www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အာမခံလုပ်ငန်း. Show all posts
Showing posts with label အာမခံလုပ်ငန်း. Show all posts

Wednesday, December 12, 2018

အာမခံလုပ်ငန်းများ ရင်းနှီး မြှုပ်နှံနိုင်ရေး ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ

အာမခံလုပ်ငန်းများ ရင်းနှီး မြှုပ်နှံနိုင်ရေး ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ
-
ရန်ကုန်   ဒီဇင်ဘာ   ၁၁ 
-
Myanmar Insurance Association  မှ ကြီးမှူးကျင်းပသော Driving Insurance Awareness & Accessibility in Myanmar အခမ်းအနားကို  ယနေ့တွင်  ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာ့အာမခံ အသင်း ဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးတို့က အဖွင့်အမှာ စကားပြောကြားသည်။ ''အာမခံလုပ်ငန်းကို ပိုပြီးတိုးချဲ့နိုင်အောင် လုပ်ဆောင်တာကနေ အာရှမှာ ၉ဝ ရာခိုင်နှုန်းရှိတဲ့  အာမခံလုပ်ငန်းတွေ  ထိုးဖောက်ဝင်ရောက်ပြီး    ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။
-
တခြားအာမခံလုပ်ငန်းတွေက မြန်မာနိုင်ငံကို  ဝင်ရောက်လာပြီး   ဆိုရှယ်မီဒီယာ အသုံးပြုမှုများလာတဲ့ အတွက် အာမခံလုပ်ငန်းတွေမှာ ပိုအောင်မြင်လာမယ်လို့ ထင်ပါတယ်။ ၂ဝ၁၆ ခုနှစ်တုန်းက အာမခံလုပ်ငန်းကို စိတ်ဝင်စားသူ ၄၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိပါတယ်''ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကပြောသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် သိလိုသမျှကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းပြည်ပ ပညာရှင်များက အာမခံလုပ်ငန်း အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်။
-
ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် သိလိုသမျှကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းပြည်ပ ပညာရှင်များက အာမခံလုပ်ငန်း အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်။   ''မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်း အောင်မြင်လာပြီး  အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်လာပါပြီ။   နိုင်ငံတကာရဲ့   အကောင်းဆုံး အလေ့အထတွေက ဘယ်လိုရှိလဲ၊ စားသုံးသူတွေကို ဘယ်လိုချိတ်ဆက်ပေးမလဲ၊ နိုင်ငံတကာအဆင့်ကို   ဘယ်လိုရောက်အောင် သွားမလဲဆိုတာ    ဒီနေ့အခမ်းအနားမှာ ပြောပြပေးမှာပါ။ အာမခံလုပ်ငန်းရဲ့ တိုးတက် ကောင်းမွန်မှုကို အထောက်အပံ့ကောင်းတွေ ဖြစ်စေမှာပါ''  ဟု  ဒေါက်တာစန္ဒာဦး ကပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, March 23, 2017

ဧပြီလဆန်းပိုင်းမှစတင်၍ တောင်သူလယ်သမားအာမခံ ပြန်လည် ဆောင်ရွက်ပေးမည်



ရန်ကုန် ၊ ၂၃-၃-၂၀၁၇

မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၁၁ ခုတို့ပူးပေါင်း၍ ယခုနှစ် ဧပြီလဆန်းပိုင်းမှ စတင်ကာ နှစ်ပေါင်း ၃ဝ နီးပါး ရပ်ဆိုင်းထားသော တောင်သူ လယ်သမား အာမခံကို ပြန်လည် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

တောင်သူလယ်သမား အာမခံမှာ ၁၉၈ဝ ပြည့်နှစ်မှ စတင်သည့် အာမခံ အမျိုးအစားဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် တောင်သူ လယ်သမား အစည်းအရုံး ဖျက်သိမ်းလိုက် သောကြောင့် ရပ်နားခဲ့ရသည်။ ယခုစတင်မည့် တောင်သူ လယ်သမား အာမခံတွင် အသက် ၆၅ နှစ်မကျော်သည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော မည်သည့် တောင်သူ လယ်သမားမဆို အာမခံထားရှိ နိုင်မည်ဖြစ်သည်။

''အာမခံကြေးကို ဘယ်လို သတ်မှတ်မလဲ ဆိုတာ မတ်လကုန်ပိုင်း လောက် တရားဝင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ကန့်သတ်မှု ဘာမှမရှိသလို စစ်ဆေးစရာ လည်း မလိုပါဘူး။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေမှာရှိတဲ့ အာမခံ ကိုယ်စားလှယ်တွေ ကနေတစ်ဆင့် ကျယ်ပြန့်စွာ ရောင်းချပေး သွားမှာပါ။ တောင်သူလယ်သမား အာမခံက စုပေါင်း အသက်အာမခံနဲ့ ပုံစံတူပါတယ်'' ဟု မြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်း က ပြောသည်။

ယင်းကဲ့သို့ တောင်သူလယ်သမား အာမခံ ထားရှိရခြင်းမှာ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကျန်ရစ်သော မိသားစုများ အနေဖြင့် တောင်သူလယ်သမား အာမခံမှ ရရှိသည့် လျော်ကြေးငွေနှင့် ရင်းနှီးလုပ်ကိုင် သွားနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့် အာမခံ အမျိုးအစားပေါင်း ၄၆ မျိုးခန့် ရှိသော်လည်း လက်ရှိ အာမခံထားရှိမှု များတွင် မီးအာမခံမှာ အများဆုံးဖြစ်ပြီး အသက်အာမခံ ထားရှိမှုမှာ အနည်းဆုံး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Thursday, December 22, 2016

မြန်မာ့အာမခံလုပ်ငန်းက သင်္ဘောသား အသက်အာမခံကို ယူနစ်တိုးပြီး ရောင်းချမည်


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၆

အာမခံလုပ်ငန်း များတွင် ကျန်းမာရေး အာမခံနှင့် ရိုးရိုး အသက်အာမခံ များကို ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးသော်လည်း သင်္ဘောသား အသက်အာမခံ ဝယ်ယူမှုများပြားလျက် ရှိကြောင်း သိရသည်။

သင်္ဘောသား အသက်အာမခံ ဝယ်ယူသူများ၏ တောင်းဆိုမှုကြောင့် ယူနစ်ထပ်မံတိုးကာ ဝယ်ယူခွင့်ရရှိရန် မြန်မာ့အာမခံ လုပ်ငန်းက ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း ထံမှ သိရသည်။

''အရင်က သင်္ဘောသားတစ်ဦးကို တစ်ယူနစ်ပဲ ဝယ်ယူခွင့်ရှိပါတယ်။ လက်ရှိမှာ တစ်ဦးကို လေးယူနစ်အထိ ဝယ်ယူလို့ ရအောင် တင်ပြထားပါတယ်။ မကြာမီ ရောင်းချခွင့် ကျလာတော့မှာပါ။ ယူနစ်တွေ ထပ်တိုးပြီး ဝယ်ယူလို့ ရတာကြောင့် လျော်ကြေးငွေ ရရှိတဲ့အခါမှာလည်း ပမာဏတိုးပြီး ရရှိလာမှာ ဖြစ်ပါတယ်'' ဟု ဦးအေးမင်းသိန်း ကပြောသည်။ 

အဆိုပါသင်္ဘောသား အသက်အာမခံမှာ လက်ရှိတွင် တစ်ယူနစ်လျှင် ငွေကျပ် ၂၅ဝဝဝ ပေးရပြီး အသက်သေဆုံး သွားပါက အာမခံ လျော်ကြေးအဖြစ် ငွေကျပ် သိန်း ၅ဝ ရရှိကာ လက်ရှိ ယူနစ်တိုးပါက လေးယူနစ်လျှင် ငွေကျပ်တစ်သိန်းဖြင့် ဝယ်ယူရမည် ဖြစ်ကာ အာမခံ လျော်ကြေးငွေ အဖြစ် ငွေကျပ် သိန်း ၂ဝဝ ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့အာမခံ လုပ်ငန်းသည် အဆိုပါ သင်္ဘောသား အသက်အာမခံ အား ယူနစ်တိုးပြီး ရောင်းချမည့် အစီအစဉ်ကို ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်သွားရန် စီစဉ် ထားကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်၏ နောက်ပိုင်း ကာလများတွင် မြန်မာ့အာမခံ လုပ်ငန်းမှ တောင်းဆိုမှု ရှိသည့် အာမခံ အမျိုးအစားများကို ယူနစ်များတိုးပြီး ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Thursday, October 6, 2016

BPI ဆေးဝါး အရောင်းကိုယ်စားလှယ်များ စည်းကမ်း ဖောက်ဖျက်ပါက ဘဏ်၌ အာမခံပေးသွင်း ထားသည့်ငွေများကို သိမ်းဆည်းသွားမည်



ရန်ကုန် ၊ ၆-၁၀-၂၀၁၆

ယခုနှစ်အတွင်း BPI ဆေးဝါးဖြန့်ချိ ရောင်းချရန် အရောင်း ကိုယ်စားလှယ် ငါးဦးအား ရွေးချယ်ထားပြီး ယင်း ကိုယ်စားလှယ်များ အနေဖြင့် စက်မှုဝန်ကြီး ဌာန၏ ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ပါက ဘဏ်၌ အာမခံ ပေးသွင်း ထားသည့် ငွေကျပ်သန်း ၁ဝဝ ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင် ထံမှ သိရသည်။

'' BPI က ဆေးဝါးတွေကို ဖြန့်ချိတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဆေးဝါးရဲ့ ဈေးနှုန်းတွေကို အမြတ်အများကြီး တင်ပြီး ရောင်းချလို့ မရပါဘူး။ ၂ ရာခိုင်နှုန်း ကနေ ၅ ရာခိုင်နှုန်း အထိပဲ ခွင့်ပြုထား ပါတယ်။ ဒီလိုမှ မဟုတ်ဘဲစည်းကမ်း ဖောက်ဖျက်တာ တွေရှိလာရင် ပထမအကြိမ် ဖောက်ဖျက်တဲ့ သူကို ခေါ်ယူ သတိပေးမှာ ဖြစ်ပြီး ဒုတိယ အကြိမ်မှာတော့ အာမခံပေးသွင်း ထားတဲ့ ငွေတွေကို သိမ်းဆည်း သွားမှာပါ'' ဟု ဦးကိုကိုလွင် က ပြောသည်။

ယခင်က BPI ဆေးဝါးများ ရောင်းချမှု တွင် ကိုယ်စားလှယ် တစ်ဦးတည်းသာ ရှိသောကြောင့် ဈေးကွက် အတွင်း လိုအပ်ချက်ကို အခွင့်ကောင်း ယူ၍ ဆေးဝါးအတုများ ထုတ်လုပ် ရောင်းချမှုများ ရှိခဲ့သည်။ အဆိုပါ ဆေးဝါးများကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာတွင် BPI ဆေးဝါးအတု တန်ဖိုး ငွေကျပ် သိန်းပေါင်း ၂ဝဝဝဝ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် BPI ဆေးဝါးဖြန့်ချိ ရောင်းချသော ကိုယ်စားလှယ် ငါးဦးကို ရွေးချယ်ထားပြီး ၄င်းတို့မှတစ်ဆင့် ဆေးဝါးများကို ဖြန့်ချိရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းဆေးဝါး ရောင်းချမည့် ကိုယ်စားလှယ် များအား ဘဏ်၌ အာမခံကြေး ငွေကျပ် သန်း ၁ဝဝ ပေးသွင်း ထားစေပြီး ၄င်းတို့ အနေဖြင့် စက်မှုဝန်ကြီးဌာနက ချမှတ်ပေး ထားသော စည်းကမ်းများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၅)

Sunday, August 21, 2016

မီးအာမခံအပြင် ရေကြီးရေလျှံ အာမခံထားရှိမှု ပိုများလာ


ရန်ကုန် ၊ ၂၁-၈-၂၀၁၆

ယခုနှစ်တွင် မီးအာမခံအပြင် ရေကြီးရေလျှံ အာမခံ ထားရှိမှုမှာ ယမန်နှစ်ကထက် ပို၍ အာမခံ ထားလာကြောင်း မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း ထံမှ သိရသည်။

ယခု နောက်ပိုင်းတွင် မီးအာမခံ သာမကဘဲ အလုံးစုံ အာမခံပါ ထားလာကြရာ ရေကြီးရေလျှံ မှုကြောင့် လျော်ကြေးအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အား အများဆုံး ပေးလျော်ရကြောင်း သိရသည်။

''နေရာတိုင်းကလည်း ရေကြီးနေတယ် ဆိုတော့ မီးအာမခံနဲ့ အတူ ရေကြီးရေလျှံ အာမခံအပါအဝင် အလုံးစုံအာမခံ ပါထားမယ်ဆိုရင် စိတ်ပူစရာ မလိုတော့ ဘူးပေါ့။ ရေကျသွားရင်တော့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ဆာဗေးဆင်းပြီး လျော်ကြေးပေး လိုက်ရင် ပြည်သူတွေ အပေါ် ထိရောက်တဲ့ လျော်ကြေးပါပဲ။ အာမခံထားတဲ့ အတွက် နိုင်ငံတော် အတွက်လည်း ဝန်ထုပ်ဝန်ပိုး လျော့သွားမှာပါ''ဟု ဦးအေးမင်းသိန်း က ပြောသည်။

ထို့ပြင် မြန်မာ့အာမခံ ကြီးကြပ်ရေး အဖွဲ့က ဦးဆောင်၍ သီးနှံအာမခံ စနစ်ဖြင့် လျော်ကြေး ပေးနိုင်ရန် စီစဉ်လျက် ရှိသည်။

''သီးနှံဆုံးရှုံးရင် လျော်ကြေးပေးတဲ့ စနစ်ကို မြန်မာ့အာမခံ ကြီးကြပ်ရေး အဖွဲ့က လုပ်သွားမှာပါ။ အဲဒီအတွက် မြန်မာနိုင်ငံမှာ အချက်အလက် နည်းနည်း လိုအပ်နေတဲ့ အတွက် စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ ဒီ အချက်အလက် တွေကို တစ်ခါတည်း လုပ်လို့မရဘူး။ နှစ်ခါလောက် လုပ်မှ အဆင်ပြေတဲ့ အတွက် အချိန်ကတော့ တစ်နှစ်ခွဲလောက် ယူရပါမယ်။ အားလုံး ပြီးသွားရင်တော့ ကျွန်တော်တို့ မြန်မာ့အာမခံ လုပ်ငန်းနဲ့ ပုဂ္ဂလိက အာမခံလုပ်ငန်း တွေပါ ပူးပေါင်းပြီး အကောင်အထည် ဖော် ဆောင်ရွက်သွားမှာ ပါ'' ဟု ဦးအေးမင်းသိန်း က ဆက်လက် ပြောသည်။

ယခု ဘဏ္ဍာနှစ်တွင် ခြောက်လအတွင်း မီးအာမခံ အနေဖြင့် မြန်မာ့အာမခံ လုပ်ငန်းမှ သန်း ၁၃ဝဝ ခန့် လျော်ကြေးငွေ ပေးလျော်ရာတွင် ယင်း လျော်ကြေးငွေ သည် နှစ်စဉ် လျော်ကြေးငွေ ထက် ယခုနှစ်မှာ အများဆုံး လျော်ကြေးပေး ခဲ့ရသည်။ လတ်တလော တွင် မီးအာမခံ အနေဖြင့် မြန်မာ့အာမခံ တစ်ခုတည်း မှသာ လုပ်ဆောင် ပေးလျက်ရှိကာ ယခု နောက်ပိုင်းတွင် မြေငလျင် အတွက်လည်း စိုးရိမ်မှုများ ရှိလာကြသည့် အတွက် ငလျင် အတွက်ပါ အာမခံထား လာကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, March 14, 2016

အလုံးစုံမော်တော်ယာဉ် အာမခံထားရှိသော မော်တော်ယာဉ် စုစုပေါင်း ငါးထောင်ကျော်ရှိ ၊ ထိခိုက်ပျက်စီခဲ့သည့် ယာဉ် ၄၂၉ စီးအတွက် လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၅၀၁ ဒသမ ၆၇ သန်း ပေးလျော်ခဲ့


ရန်ကုန် ၊ ၁၄-၃-၂၀၁၆

သုံးနှစ်တာ ကာလအတွင်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်သည် မော်တော်ယာဉ် အလုံးစုံ အာမခံထားရှိမှု အများဆုံး ဖြစ်ခဲ့ပြီး အာမခံ လျော်ကြေးငွေ အများဆုံး ပေးအပ်ခဲ့ ရသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိသော ယာဉ်များတွင် Used များထက် Brand New များနှင့် အငှားယာဉ်များ အာမခံထားရှိမှု အများဆုံး ဖြစ်ကြောင်း၊ ရန်ကုန်မြို့ အတွင်း မော်တော်ယာဉ် အစီးရေ တိုးပွား လာသည်နှင့်အမျှ ယာဉ် မတော်တဆ မှုများသည်လည်း အများဆုံး ဖြစ်ပွားလျက် ရှိသောကြောင့် အာမခံ ထားရှိမှု သည်လည်း များပြား လာရခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိသည့် ယာဉ်များအနက် ထိခိုက်ပျက်စီး ခဲ့သည့် ယာဉ် ၄၂၉ စီးအတွက် လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၅ဝ၁ ဒသမ ၆၇ သန်း ပြန်လည် ပေးလျော်ခဲ့ ရကြောင်း၊ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိမှု များလာစေရန် ယာဉ်ပိုင်ရှင် များကို တိုက်တွန်း နှိုးဆော်နေပြီး အာမခံလုပ်ငန်း တိုးတက် လာရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်း မော်တော်ယာဉ် အလုံးစုံ အာမခံစတင် ဆောင်ရွက်သည့် နှစ်ကစပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း အလုံးစုံ မော်တော်ယာဉ် အာမခံကြေးငွေ ပေးအပ်မှုများ ခဲ့ကြောင်း၊ မြန်မာ့အာမခံ လုပ်ငန်းသည် ပြည်တွင်း အာမခံ ထားရှိမှု တိုးတက်ရေး အတွက် ၂ဝ၁၃ ခုနှစ်ကစတင်၍ ပုဂ္ဂလိက အသွင် ကူးပြောင်းရေး လုပ်ဆောင်ခဲ့ရာ ယခုနောက်ပိုင်း နှစ်များတွင် တိုးတက်မှု ရှိလာခဲ့ကြောင်း၊ အများပြည်သူ အနေဖြင့် ယခင်က အာမခံ ထားရှိနိုင်ရန် သိရှိမှု နည်းပါးသည့် အတွက် ထိရောက်သော တိုးတက်မှု မရှိခဲ့ကြောင်း၊ ထို့အတွက် နိုင်ငံတကာ နည်းတူ အာမခံ လုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ထားရှိနိုင်သော အာမခံ အမျိုးအစား များကိုလည်း တိုးမြှင့်ထားရှိခွင့် ပေးခဲ့ကြောင်း သိရသည်။

အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသည့် မော်တော်ယာဉ်များ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကြောင့်သော် လည်းကောင်း၊ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သော် လည်းကောင်း အထောက်အထား ခိုင်လုံမှု ရှိသည်နှင့် လျော်ကြေးငွေ ပေးအပ်လျက် ရှိကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ယခု မတ်လဒုတိယပတ် အထိ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသော မော်တော်ယာဉ် စုစုပေါင်း ငါးထောင်ကျော် ရှိသည့်အနက် အာမခံ လျော်ကြေးငွေ ရရှိသော ယာဉ်အစီးရေ လေးရာကျော် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, November 5, 2015

ရေလမ်းသွား ခရီးသည်များ အသက်အာမခံကြေး ထားနိုင်ရန် ရေယာဉ်အသင်းများက ဆောင်ရွက်ပေးရန် လိုအပ်နေ


မုံရွာ ၊ ၅-၁၁-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်း အတိုင်း အထက်အညာ ဒေသသို့ နေ့စဉ် ပြေးဆွဲပေးလျက် ရှိသော ခရီးသည်တင် အမြန်ရေယာဉ် များဖြင့် စီးနင်း လိုက်ပါလျက် ရှိသော ရေလမ်း ခရီးသွား ခရီးသည်များသည် ရေယာဉ် အန္တရာယ် ဖြစ်ပွားခဲ့ပါက ခရီးသွား အသက်အာမခံကြေး မထားရှိသည့် အတွက် နစ်နာ ဆုံးရှုံးလျက် ရှိသည်။ ထို့ကြောင့် ခရီးသည် သယ်ယူ ပို့ဆောင်ရေး ရေယာဉ်အသင်း များက ခရီးသည်များ၏ ခရီးသွား အသက် အာမခံကြေးများ ထားရှိ သွားလာနိုင်ရန် ဆောင်ရွက်ပေး သင့်ကြောင်း မုံရွာမြို့ခံ မြို့မိ မြို့ဖတစ်ဦးက ပြောပြသည်။

''ဧည့်ကြိုတွေကို ခရီးသည် တစ်ယောက် ငွေနှစ်ထောင် ဝန်ဆောင်ခ ပြန်ပေးမယ့် အစား အဲဒီခရီးသည် အတွက် ခရီးသွား အသက် အာမခံကြေး ထားပေး လိုက်မယ်ဆိုရင် ရေယာဉ်အသင်း အတွက်လဲ ကောင်းတဲ့အပြင် ခရီးသည် အတွက်လဲ အကျိုးရှိ ပါမယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ရေယာဉ်စီး ခရီးသည် များသည် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်တွင် နေထိုင်ကြသည့် ဒေသခံ ပြည်သူများ ဖြစ်ကြသည်။ ၄င်းဒေသ များသည် ရေလမ်း တစ်ခုတည်းသာ အဓိက အားထား သွားလာရသော ဒေသ များဖြစ်သည်။ ထို့ပြင် ရေယာဉ်စီး ခရီးသည် နေ့စဉ် အများအပြား ရှိသော်လည်း ခရီးသွား အသက် အာမခံကြေး ထားရှိခြင်း မရှိသည့် အတွက် ရေယာဉ် အန္တရာယ် ဖြစ်ပေါ်လာပါက အသက်ဆုံးရှုံး ရသည့်အပြင် ကျန်ရစ်သူ မိသားစုဝင်များ အတွက်ပါ နစ်နာဆုံးရှုံး ကြရသည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်း ခရီးသည် သယ်ယူ ပို့ဆောင်ရေး အမြန်ရေယာဉ် ပြေးဆွဲရေး ဂိတ်အသင်းများက ခရီးသွား ပြည်သူများ အတွက် ခရီးသွား အသက် အာမခံကြေး ထားရှိပေးရန် လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ (၁၅၄)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

Friday, September 11, 2015

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါးနေပြီး အာမခံထားရှိမှုမှာ နိုင်ငံလူဦးရေ၏ ၁၆ ရာခိုင်နှုန်းသာရှိ



မန္တလေး ၊ ၁၁-၉-၂၀၁၅

အာမခံလုပ်ငန်း များနှင့် ပတ်သက်၍ အနောက်နိုင်ငံ များတွင် အာမခံထားရှိသူ၆ဝ ရာခိုင်နှုန်းကျော် ရှိသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံ လူဦးရေ၏ ၁၆ ရာခိုင်နှုန်း ခန့်သာရှိသဖြင့် အာမခံနှင့် ပတ်သက်၍ စိတ်ဝင်စားမှု နည်းနေပြီး ဂဃနဏ သိရှိသူ နည်းပါး နေသေးကြောင်း အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း (IKBZ) Marketing Manager ဦးမျိုးသန့်ဇော် ၏ ပြောပြချက်အရ သိရသည်။

အာမခံနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် သက်တမ်း နှစ်ပေါင်း ၅ဝဝဝ ခန့်ကြာမြင့်ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာမခံ လုပ်ငန်းမှာ အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲအပြီး ကိုလိုနီစစ်သား များ၏ အသက် အာမခံထားရာမှ အာမခံ ကုမ္ပဏီများ၊ လုပ်ငန်းများ စတင် ပေါ်ပေါက်ခဲ့ကြောင်း၊ လက်ရှိ အခြေအနေ အရ ပုဂ္ဂလိက အာမခံ သက်တမ်းမှာ နှစ်နှစ်ရှိပြီဖြစ်ပြီး ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခု ဖွင့်လှစ် ထားကြောင်း သိရသည်။

အာမခံ ထားခြင်းသည် ရှိပြီးပစ္စည်း၊ စည်းစိမ်ဥစ္စာကို တိုးတက်အောင် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသော်လည်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု များကို အာမခံထား ခြင်းဖြင့် မပျောက်မပျက် အောင် ကာကွယ်ထား နိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသည် အာမခံကို မဖြစ်မနေ ထားရှိရန် လိုအပ်ကြောင်း သိရသည်။

ယခုအခါ IKBZ မှ ကုန်စည် ပို့ဆောင်ရေး အာမခံကို တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း၌ ကုန်ပစ္စည်းများ တစ်နေရာမှ တစ်နေရာသို့ သယ်ယူသည့် ခရီးစဉ်တွင် တစ်ခေါက်အတွက် အာမခံ ထားရှိခြင်း ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများ တင်ဆောင်သည့် ယာဉ်သည် သဘာဝ ဘေးအန္တရာယ် ကြောင့်သော် လည်းကောင်း၊ မတော်တဆ ထိခိုက်မိ၍ သော် လည်းကောင်း ၊ မီးလောင်၍သော် လည်းကောင်း၊ သယ်ယူ ပို့ဆောင်သည့် ယာဉ်လုံးဝ ဆုံးရှုံးသွား၍ ကုန်ပစ္စည်းများ ပျက်စီးသွားသည့် ဆုံးရှုံးမှုကို ပေးလျော်သည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, August 19, 2015

အိမ်စီးဇိမ်ခံကားများ အလုံးစုံအာမခံ မထားခဲ့ခြင်းကြောင့် အာမခံလျော်ကြေး မရခဲ့



ပွင့်ဖြူ ၊ ၁၉-၈-၂၀၁၅

မကွေးတိုင်း ဒေသကြီး အတွင်းရှိ ပြည်သူများ အနေဖြင့် တန်ဖိုးရှိ ပစ္စည်းများကို အာမခံ ထားရှိပါက အကျိုးရှိကြောင်း လူသိနည်း နေပြီး ရေဘေးသင့် ဒေသများမှ ဇိမ်ခံ ကားများသည် အလုံးစုံ အာမခံ မထားဘဲ သူတစ်ပါး ထိခိုက်မှု အာမခံသာ ထားရှိ ခဲ့သောကြောင့် အာမခံ လျော်ကြေး တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း မကွေးတိုင်း ဒေသကြီး မြန်မာ့ အာမခံ လုပ်ငန်းမှ တိုင်းဒေသကြီး တာဝန်ခံ ဖြစ်သူ ဦးကျော်မျိုးဆွေ က ပြောကြား သည်။

မုန်းချောင်း ရေကြီးရေလျှံမှု ကြောင့် ပွင့်ဖြူမြို့ပေါ်မှ ဇိမ်ခံ မော်တော်ယာဉ် ၇၈ စီးခန့် ရေနစ်မြုပ်ခြင်း ခံခဲ့ရပြီး မော်တော်ယာဉ် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေနစ်မြုပ်ခံ ခဲ့ရသော အိမ်စီးဇိမ်ခံ မော်တော်ယာဉ် များသည် သူတစ်ပါး ထိခိုက်မှု အာမခံသာ ထားသောကြောင့် ကားတိုက်မှု ဖြစ်၍ သူတစ်ပါး သေဆုံးသွား မှသာ ငါးသိန်း လျော်ပေးပြီး ယခုကဲ့သို့ ရေနစ်မြုပ် ပျက်စီးမှုများ အတွက် လျော်ကြေး မရခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော့် ကားက ဝယ်တာ လေးလပဲ ရှိသေးတာပါ။ အခု ကားမောင်းလို့ လုံးဝ မရတော့ဘူး။ ကိုယ်က လေဖြတ်နေလို့ ဟိုနား၊ ဒီနား သွားဖို့ ကားဝယ်တာ အခုတော့ ရေနစ်မြုပ်လို့ မြို့ကြီး တွေမှာ သွားပြင် ရအုံးမှာပါ။ ကားထဲက နွံတွေကို သုံးရက်လောက် ဆေးကြော ရတယ်''ဟု ပွင့်ဖြူမြို့မှ Honda Fit ကားပိုင်ရှင် တစ်ဦးက ပြောပြသည်။ (ပုံ)

မြန်မာ့အာမခံ လုပ်ငန်းတွင် မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် များကို အလုံးစုံ အာမခံ ထားပါက အကြောင်း အမျိုးမျိုးကြောင့် ထိခိုက် သွားမှုများ အတွက် လျော်ကြေးငွေ ရရှိနိုင်ပြီး အများစုသည် အလုံးစုံ အာမခံ မထားသေးဘဲ သူတစ်ပါး ထိခိုက်မှု အာမခံသာ ထားရှိ သောကြောင့် ယခုကဲ့သို့ လျော်ကြေး တစ်စုံတစ်ရာ မရရှိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အလုံးစုံ အာမခံ ထားသူများကို မြန်မာ့အာမခံ လုပ်ငန်း အနေဖြင့် မိမိ အိမ်ရှေ့တွင် ကားရပ်နား ထားသည့်တိုင် သစ်ကိုင်း ကျိုးကျမှုကြောင့် ပျက်စီးသွား ပါကလည်း လျော်ကြေး ပေးနေကြောင်း သိရသည်။

စောကျော်ဝင်း (စလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

Monday, July 13, 2015

ကျန်းမာရေး စောင့်ရှောက်မှုအာမခံစနစ် စတင်ရောင်းချသည့် ဇူလိုင် ၁ ရက်မှစ၍ ရက်သတ္တပတ်အတွင် ၀ယ်ယူသူဦးရေ ၁၅၀၀ ကျော်ရှိ



ရန်ကုန် ၊ ၁၃-၇-၂၀၁၅

ကျန်းမာရေး စောင့်ရှောက်မှု အာမခံ စနစ်အား ပုဂ္ဂလိက ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်း များက အဓိက စိတ်ဝင်စားမှု ရှိကာ စတင် ရောင်းချသည့် ဇူလိုင် ၁ ရက်မှစ၍ ရက်သတ္တပတ် အတွင်း ဝယ်ယူသူ ဦးရေ ၁၅ဝဝ ကျော် ရှိကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိမ်း က ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှု အာမခံကို ဇူလိုင် ၁ ရက်မှ စတင် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ယင်းအာမခံ ၁ ယူနစ်လျှင် ငွေကျပ် ၅ဝဝဝဝ ဖြင့် ရောင်းချခြင်း ဖြစ်သည်။ လူတစ်ဦးလျှင် ၅ ယူနစ်အထိ ဝယ်ယူ နိုင်ကြောင်း သိရသည်။ အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု အာမခံ စနစ်အား လူလတ် တန်းစားများ ဝယ်ယူနိုင်ရန် ရည်ရွယ်လျက် ရောင်းချခဲ့ခြင်း ဖြစ်ကြာင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု အာမခံစနစ်ကို ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှ ဝန်ထမ်းများ ဝယ်ယူမှုများ ပြားပြီး စိတ်ဝင်စားမှု များရှိကြောင်း နှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား အသက် ခြောက်နှစ်မှ ၁၈ နှစ်အတွင်းရှိ သူများ အနေဖြင့် အုပ်ထိန်းသူ များမှတစ်ဆင့် ဝယ်နိုင်ကြောင်း IKBZ အာမခံ လုပ်ငန်း မှ သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု အာမခံစနစ်တွင် ရောဂါ လက္ခဏာ ရှိသူများ၊ စိတ်ရောဂါ ဝေဒနာရှင်များ၊ သား၊ သမီးရလိုမှုဖြင့် ဆေးဝါးကုသမှု ခံယူနေသူများ၊ မတော်တဆ ကြောင့် မဟုတ်ဘဲ သွားထိခိုက် သူများ၊ အလှအပ အတွက် ခွဲစိတ်ပြုပြင် သူများ၊ မူးယစ်ဆေးဝါး ကြောင့် ထိခိုက်သူများ၊ AIDS ကြောင့် ဆေးကုသ ခံရသူများ၊ အကြမ်းဖက် ကိစ္စရပ်များ အတွင်း ထိခိုက်ဒဏ်ရာ ရသူများ အကျုံးမဝင် ကြောင်း သိရသည်။ ကျန်းမာရေး စောင့်ရှောက်မှု အာမခံ စနစ်တွင် ကျန်းမာရေး ချို့ယွင်း၍ အသက် သေဆုံးသွား ပါက ၁ ယူနစ်လျှင် ငွေကျပ် ၁ဝ သိန်းရရှိမည် ဖြစ်ကာ ဆေးရုံတက် ကုသချိန်တွင် အသက် သေဆုံးပါက ရက် ၃ဝ စာ ငွေကျပ် လေးသိန်းခွဲ နှင့် ကျန်ငွေ စုစုပေါင်း ငွေကျပ် ၁ဝ သိန်း ရရှိမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

လက်ရှိတွင် မြန်မာ့ အာမခံ လုပ်ငန်းမှ အာမခံ အမျိုးအစားပေါင်း ၄၈ မျိုးခန့်ကို ရောင်းချပေး နေပြီး ယခင်က ပုဂ္ဂလိက အာမခံ လုပ်ငန်း များသို့ အာမခံ လုပ်ပိုင်ခွင့် ခြောက်မျိုးသာ ပေးခဲ့ရာမှ ယခုအခါ ရှစ်မျိုးအထိ တိုးမြှင့်ပေး ထားပြီး ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။ (၄၄၇)

#Themyawadydaily

Monday, May 18, 2015

သင်္ဘောသား အသက်အာမခံကို လေးယူနစ်အထိ ထားနိုင်ရန် လုပ်ဆောင်သွားမည်


ရန်ကုန် ၊ ၁၈-၅-၂၀၁၅

မြန်မာ့အာမခံ လုပ်ငန်းသည် သင်္ဘောသား များ၏ တောင်းဆိုမှုကြောင့် သင်္ဘောသား အသက်အာမခံကို တစ်ယူနစ်သာ လက်ခံရာမှ အနာဂတ်တွင် လေးယူနစ် အထိ တိုးချဲ့လက်ခံ သွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း က ပြောသည်။

''သင်္ဘောသား တွေက ခဏခဏ လာပြောကြတယ်။ တစ်ယူနစ်တည်း လက်ခံတာထက် ယူနစ်တွေ တိုးပြီး ပို လက်ခံပါလို့ ပြောကြတယ်။ ကျွန်တော်တို့ မြန်မာ့ အာမခံ လုပ်ငန်းကလည်း သင်္ဘောသား အသက် အာမခံကို ယူနစ်တွေ တိုးပြီး လက်ခံဖို့ ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာ့ အာမခံ လုပ်ငန်းက သင်္ဘောသား အသက်အာမခံကို လေးယူနစ် အထိ လက်ခံသွားမှာပါ ''ဟု ၄င်းက ပြောသည်။

မြန်မာ့အာမခံ လုပ်ငန်းသည် လက်ရှိတွင် သင်္ဘောသား အသက်အာမခံ လျော်ကြေး ပြန်ပေးသည့် အခါတွင် တစ်ယူနစ်လျှင် မြန်မာငွေကျပ် သိန်း ၅ဝ လျော်ကြေး ပေးခြင်းကြောင့် လေးယူနစ် လက်ခံလျှင် အာမခံ လျော်ကြေး အနေဖြင့် မြန်မာငွေကျပ် သိန်း ၂ဝဝ ကို အာမခံ လျော်ကြေး အဖြစ် ပေးသွားမည် ဖြစ်သည်။

မြန်မာ့အာမခံ လုပ်ငန်းမှ သင်္ဘောသား အသက် အာမခံကို လေးယူနစ် အထိ တိုးမြှင့်လက်ခံ လိုက်သည့် အချိန်တွင် ယခင်က အာမခံကြေး အဖြစ် တစ်ယူနစ်လျှင် မြန်မာငွေကျပ် နှစ်သောင်း ငါးထောင် ယူရာမှ ထပ်တိုး လက်ခံသည့် အချိန်တွင် အသက် အာမခံကြေး အဖြစ် လေးယူနစ်စာ မြန်မာငွေကျပ် တစ်သိန်း ယူမည် ဖြစ်သည်။

မြန်မာ့အာမခံ လုပ်ငန်း အနေဖြင့် သင်္ဘောသား အသက်အာမခံကို ယူနစ် ထပ်တိုးပြီး လက်ခံလိုက်လျှင် သင်္ဘောသားများ အနေဖြင့် သင်္ဘောသား အသက်အာမခံ ကြေးကို ပိုထားမည်ဟု မှန်းထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ သင်္ဘောသား ဦးရေ တစ်သိန်းကျော် ရှိရာတွင် သင်္ဘောသား အသက်အာမခံ ထားသည့် ဦးရေမှာ ရှစ်သောင်းကျော်သာ ရှိကြောင်း သိရသည်။ သင်္ဘောသား တချို့သည် မြန်မာ့အာမခံ လုပ်ငန်းမှ ပေးသည့် သင်္ဘောသား အသက်အာမခံ လျော်ကြေးငွေမှာ နည်းသောကြောင့် ပြည်ပနိုင်ငံ များ၌သာ အသက်အာမခံ ထားရှိမှုများလည်း ရှိကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

Thursday, December 11, 2014

၂ဝ၁၅ ခုနှစ်တွင် ရောင်းချမည့် ကျန်းမာရေး အာမခံကို အနည်းဆုံး တစ်ယူနစ်မှ ငါးယူနစ်အထိ ဝယ်ယူနိုင်


ရန်ကုန် ၊ ၁၁-၁၂-၂ဝ၁၄

၂ဝ၁၅ ခုနှစ်တွင် ရောင်းချမည့် ကျန်းမာရေး အာမခံကို အနည်းဆုံး တစ်ယူနစ်မှ အများဆုံး ငါးယူနစ်အထိ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ကျန်းမာရေး အာမခံသည် အာမခံ အမျိုးအစားသစ် တစ်ခုဖြစ်ပြီး အဆိုပါ အာမခံ တစ်ယူနစ်အတွက် ကျသင့်သည့် ပရီမီယံကြေး ကို တစ်နှစ်အတွက် ငွေကျပ် ငါးသောင်း သတ်မှတ် လိုက်ကြောင်း သိရသည်။ ယင်း နှုန်းထားသည် နိုင်ငံတကာ နည်းတူ အသက်သာဆုံး နှုန်းထား ဖြစ်စေရန် ဆောင်ရွက် ထားခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျန်းမာရေး အာမခံများကို စမ်းသပ် ကာလအဖြစ် တစ်နှစ် သတ်မှတ်ထားပြီး ၂ဝ၁၅ ခုနှစ် အစောပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

ကျန်းမာရေး အာမခံတွင် အာမခံ ထားရှိသူများ အတွက် ခံစားခွင့်များ အနေဖြင့် ဆေးရုံ တက်ခြင်းကြောင့် ဆေးကုသစရိတ် အဖြစ် တစ်ရက်လျှင် ငွေကျပ် တစ်သောင်းခွဲ နှင့် ရက်ပေါင်း ၃ဝ အထိ ခံစားခွင့် ရရှိမည်
ဖြစ်ပြီး၊ မတော်တဆ ထိခိုက်မှု အတွက် သေဆုံးခြင်းကို ငွေကျပ် ၁ဝ သိန်းအထိ အများဆုံး ခံစားခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

အာမခံ ထားရှိသူများ အတွက် ဆေးရုံတက် စရိတ်၊ ခွဲစိတ်ကုသမှု စရိတ်၊ ဆေးဝါး ကုန်ကျစရိတ် များကို ပေးအပ်သွားမည် ဖြစ်၍ ဝယ်ယူသည့်ယူနစ် အလိုက် ခံစားခွင့် ပိုမို ရရှိနိုင်ကြောင်း သိရသည်။ အမျိုးအစားသစ် တစ်ခုဖြစ်သည့် ကျန်းမာရေး အာမခံကို ရန်ကုန်နှင့် မန္တလေး မြို့ကြီးတို့၌ စတင်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger