၊ လောကတွင်ပြဿနာအားလုံးအတွက် အဖြေတစ်ခုတည်း ရှိသည်မဟုတ်ကြောင်း၊ အဖြေတစ်ခုမရလျှင် နောက်အဖြေတစ်ခုရှာကြံ၍ ရကြောင်း၊ တင်ပြချက်များကို မှတ်တမ်းတင်ထားကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီးပြည်သူများ၏ တင်ပြချက်များကို အလေးအနက်ထား အကောင်အထည်ဖော် ပေးသွား မည်ဖြစ်ကြောင်း၊ ယခုလို လာရောက် တင်ပြကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
-
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့်တိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်များနှင့်  မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သဘာဝငှက်အိမ်သို့ ရောက်ရှိပြီး ငှက်သိုက် ထုတ်လုပ်နိုင်ရန် ဇီဝဇိုးငှက်များ မွေးမြူ ထားမှုကိုကြည့်ရှုသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 13, 2019

တတိယအကြိမ် လူထု စက်ဘီးစီးပွဲတော် စည်ကားစွာ ကျင်းပ

တတိယအကြိမ် လူထု စက်ဘီးစီးပွဲတော် စည်ကားစွာ ကျင်းပ
-
မြိတ်  ဖေဖော်ဝါရီ  ၁၂ 
-
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တတိယအကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးပွဲတော်ကိုကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မြိတ်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမြိတ်အပျော်တမ်း စက်ဘီးစီးအသင်း (MABC) နှင့်Revicon ဆေးကုမ္ပဏီတို့ ပူးပေါင်း၍ ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့  ကမ်းနားလမ်း သဲကွင်းအဆုံး (My Mergui Bar) ရှေ့၌ ကျင်းပသည်။ 
-
ရှေးဦးစွာလူထုစက်ဘီးစီး ပွဲတော်တွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် မြိတ်အပျော်တမ်း စက်ဘီးစီးအသင်း (MA-BC) ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က အမှာစကားပြောကြားပြီး မြိတ်အပျော်တမ်း စက်ဘီးစီး အသင်း(MABC) နာယက ဦးထွန်းထွန်းက လူထုစက်ဘီးစီးပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ 
-
ယင်းနောက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ  ဦးမြတ်ကိုကို၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွဋ်၊ မြိတ် အပျော်တမ်း စက်ဘီးစီးအသင်း (MABC) ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ နာယက ဦးထွန်းထွန်းတို့က (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်တတိယအကြိမ် လူထု စက်ဘီးစီးနင်း ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 
-
ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွဋ်က ခရာမှုတ်၍ တာလွှတ်ပေးရာ စက်ဘီးစီး အားကစား သမားများက ကမ်းနားလမ်းသဲကွင်းအဆုံး (My Mergui Ba) ရှေ့မှ  စတင်တာထွက်ပြီး နာရီစင်လမ်း၊ ဗိုလ်ချုပ်လမ်း၊ နောက်လယ် ၁ လမ်း မှတစ်ဆင့် ပိတောက်ရွှေဝါလမ်း၊ မြို့သစ်တံတားဦးလမ်း၊ ဦးမြတ်လေး လမ်း၊ ကြောင်ငယ်လမ်း၊ ပန်စရာလမ်း၊ ကရာနီလမ်းဆုံမှတစ်ဆင့် ကန်ဖျားလမ်းမကြီး၊ ကန်ဖျားမြေနီလမ်း၊ လေယာဉ်ကွင်းလမ်း၊ ရှမ်းချောင်း လမ်းမကြီးအတိုင်း စီးနင်းကာ မဟာသိဒ္ဓိဇယ စေတီတော်အထိ စီးနင်းကြပြီး မဟာသိဒ္ဓိဇယ စေတီတော်တွင် ကံစမ်းမဲလက်မှတ်များ ထုတ်ယူ၍ လာရာလမ်းအတိုင်း ပြန်လည်စီးနင်းကာ  ဂေါက်ကွင်းလမ်းဆုံ မှ တစ်ဆင့် အေးရိပ်ချောင်လမ်း၊ စပါးရွှေဝါလမ်း၊ နတ်စင်လမ်း၊ ရေပုန်းလမ်းမှကမ်းနားလမ်း သဲကွင်းအဆုံး၌ ပြန်လည်ပန်းဝင်ကြကြောင်း သိရသည်။ 
-
ယင်းနောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တတိယအကြိမ် လူထု စက်ဘီး စီးနင်းပွဲတော်ကို ပါဝင်ဆင်နွှဲ ခဲ့ကြသည့် စက်ဘီးစီး အားကစားသမား များထဲမှ ကမ်းနား လမ်းသဲကွင်း အဆုံးထိပြန်လည် စီးနင်းလာကြသည့် ပန်းဝင်လာသူ စက်ဘီးစီး အားကစားသမားများကို စက်ဘီးငါးစီး ကံစမ်းမဲ ဖောက်ပေးရာ စက်ဘီးကံစမ်းမဲ ပေါက်ကြ သော ကံထူးရှင်များကို မြိတ်အပျော်တမ်း စက်ဘီးစီးအသင်း(MABC) ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူ များက  ပေးအပ်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 8, 2019

မြန်မာ- ပီရူး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ခိုင်မာရေး ဆွေးနွေး

မြန်မာ- ပီရူး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ခိုင်မာရေး ဆွေးနွေး
-
နေပြည်တော်  ဇန်နဝါရီ  ၇  
-
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီး H.E.Mr. Fernando Quiros Campos အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌  လက်ခံ တွေ့ဆုံသည်။ 
-
တွေ့ဆုံစဉ် မြန်မာ- ပီရူးနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့် သွားရန်နှင့် အားကစား၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ မူးယစ်ဆေးဝါးတရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များနှင့်ပတ်သက်၍  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။           
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, December 21, 2018

ဖျာပုံ- ကျိုက်လတ်- မအူပင်အဝေးပြေး ကားလမ်းမကြီးဘေး၌ ညအိပ်ရပ်နား၍ ကုန်တင် ကုန်ချပြု လုပ်နေသော ယာဉ်များအား ဖယ်ရှားပေးစေလို

ဖျာပုံ- ကျိုက်လတ်- မအူပင်အဝေးပြေး ကားလမ်းမကြီးဘေး၌  ညအိပ်ရပ်နား၍  ကုန်တင် ကုန်ချပြု လုပ်နေသော ယာဉ်များအား ဖယ်ရှားပေးစေလို
-
ဖျာပုံ   ဒီဇင်ဘာ  ၂ဝ 
-
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံ မြို့နယ် ချောင်းတွင်းကျေးရွာအနီး ပြုပြင် ထားသည့်   ဖျာပုံ-ကျိုက်လတ်-မအူပင် အဝေးပြေးကားလမ်းမကြီးဘေး၌   ညအိပ် ရပ်နား၍ ကုန်တင်၊ကုန်ချပြုလုပ်နေ သော ကုန်တင်ယာဉ်များအား ဖယ်ရှားပေး စေလိုကြောင်း အဆိုပါကျေးရွာရှိ ဒေသခံများ ထံမှသိရသည်။ -
-
''ယာဉ်မောင်းတွေက သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို အရင်က  မြို့တွင်းယာဉ် မရပ်ရနေရာတွေ၊    လူနေအိမ် ရှေ့ တွေမှာ ရပ်ပြီးကုန်တင်၊ ကုန်ချပြုလုပ်တော့ ပြည်သူတွေ ခရီးသွားလာရာမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ပါတယ်။  ဒါကို သက်ဆိုင်ရာတာဝန်ရှိ သူတွေက ကုန်တင်၊  ကုန်ချဝင်းကို တည်ဆောက်ပေးခဲ့ပေမယ့်    ညအိပ်ရပ်နားပြီး  ကုန်တင်၊ ကုန်ချ    ပြုလုပ်တဲ့သူတွေနည်းပါး ပါတယ်။    
-
ကုန်တင်ယာဉ်အများစုက မြို့ပြင် ချောင်းတွင်းကျေးရွာ အနီးမှာရှိတဲ့ အဝေး ပြေးကားလမ်းမဘေး ယာဉ်မရပ်ရနေရာမှာ နေ့နေ့ညည ယာဉ်ရပ်နားပြီး   ကုန်တင်၊ ကုန်ချပြု လုပ် နေတာကြောင့်   ယာဉ်တိုက်မှု တွေဖြစ်ပွားပြီး  ပြည်သူတွေအန္တရာယ်ဖြစ်မှာကို     စိုးရိမ်နေရတဲ့အတွက် သက်ဆိုင် ရာ တာဝန်ရှိ သူတွေက သတ်မှတ်စည်းကမ်း၊  ဥပဒေနဲ့အညီ အမြန်ဆုံးလာရောက်ရှင်းလင်း    ဖယ်ရှားပေးသင့်ပါတယ်'' ဟု     ချောင်းတွင်း ကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။ 
-
ဖျာပုံမြို့နယ်အတွင်း အနယ်နယ်အရပ် ရပ်မှ လာရောက်ကုန်တင်၊ကုန်ချပြုလုပ်သော   ကုန်တင်ယာဉ်များ အဆင်ပြေ စေရန် နှင့်စည်း ကမ်းလိုက်နာစေရန်အတွက်  ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၃) ရပ်ကွက် အောင် မေတ္တာ လမ်း အတွင်း ကုန်တင်၊ကုန်ချယာဉ် ရပ်နားစခန်းကို ယခုနှစ်အတွင်းတည်ဆောက်ဖွင့်လှစ် ပေးထားသော်လည်း ကုန်တင်ယာဉ်မောင်းများမှာ  မိမိတို့ တင်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးမျိုးကို ကုန်တင်၊ ကုန်ချဝင်းအတွင်း ရပ်နား၍ ကုန်တင်၊ ကုန်ချမပြုလုပ်ဘဲ ဖျာပုံ-ကျိုက်လတ်-မအူပင် အဝေးပြေးလမ်းမကြီးဘေး၌ ကုန်တင်၊  ကုန်ချပြု လုပ် နေခြင်း ကြောင့်   လမ်းပိတ်ဆို့ကာ ခရီးသွားပြည်သူများ  ယာဉ်အန္တရာယ် ဖြစ်ပေါ်မည်ကို စိုးရိမ်ရသဖြင့် သက် ဆိုင်ရာ တာဝန် ရှိသူများက  ကုန်တင်ယာဉ်များကို  ဖယ်ရှားစေလိုကြောင်း သိရသည်။ 
-
ချမ်းသာ
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 20, 2018

မသန်စွမ်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်

-
မော်လမြိုင်ကျွန်း  ဒီဇင်ဘာ  ၁၉ 
-
မသန်စွမ်းသူများအတွက် နိုင်ငံသားစိစစ် ရေးကတ်ပြား ထုတ်ပေးခြင်းအခမ်းအနားကို ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့  အမှတ်(၃)ရပ်ကွက်  မသန်စွမ်းအရင်းအမြစ် ရုံး၌ ယမန်နေ့နံနက်ပိုင်းကကျင်းပသည်။ 
-
အခမ်းအနားတွင် မြို့နယ် ဒုတိယအုပ်ချုပ် ရေးမှူးက နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ် ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး  မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာ  ရှစ်ရွာ၊ ရပ်ကွက်သုံးခုတို့မှ မသန်စွမ်းသူ ၅၂ ဦး အား တာဝန်ရှိ သူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသီးသီးပေးအပ်ကာ မြို့နယ် မသန်စွမ်း အရင်းအမြစ်ရုံး တာဝန်ခံက ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။ အခမ်းအနားသို့ မြို့နယ် ဒုတိယ အုပ်ချုပ် ရေးမှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ 

အင်းနယ်နိမိတ် မြေပုံများ တိကျစွာ ထုတ်ပြန်ပေးရန် လိုအပ်

-
ပုသိမ်  ဒီဇင်ဘာ   ၁၉ 
-
ဧရာဝတီတိုင်း ဒေသကြီးရှိ ရေချိုအင်း များ၏ အင်းနယ်နိမိတ်သတ်မှတ်ချက် မြေပုံ များကို တိကျမှန်ကန်စွာ ထုတ်ပြန် ပေးရန်  လိုအပ်ကြောင်း မွေးမြူရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။ ''အင်းတွေရဲ့ အတိုင်းအတာကို သိဖို့လို ပါတယ်။   ရေချိုငါးလုပ်ငန်းဥပဒေအတိုင်း နယ်နိမိတ်သတ်မှတ်ပေးဖို့လိုပါတယ်။ လုပ်ငန်း ရှင်တွေအနေနဲ့ ဒီအချက်အလက်တွေကို သိရင် ဘယ်နေရာမှာ ဘယ်လောက်မွေးမြူ ထုတ်လုပ်နိုင်မယ် ဆိုတာကို တိုင်းတာ ကြည့်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေသိအောင်  ပြော နိုင်မှာပါ'' ဟု ဧရာဝတီတိုင်း ဒေသကြီးမှ မွေးမြူရေး လုပ်ငန်းရှင် ဦးထွန်းထွန်းဦးက ပြောသည်။ 
-
လက်ရှိ လိုင်စင်ဖြင့်လုပ်ကိုင်ခွင့်ပြုထားသော ငါးလုပ်ငန်းရေပြင်ကို သက်ဆိုင်ရာ ဦးစီးဌာနက  ဂရန်အင်း၊  သီးသန့်အင်း အဖြစ် သတ်မှတ်ထားသည်။ ဂရန်အင်းများမှအပ တခြားရေချိုငါးလုပ်ငန်း  ရေပြင်တစ်ခုခု၌ ငါးလုပ်ငန်း လုပ်ကိုင် လိုသူသည် သတ်မှတ် သည့်နည်းလမ်းများနှင့်အညီ ငါးဖမ်းကိရိယာ လိုင်စင်ခ ပေးဆောင်ခြင်းဖြင့်ဖြစ်စေ၊ တင်ဒါ လိုင်စင် ထုတ် ပေးခြင်းဖြင့်ဖြစ်စေ အိတ်ဖွင့် တင်ဒါဈေးနှုန်း တင်သွင်း၍ လိုင်စင်ရယူ ဆောင်ရွက်နိုင်ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နိုင်ငံမြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် ၁၄၆၅ နှင့်‌ ဥပဒေ အမှတ် (၁/၉၁)ဖြင့်‌ ပြဋ္ဌာန်းထားသည့် ရေချိုငါးလုပ်ငန်းဥပဒေ အခန်း(၁) အပိုဒ်(၂) အပိုဒ်ခွဲ (ဋ)နှင့်‌ (ဌ)ပါ ပြဋ္ဌာန်းချက် များနှင့်အညီ အင်းနယ်နိမိတ် များကို တိကျစွာ သတ်မှတ်ပေး ရန် လိုအပ်နေ ကြောင်း သိရသည်။ 
-
ယခုကဲ့သို့ အင်းနယ်နိမိတ် သတ်မှတ်ပေးနိုင်ရန် အင်းနယ်နိမိတ်ကို ငါးလုပ်ငန်းဦးစီး ဌာနမှ ပြသပေးပြီး နယ်နိမိတ် တိုင်းတာခြင်း၊ မြေပုံရေးဆွဲထုတ်လုပ်ခြင်း၊ မှတ်တမ်းတင်ခြင်း တို့ကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်‌ စာရင်း အင်းဦးစီး ဌာနက   ဆောင်ရွက်ရကြောင်း ဧရာဝတီ တိုင်း ဒေသကြီးရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးမင်းနိုင်ဦးကပြောသည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် အင်းနယ်နိမိတ် တိုင်းတာခြင်း လုပ်ငန်းအတွက် လျာထား ဘဏ္ဍာငွေ တောင်းခံထားခြင်း မရှိသေးသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေး နိုင်ခြင်း မရှိသော်လည်း ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာ နှစ်တွင် အကောင် အထည် ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ 
-
သုသု
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 19, 2018

ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံက ပြင်ဆင် ထားရှိသည့် အစီအစဉ်များ ဆွေးနွေး

ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံက ပြင်ဆင် ထားရှိသည့် အစီအစဉ်များ ဆွေးနွေး
-
နေပြည်တော် ဒီဇင်ဘာ ၁၈
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ် အောင်ဆန်းစုကြည် သည် အာဆီယံ အတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်အား ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ နိုင်ငံက ပြင်ဆင်ထားရှိသည့် အစီအစဉ်များ၊ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် အထောက်အကူဖြစ်စေရေး အတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန (AHA Centre) က လိုအပ်ချက် ဆန်းစစ်ဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရေး ကိစ္စနှင့် သဘာဝဘေး အန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်များ မြန်မာနိုင်ငံ၌ ဖွင့်လှစ်ရေး ကိစ္စတို့ အပါအဝင် ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 6, 2018

သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကျင်းပ

သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကျင်းပ
-
နေပြည်တော် ဒီဇင်ဘာ  ၅
-
သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ''မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်း'' ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  Park Royal ဟိုတယ်၌ ကျင်းပသည်။
-
ညီလာခံသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားသည်။
-
အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)မှ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင် သံအမတ်ကြီး H.E. Mr. Staffan Herrstromတို့က အမှာစကား ပြောကြားကြသည်။
-
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရာ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးမှ လွတ်လပ်စွာပြောဆို ထုတ်ဖော်ရေးသားခွင့်နှင့် သတင်းအချက်အလက်များ လွတ်လပ်စွာ ရယူခွင့်သို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရုပ်/သံလွှင့် မီဒီယာများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မီဒီယာနှင့် သတင်းသမားများ၏ လုံခြုံရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒစ်ဂျစ်တယ်ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်းမီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ရေရှည်တည်တံ့ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။
-
မီဒီယာဖွံ့ဖြိုး တိုးတက်ရေး ညီလာခံများကိုခြောက်ကြိမ် ကျင်းပပြီးစီးခဲ့ပြီး ပထမအကြိမ်အဖြစ် ၂ဝ၁၂ ခုနှစ် မတ် ၁၉ ရက်မှ ၂ဝ ရက်အထိ လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂ဝ၁၃ ခုနှစ် မေ ၂ဝ ရက်မှ ၂၁ ရက်အထိ လည်းကောင်း၊ တတိယအကြိမ်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ၁၁ ရက်အထိ လည်းကောင်း၊ ပဉ္စမအကြိမ်ကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၈ ရက်အထိလည်းကောင်း၊ ဆဋ္ဌမအကြိမ်ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိလည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။
-
ညပိုင်းတွင်ညီလာခံ တက်ရောက်ကြသူများ ကို  မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံရုံးက ညစာဖြင့် တည်ခင်း ဧည့်ခံသည်။ 
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, November 30, 2018

ကျန်စစ်မင်းအိမ်ရာမှ အိမ်ရာ ၂၄ လုံးကို ဒီဇင်ဘာလအတွင်း ရောင်းချပေးရန် စီစဉ်

ကျန်စစ်မင်းအိမ်ရာမှ အိမ်ရာ ၂၄ လုံးကို ဒီဇင်ဘာလအတွင်း ရောင်းချပေးရန် စီစဉ်
-
ရန်ကုန်  နိုဝင်ဘာ  ၂၉
-
ရန်ကုန်တိုင်းဒေသကြီး၌    အကောင်အထည် ဖော်လျက်ရှိသော တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများအနက် ကျန်စစ်မင်း အိမ်ရာအတွင်းမှ အိမ်ရာ ၂၄ လုံးကို ဒီဇင်ဘာလအတွင်း  ရောင်းချရန် စီစဉ်နေကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန မူဝါဒနှင့် စီမံကိန်းဌာနမှ သိရသည်။
-
အဆိုပါအိမ်ရာများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ၍   ပြည်သူများ၏ အိမ်ရာအခန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တည်ဆောက်ပေးနေခြင်း ဖြစ်သည်။ တည်ဆောက်ပြီးစီးသော  အိမ်ရာများကို ဆက်လက်ရောင်းချ ပေးမည်ဖြစ်ပြီး   လက်ရှိတွင်    ကျန်စစ်မင်း အိမ်ရာအတွင်း  အိမ်ရာအခန်းများ တည်ဆောက်မှု ပြီးစီးနေ ပြီဖြစ်သည့်အတွက်    ဒီဇင်ဘာလအတွင်း ရောင်းချပေးရန် စီစဉ်နေခြင်းဖြစ်သည်။
-
တည်ဆောက်ပြီးစီးသည့် အခန်းများကို ဆောက်လုပ်ရေး၊အိမ်ရာနှင့်  အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်(CHID Bank) နှင့် ချိတ်ဆက် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့ပြင်  ယုဇနအိမ်ရာ အပိုင်း (၁) နှင့် (၂ )ရှိ   ရောင်းချရန် ကျန်ရှိနေသော အခန်းများကိုလည်း CHID ဘဏ်နှင့် ချိတ်ဆက်ပြီး မဲစနစ်ဖြင့် ထပ်မံရောင်းချပေးရန် ရှိကြောင်း သိရသည်။
-
ယခုဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အိမ်ရာစီမံကိန်းသစ်များ ထပ်မံဖော်ဆောင်မည် မဟုတ်ဘဲ လက်ရှိ ဆောင်ရွက်နေသော   စီမံကိန်းများကိုသာ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊  မဲစနစ်ဖြင့် ရောင်းချပေးမှုများတွင်  အိမ်ရာ ဝယ်ယူရန် မဲရရှိထားသော်လည်း လိုချင်သော အခန်းမရသဖြင့် လာဆက်သွယ်ခြင်း မရှိသည့် အခြေအနေများလည်း ရှိကြောင်း သိရသည်။
-
ယခုဘဏ္ဍာနှစ်အတွင်း  ရန်ကုန်တိုင်း ဒေသကြီး၌  တန်ဖိုးနည်းနှင့်  တန်ဖိုးသင့် အိမ်ရာရောင်းချရန်  ထောင်ချီ၍ ကျန်ရှိနေသေးပြီး ယင်းတို့ကိုလည်း  ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ ရိုးမအိမ်ရာမှ အခန်းပေါင်း ၃ဝဝဝ ကျော်နှင့်  အောင်မြင့်မိုရ်အိမ်ရာမှ အခန်းများကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း  ရောင်းချပေးရန်ရှိကြောင်း   သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, November 27, 2018

စစ်ကိုင်းကောင်းမှုတော် ဘုရား မြောက်ဘက်ရှိ ထူးခြားသော မေတ္တာရေကန်

စစ်ကိုင်းကောင်းမှုတော် ဘုရား မြောက်ဘက်ရှိ ထူးခြားသော မေတ္တာရေကန်
-
စစ်ကိုင်းမြို့ရှိ ကောင်းမှုတော် ဘုရားသည်ထူးခြားပြီး စိတ်ဝင်စားဖွယ်ရာ ကောင်းသော စေတီပင်ဖြစ်သည်။ အဆိုပါကောင်းမှုတော် စေတီကို အင်းဝခေတ် ညောင်ရမ်းမင်းဆက် သီရိသုဓမ္မရာဇာ  မဟာဓိပတိဘွဲ့ခံ သာလွန်မင်းကြီးက   သက္ကရာဇ် ၉၉၈ ခုနှစ်တွင်တည်ထားခဲ့ပြီး   ဘုရားထီး မတင်မီသာလွန်မင်း နတ်ရွာစံသည့်အတွက် သားတော်ပင်းတလဲမင်းက သက္ကရာဇ် ၁ဝ၁၁ ခုနှစ်  ကဆုန်လဆန်း  ၈ ရက်တွင်   ထီးတော် တင်လှူခဲ့သည်။
-
စေတီတော်မှာ ဉာဏ်တော် ၁ဝ၁ တောင်၊ထီးတော်၂၆ ပေ၊ စေတီလုံးပတ် ပေ ၈၈ဝ၊ အချင်း၂၈ဝ ပေ ၉ လက်မရှိကာ စစ်ကိုင်းကောင်းမှုတော်သို့ ရောက်သူတိုင်း ဘုရားကို လှည့်လည်ဖူးမြော်ပြီးသည်နှင့် ထူးခြားသော ကန်ဆီသို့ သွားရောက်လေ့ရှိသည်။ ထိုကန်မှာကောင်းမှုတော် စေတီနံဘေးမှ ထူးခြားသော မေတ္တာကန်ပင်ဖြစ်သည်။   မေတ္တာကန် တည်ထားမှုနှင့်ပတ်သက်သော    နောက်ခံသမိုင်းတွင်  ကောင်းမှုတော်စေတီ တည်ရန် မြေနေရာညွှန်ပြသူ  သိကြားမင်း၏ မေတ္တာရပ်ခံချက်ကြောင့် စေတီတော်မြောက်ဘက်တွင် ရေကန်တူးဖော်ခဲ့ရာမှသည် မေတ္တာကန်ဟု တွင်ခဲ့ကြောင်း သိရသည်။
-
ကောင်းမှုတော်ဘုရား မြောက်ဘက်ရှိ မေတ္တာကန်မှာ  အရှေ့၊ အနောက် အလျား၂၉၉ ပေ ၆ လက်မရှိပြီး စစ်ကိုင်းကောင်းမှုတော် ဘုရားသို့ရောက်သူတိုင်း  မေတ္တာကန်ဘက်သို့ သွားကာ ငါးစာကျွေးခြင်း ဆောင်ရွက်၍ ကောင်းမှုတော်ဘုရားကို အဝေးမြင်ကွင်းမှ ဖူးမြော်ကြသည်။
-
အဆိုပါမေတ္တာကန်တွင်   ထူးခြားချက် ခုနစ်ချက်ရှိရာ ထိုထူးခြားချက်များမှာ  အခါခပ်သိမ်း ရေမခန်းခြင်း၊ ရေပြင်တွင်  သစ်ရွက်အမှိုက်ရေညှိတို့ မရှိခြင်း၊    ရှေးခေတ်က တိုင်းပြည်အန္တရာယ်  ကျရောက်လုချိန်တွင်   ကန်ရေပြင်သည် ဆန်ဆေးရည်ကဲ့သို့နောက်ကျိလာခြင်း၊ ကန်တွင်းသို့ အမျိုးသမီးများ ရေဆင်းချိုးခြင်းနှင့် ကန်ရေကို အမင်္ဂလာကိစ္စများတွင်အသုံးပြုမိပါက ဘေးဥပဒ်ကျရောက်တတ်ခြင်း၊ မယုံကြည်၍ ကန်တွင်းမှ ငါး၊ လိပ်တို့ကို ဖမ်းယူစားသောက်ပါက သိသိသာသာ ဒုက္ခရောက်တတ်ခြင်း၊ ကန်ရေကိုမျက်စဉ်းခတ်မှု၊ သောက်သုံးမှုပြုပါက ရောဂါဝေဒနာ သက်သာခြင်း၊ နှစ်ပေါင်း ၃၆ဝ ကျော်ကြာမြင့်သော်လည်း ကန်ရေသည် နောက်ကျိပုပ်သိုးမှု မရှိခြင်း ဆိုသော အချက်များပင်ဖြစ်သည်။
-
လက်ရှိတွင်    စစ်ကိုင်းကောင်းမှုတော်ရောက် ဘုရားဖူးများသည်  ထူးခြားသော မေတ္တာကန်ကို အရောက်သွား၍     ငါးစာ၊ လိပ်စာကျွေးခြင်းများ ပြုလုပ်ကာ ကုသိုလ်ယူလေ့ ရှိကြသည်။ မေတ္တာကန်မှသည် ကောင်းမှုတော်ဘုရား၏ အဝေးမြင်ကွင်းကို  ဖူးမြော်လေ့ရှိကြပြီး အေးချမ်းစွာ လမ်းလျှောက်ကာ သွားလာလေ့ ရှိကြောင်း သိရသည်။     
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန်မြို့ ရှိ လူစည်ကားရာလမ်းများ၌ ဆိုင်ခန်းငှားရမ်းခမြင့်တက်နေ၍ တွက်ခြေမကိုက်ဖြစ်နေ

-
ရန်ကုန် နိုဝင်ဘာ ၂၆ 
-
ရန်ကုန်မြို့ရှိ လူစည်ကားရာလမ်းများ၌ ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများ မြင့်တက်နေ၍ ဆိုင်ခန်း ငှားရမ်းလိုသူများ တွက်ခြေမကိုက်ဖြစ်နေကြောင်း ဆိုင်ခန်းငှားရမ်း၍ ဈေးရောင်းသူများထံမှ သိရသည်။
-
ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများသည် ယခင်ကထက် တစ်လလျှင် ငွေကျပ်တစ်သိန်းမှ သုံးသိန်း အထိ မြင့်တက်လာကာ အချက်အချာကျပြီး လူစည်ကားသည့် ရန်ကုန်မြို့တွင်း လမ်းမကြီး များရှိ ဆိုင်ခန်းများသည် ဈေးနှုန်း ပိုမိုမြင့်တက်လာကြောင်း သိရသည်။
-
အဓိက လမ်းမကြီးများမှ ဆိုင်ခန်းငှားရမ်းခသည် နေရာပေါ်မူတည်၍ တစ်လလျှင် ငွေကျပ် ၁ဝ သိန်းမှ သိန်း ၃ဝ ဝန်းကျင်အထိရှိပြီး လမ်းမများ၌ ငှားရမ်းနိုင်ခြင်းမရှိသူများသည် လမ်းသွယ် များသို့ ပြောင်းရွှေ့ရောင်းချလာရကြောင်း သိရသည်။
-
လက်ရှိတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အရောင်းအဝယ် ကောင်းမွန်မှုမရှိ ကြောင်း သိရသည်။ ''ဆိုင်ခန်းငှားရမ်းခ မြင့်လာတော့ မငှားနိုင်သူက များတယ်။ အရင်ဈေး နှုန်း အတိုင်းဆိုရင်တောင် မနည်းရုန်းကန်နေကြရတာ။ ကုန်ဈေးနှုန်းကလည်း တက်လာတော့ ရောင်းအားက အရင်လိုမကောင်းဘူး။ ဒီအခြေအနေမှာ ဆိုင်ခန်းဈေးပါ လိုက်တက်တော့ အဆင်မပြေ ဖြစ်လာကြတယ်။ အခုငှားထားတဲ့နေရာဆိုရင် တစ်လကို ငွေကျပ် ၁၂ သိန်းနဲ့ ငှားထားတာ။ အခုငွေကျပ် ၁၅ သိန်း တိုးတောင်းနေတော့ အဆင်မပြေဘူး။ ဆိုင်ခန်းပိုင်ရှင်နဲ့ တော့ ညှိနှိုင်းနေတယ်။ အဆင်မပြေရင် လမ်းသွယ်ပိုင်းကိုပဲ ပြောင်းရွှေ့ပြီး ရောင်းရမှာပါ။ ထပ်ပြီးတော့ စာချုပ်မချုပ်နိုင်တော့ဘူး'' ဟု ဆိုင်ခန်းငှားရမ်း ရောင်းချနေသူတစ်ဦး ကပြော သည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, November 20, 2018

ကလိန်အောင် ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှုကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်နေ

ကလိန်အောင်  ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှုကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်နေ
-
ကလိန်အောင်  နိုဝင်ဘာ ၁၉ 
-
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ရှင်ကိုးရှင်တွင် တစ်ရှင်ဖြစ်သည့် ကလိန်အောင်မြို့၏ လေးဆူဓာတ်ဝင် သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှုကို ၂ဝ၁၉ ခုနှစ်  ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်နေကြောင်း   ဆံတော်ရှင်ဂေါပက အဖွဲ့ထံမှ  သိရသည်။
-
''ရွှေသင်္ကန်းကပ်လှူမှု လုပ်ငန်းနဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်ကို အောက်သို့ပင့်ဆောင်ပြီး ဌာပနာပစ္စည်းများ ရေတွက်စစ်ဆေးမှုတွေကတော့ အောက်တိုဘာလပိုင်း ကတည်းက စတင်ဆောင်ရွက်တာပါ။ စေတီပေါ် ရွှေသင်္ကန်းစတင် ကပ်လှူတာက အခုလ ၁၆ ရက်ကစပြီး ဆောင်ရွက်တာပါ။ လုပ်ငန်းပြီးစီးမှုကတော့ ဖေဖော်ဝါရီလပိုင်းအတွင်း  ပြီးစီးအောင် ဆောင်ရွက်မှာပါ''ဟု     ဆံတော်ရှင် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
-
အဆိုပါ ဆံတော်ရှင်စေတီတော် မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမှုကို အနယ်နယ် အရပ်မှ စေတနာရှင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားဖူးဧည့်သည်များနှင့် ဒေသခံများကစုပေါင်း လှူဒါန်းကြပြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမှု ကုန်ကျငွေမှာ ငွေကျပ်သိန်း ၃၈၅ဝ၂ဝဝဝ ရှိကြောင်း သိရသည်။    
-
#မြ၀တီနေ့စဉ်သတင်းစာ

ပင်းတယမြို့၌ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော OSCC စင်တာ ဖွင့်လှစ်

ပင်းတယမြို့၌ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော OSCC စင်တာ ဖွင့်လှစ်
-
ပင်းတယ နိုဝင်ဘာ ၁၉
-
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကျား/မ အခြေပြုအကြမ်းဖက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကျား/မ အခြေပြု အကြမ်း ဖက်ခံရသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများရရှိနိုင်သော Advoca On One Stop Crisis Centre (OSCC)စင်တာ ဖွင့်ပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးက အမျိုးသမီးများ၏ သဘာဝနှင့် တာဝန်ဝတ္တရား များကြောင့် အကြမ်းဖက်မှု ကိစ္စတွင် ပိုမို စောင့်ရှောက်ပေးရန် လိုအပ်မှုများကိုလည်းကောင်း၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနမှ ညွှန်ကြားရေးမှူးက One Stop Crisis Centre (OSCC) For Gender Based Violence အကြောင်းမှ ရုပ်ပိုင်းဆိုင် ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ နှုတ်စကားဖြင့် အကြမ်းဖက်မှု၊ စိတ် ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အကြမ်းဖက်မှု၊ ရင်းနှီးကျွမ်းဝင်သူ လက်တွဲဖော်မှ အကြမ်းဖက်မှု၊ နည်းပညာသုံးအကြမ်းဖက်မှုများအကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက် များကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ အုပ်ကြီးက ပင်းတယမြို့နယ်၌ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော One Stop Crisis Centre ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မဟာအံ့ထူးကံသာ(ပြည်ချစ်) ဘုရားကြီးအား မသိုးသင်္ကန်းနှင့် ဆီမီး ၉ဝဝဝ ကပ်လှူ ပူဇော်မည်

-
ပြင်ဦးလွင် နိုဝင်ဘာ ၁၉ 
-
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ(ပြည်ချစ်) ဘုရားကြီးအား (၁၈)ကြိမ်မြောက် မသိုးသင်္ကန်းနှင့် ဆီမီး ၉ဝဝဝ ကပ်လှူပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီတွင်   ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။
-
ဘုရားကြီးအား  မသိုးသင်္ကန်း ကပ်လှူခဲ့သည်မှာ ယခုအကြိမ်သည် (၁၈)ကြိမ်မြောက် ဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက်လုပ်ရာတွင် ရက်ကန်းစင်ငါးစင်ဖြင့် ရက်လုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအနေဖြင့် ပြုလုပ်ခြင်းမဟုတ်ကြောင်း၊ ရက်ကန်းခတ်သူများမှာ အမရပူရမြို့မှ ရက်ကန်းသမလေးများဖြစ်ပြီး နှစ်စဉ်လုပ်အားဒါနဖြင့် ပူဇော်ခြင်းဖြစ်ကြောင်း၊ မသိုးသင်္ကန်းကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေ ၆ နာရီတွင် စတင်ခတ်ပြီး  ရရှိလာသည့် သင်္ကန်းများကိုချုပ်ကာ ဘုရားကြီးအား တန်ဆောင်မုန်းလပြည့်နေ့တွင်  ကပ်လှူသွားမည်ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။
-
အဆိုပါ  မသိုးသင်္ကန်း ကပ်လှူပြီးပါက ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းကပ်၍ နံနက် ၆ နာရီတွင် ဘုရားကြီးအား အနေကဇာတင်ပွဲ ကျင်းပမည်ဖြစ်သည်။
-
ထို့နောက်  ဂေါပကအဖွဲ့မှ  ရက်ကန်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့်အတူ  ဆုငွေများ    ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် တန်ဆောင်မုန်းလပြည့်နေ့ ညနေ ၆ နာရီတွင် ဘုရားကြီးရင်ပြင်တော်ပေါ်၌ ဆီမီး ၉ဝဝဝ ကပ်လှူပူဇော်ပွဲ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ရင်းမှူး အဆင့် ချစ်ကြည်ရေး တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

-
နေပြည်တော်  နိုဝင်ဘာ  ၁၉ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြို(ဝဲ)မြို့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း၌  မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ရင်းမှူးအဆင့် ချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီ ၁ဝ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အထိ ကျင်းပသည်။
-
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အမှတ် (၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယ ရဲမှူးကြီး  ကျော်ဝင်းလှိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ စကားပြန်တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ်(၃၄) နယ်ခြားစောင့် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်း ဦးစီး တပ်ဖွဲ့ဝင်များနှင့် စကားပြန် တစ်ဦးတို့ တက်ရောက်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 15, 2018

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲပေးမှုနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂ဝ၁၈ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲပေးမှုနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
-
နေပြည်တော်       နိုဝင်ဘာ       ၁၄
-
-
-
-
-
#မြ၀တီနေ့စဉ်သတင်းစာ

အဆင့်မြင့် ထင်းသုံးမီးဖိုများ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိ


-
ပုသိမ်  နိုဝင်ဘာ  ၁၄ 
-
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုရီးယားနိုင်ငံမှ နည်းပညာဖြင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် အဆင့်မြင့်ထင်းသုံး မီးဖိုများကို ဧရာဝတီတိုင်းဒေသကြီး လူမှုဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့က ဦးဆောင်ကာ အခမဲ့ဖြန့်ဝေပေးလျက် ရှိကြောင်းသိရသည်။
-
အဆင့်မြင့်ထင်းသုံး မီးဖိုများကို ဧရာဝတီတိုင်းဒေသကြီး အတွင်း အလုံးရေ ငါးသိန်း အခမဲ့ဖြန့်ဝေမည်ဖြစ်ကာ ပထမဆုံးအနေဖြင့် နိုဝင်ဘာ ၁၁ ရက်က မြန်အောင်မြို့နယ် ရေလဲကျေးရွာ၌ အဆင့်မြင့်မီးဖို ၁၄၆ လုံးအခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
-
''ဒီမီးဖိုဟာ မီးခိုးထွက်တာ သက်သာတယ်။ နောက်တစ်ချက်က ထင်းကုန်ကျမှု သက်သာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တကယ့်ကိုသင့်လျော်တဲ့ မီးဖိုတစ်လုံးဖြစ်ပါတယ်။ ဒီမီးဖိုကို Ecoeye ဆိုတဲ့မြန်မာကုမ္ပဏီက ကိုရီးယားနိုင်ငံမှာ အခြေပြုတဲ့ နည်းပညာဖြစ်ပါတယ်။ ထုတ်တာကတော့ တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဒီပုသိမ်မြို့မှာ အခြေပြုတဲ့ ဧရာဝတီ လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နဲ့ Ecoeye  မြန်မာနဲ့ ပူးပေါင်းပြီးတော့ ဒီမီးဖိုကို အခုလိုဖြန့်ဝေတာ ဖြစ်ပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ  မီးဖိုဖြန့်ချိရေး တာဝန်ခံ ဦးနေဝင်းဇော်က ပြောသည်။
-
''မသုံးဖူးသေးတဲ့ အရာဖြစ်တဲ့အတွက် စမ်းပြီးသုံးကြည့်ချင်ပါတယ်။ အကျိုးအမြတ်ကလည်း ထင်းကုန်သက်သာတယ်။ မီးခိုးမထွက်ဘူးဆိုတော့ ကလေး၊ လူကြီး ကျန်းမာရေး အတွက်ရော၊ ငွေကုန်ကြေးကျ အတွက်ရော ထင်းကိုဝယ်စိုက်လို့ရှိရင် ငွေကျပ် ၁ဝဝဝ ဖိုးဝယ်လို့ ကုန်မယ့်ဟာက ၅ဝဝ ဖိုးပဲ ကုန်မှာဆိုတော့ အဲဒါကိုလည်း စိတ်ဝင်စားလို့ သုံးလည်း သုံးကြည့်ချင်လို့ပါ။ အဆင်ပြေသွားရင်တော့ နောက်လူတွေသုံးဖို့လည်း ပြောပြမှာပါ''ဟု မြန်အောင်မြို့နယ် ရေလဲကျေးရွာနေ ဒေါ်ခိုင်သန္တာထွန်းက ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, November 9, 2018

အောင်လံမြို့နယ်၊ ကသစ်ကန်ကျေးရွာ၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

အောင်လံမြို့နယ်၊ ကသစ်ကန်ကျေးရွာ၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ
-
နေပြည်တော်  နိုဝင်ဘာ  ၈ 
-
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကသစ်ကန်ကျေးရွာနေ    ဦးစိုးညွန့်သည် နိုဝင်ဘာ ၇ ရက် ည ၈ နာရီ မိနစ် ၂ဝ ခန့်တွင်   ၎င်း၏  နေအိမ်ခြံဝင်းအတွင်း နွားတင်းကုပ် ဆောက်လုပ်ရန်အတွက် သပြေပင်ငုတ်ကို တူးဖော်စဉ် အလျား ၁၄ ဒသမ ၅ လက်မ၊ လုံးပတ် ၁ ပေခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအား    တူးဖော်တွေ့ရှိခဲ့သည်။
-
အဆိုပါဗုံးသီးဟောင်းအား အောင်လံမြို့နယ်ရဲစခန်းမှ နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်း အပ်နှံခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိ

အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိ
-
နေပြည်တော်  နိုဝင်ဘာ  ၈
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ တာခိုင်ကျေးရွာနေ စိုင်းလှမောင်(ဘ) ဦးလုံးရွက်ရီနှင့် စိုင်းဖုန်း(ဘ)ဦးလုံထွမ်းစံတို့ နှစ်ဦးသည် တောင်ယာသို့ သွားရောက်စဉ် နိုဝင်ဘာ ၆ ရက် ည ၉ နာရီခန့်တွင် တာခိုင်ကျေးရွာ၏ အနောက်ဘက်  မီတာ ၁၅ဝဝ ခန့်အကွာသို့ အရောက်၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား   တိုက်မိပေါက်ကွဲသဖြင့်   ၎င်းတို့နှစ်ဦးတွင်   မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သိန်းနီမြို့ရှိ   ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။
-
အဆိုပါ မိုင်းထိလူနာများအား နယ်မြေခံတပ်မှ တပ်မတော် အရာရှိကြီးများက သွား ရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 8, 2018

ပြောင်းသီးနှံကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကိုတာစနစ်ဖြင့် တင်ပို့ခွင့်ပြုနေ

ပြောင်းသီးနှံကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကိုတာစနစ်ဖြင့် တင်ပို့ခွင့်ပြုနေ
မူဆယ် နိုဝင်ဘာ ၇ 
-
မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေဇုန်မှတစ်ဆင့် တင်ပို့နေသည့် ဆန်၊ သကြား စသည့် လယ်ယာ ထွက်ကုန်များအား တရုတ်နိုင်ငံမှ ဝယ်ယူမှု ခေတ္တရပ်နားထားသော်လည်း ပြောင်း သီးနှံအား ကိုတာစနစ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။
-
မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေဇုန်မှတစ်ဆင့် တင်ပို့နေသည့် ဆန်၊ သကြား စသည့် လယ်ယာ ထွက်ကုန်များအား တရုတ်နိုင်ငံမှ ဝယ်ယူမှု ခေတ္တရပ်နားထားသော်လည်း ပြောင်း သီးနှံအား ကိုတာစနစ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။
-
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုနှင့် ပတ်သက်၍ ကိုတာစနစ်ဖြင့် သတ်မှတ် ထားရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မူဆယ်(၁ဝ၅)မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်အတွက် တန်ချိန် ၁၆ဝဝဝ ခန့်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းအတွက် တန်ချိန် ၁ဝဝဝဝ ခန့် တင်သွင်းခွင့် ပြုထားကြောင်း သိရသည်။
-
အဆိုပါ ကိုတာစနစ်မှာ တရုတ်နိုင်ငံ၏ တရားဝင်ခွင့်ပြုချက်ဖြစ်ပြီး ပြည်တွင်း ထုတ်လုပ်မှုများ လျော့နည်း သွားနိုင်ခြင်းနှင့် ဈေးနှုန်းမြင့်တက် လာနိုင်ခြင်းတို့ကြောင့် ကိုတာ အရေအတွက်ကို တန်ချိန် ၂၆ဝဝဝ သာ ခွင့်ပြုထားခြင်းဖြစ်သည်။
-
မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ မလေးရှား နှင့်ဟောင် ကောင် စသည့် နိုင်ငံပေါင်း ကိုးနိုင်ငံသို့ တင်ပို့ပြီး တင်ပို့မှု၏ ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
-
တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများမှထွက်ရှိသည့် ပြောင်းများကို မူဆယ် (၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် မှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
-
ဖြိုးလွင်အောင်(AMIA)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger